Friday 18 December 2009

နောက်ကြည့်မှန်ကို ရှေ့ထားကြည့်မိခြင်း ...



                          သူငယ်ချင်း K က စာအုပ်တစ်အုပ် ရှဲ လိုက်တာ … ကိုယ်တိုင်လဲ ခုရက်မအားနေတာနဲ့ ဒေါင်းထားပြီး မဖတ်ဖြစ်နေတာ .. စိတ်ထဲမှာတော့ ဖတ်ချင်တဲ့ ဆန္ဒရှိနေခဲ့တယ် … ကိုယ့်ရဲ့ ဆိုက်ကိုလို့ ပြောရမလားပဲ … စာအုပ်တွေ ဖတ်ချင်လို့ ဒေါင်းထားတာတွေ အများကြီး ရှိခဲ့ပေမဲ့ ဖတ်ပြီးတာတွေ ရှိသလို လက်စမသတ် နေတာတွေလဲ အများကြီး … ဘာလို့ဆို ကိုယ်ကအချိန်ပေးပြီး မဖတ်နိုင်တာတစ်ကြောင်း ၊ screen ပေါ်မှာ ဖတ်ရတာ လက်ထဲမှာ စာအုပ်ကိုင်ပြီး ဖတ်ရသလောက် အရသာမရှိတာက တစ်ကြောင်းနဲ့ စာအုပ်ဆိုတော့ ရတဲ့အချိန်လေး ကောက်ကိုင်ပြီး ဖတ်လိုက် ဆိုတော့ ဖတ်ဖြစ်တယ် .. အဲလိုနဲ့ ဖတ်ချင်တဲ့ စာအုပ်ရှိရင် ရန်ကုန်လူကြုံ ရှိတိုင်း မှာရတာ အလုပ်တစ်ခု … ခုလဲ အဲလိုပါ … ကိုယ့်ဘာသာမအားရတာနဲ့ စာအုပ်ကလေးကိုင်ပြီး ဇိမ်နဲ့ ဖတ်ချင်ရတာနဲ့ ပေါင်းပြီး ဒေါင်းထားပြီး မဖတ်ဖြစ်သေးတာ ..ဖတ်မိတော့ လက်က မချနိုင် (အော..မှားလို့ ) မျက်စိက မခွာနိုင် ဖြစ်သွားတယ် … နိုင်ငံရေးဆန်ဆန်ရေးမယ်  ထင် ထားတာ … စာအုပ်ကို .. ဒါပေမဲ့ ဖတ်လိုက်တော့မဟုတ်ပဲ သူ့အရေးအသားမှာ သဘာဝလေးတွေရော ရသလေး တွေရော ရောပြီး ချပြသွားတာ … ထင်ထားတာထက် ဖတ်လို့ အရမ်းကောင်း နေ ခဲ့တယ် …

                          ကျေးဇူးပါ သူငယ်ချင်း “K” … မဆုမွန်ဆိုဒ်မှာ မှာဝယ်လို့ရကြောင်း တစ်ခါ ဖတ်မိတော့ အစောကတည်းက မှာချင်နေခဲ့တာ … စာအုပ်ဖတ်နေရင်းနဲ့ ခုတလောလေးပဲ အဓိပ္ပါယ်တိတိကျကျ မသိတဲ့ စကားပုံလေးကို ပြောနေကြအတိုင်း ပြောမိတာ .. အဲဒီစာအုပ်ထဲမှာ ပါတော့မှ ကိုယ့်ဘာသာ ရယ်ချင်မိတယ် …

                         ဒီရက်ထဲပဲ ဘလော့ဂ်ပေါ်က မောင်ငယ်တစ်ယောက်နဲ့ စီဘောက်စ်မှာ ပြောရင်းနဲ့ ခင်ရာက နားလည်ခွင့်လွှတ်လို့ရတဲ့ လိမ်ခြင်းတစ်မျိုးနဲ့ ကိုယ့်ကို လိမ်ထားခဲ့တာ အမှတ်တမဲ့ မရည်ရွယ်ပဲ သိလိုက်တဲ့ တစ်ရက်မှာ (သူပေးလာတဲ့ အကြောင်းပြချက်က သိပ်ခိုင်လုံနေတာရယ် … ကိုယ့်ကို ရည်ရွယ်ပြီး လိမ်ထားတာ မဟုတ်ပဲ သူ့အကြောင်းနဲ့ သူလိမ်ရတာဆိုတော့ ကိုယ်က နားလည်ခွင့်လွှတ်နိုင်တဲ့ အနေအထားလဲ ရှိတာမို့ ခေါက်ထားဖို့ စဉ်းစားလိုက်တယ် .. အဲဒီကိစ္စကို (ဒါပေမဲ့ လူဆိုတော့ သိတယ်မို့လား … ကိုယ်ခံရကလှည့်ဆိုတော့ နဲနဲတော့ အစာမကြေဘူးပေါ့ ..) အဲဒါနဲ့ မေးလ်ပို့ဖြစ်တယ် … { စိတ်မဆိုးပေမဲ့ ကျွဲမြီးတိုနေတဲ့ အကြောင်းကို (စိတ်မဆိုးဘူး ဆိုသော်ငြားလဲ ကျွဲမြီးတိုတဲ့ လေသံလားမသိ ..) အဟက် .. ကိုယ့်ကိုယ်ကို ပြန်စမ်းကြည့်နေမိပြီ .. (တိုဖို့ အမြီးမပေါက်သေးတာတော့ အမှန်ပါတဲ့ ..) ဆိုပြီး အစာမကြေတာလဲ သိစေချင် တကယ်ကြီးလဲ စိတ်ဆိုးတာ မဟုတ်ခဲ့ဘူးဆိုတာကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် အဲဒီစကားပုံလေး သုံးရင်း ရေးမိတယ် ... တကယ်လဲ ကိုယ်က စဉ်းစားကြည့်တော့ စိတ်ဆိုးစရာ အကြောင်းလဲ ဟုတ်မနေခဲ့တော့လေ … သုံးလိုက်တဲ့ စကားပုံကြားဖူးနေကျ သုံးရမဲ့နေရာမို့သာ သုံးလိုက် တယ် … အဓိပ္ပါယ်တိတိကျကျ သိမနေခဲ့ဘူး …( ၀န်ခံတာပါ … မြန်မာစာကျွမ်းကြောင်း ကြွားထားမိတဲ့ သယ်ရင်း တစ်ယောက်ကိုလဲ ခပ်ရှက်ရှက်နဲ့ ပြေးမြင်ယောင်မိသေး..)

                       အဲဒီစာအုပ် ဖတ်လိုက်မှ သိတာ .. “ တစ်ခါက လယ်ကူလီ တစ်ယောက်က ကျွဲ နှစ်ကောင်နဲ့ လယ်ထွန်နေခဲ့တယ် တဲ့ ... အဲဒါနေ့လည် ထမင်း ပို့ချိန်ကျော်လာတဲ့ အထိ ထမင်းလာမပို့တော့ သူလဲဆာနေပြီး ဘာမှလဲ စားစရာက လဲ မရှိနေတော့ ကျွဲ အမြီးဖြတ်ပြီး မီးဖုတ်စားလိုက်တယ်တဲ့ ...စားပြီးမှ လယ်ပိုင်ရှင် ထမင်းထုပ်နဲ့ ရောက်လာပြီး ဗိုက်ဆာလို့ စိတ်ဆိုးနေပြီလား ဆိုတော့ လယ်ကူလီက အေးဆေးပဲ ပြန်ဖြေပါတယ် .. စိတ်မဆိုးပါဘူး ..ကျွဲမြီးတော့ နဲနဲတိုသွားတယ်တဲ့ ...” (သူ့မူရင်းက ဒီက လာတာကိုး ဆိုပြီး ဖတ်ပြီး ရယ်မိပါတယ် ...)

                         နောက်တစ်ခု သဘောကျတာလေးလဲ ဖတ်ရတယ် ... ဇာတ်ကောင်က တောရွာလေး တစ်ရွာမှာ ဇာတ်မြှုပ်လာနေရတော့ ဖတ်စရာစာအုပ် မရှိလေတော့ သူနေတဲ့ ဘုန်းကြီးကျောင်း က ဘုန်းကြီးရဲ့ မှန်ဘီရိုထဲရှိတဲ့ ဓမ္မကျမ်းထူထူကြီးများကျတော့လဲ ဖတ်ဖို့ရာကျ ပြန်တော့ ဉာဏ်မမီဘူး လျှောက်လေတော့ ဘုန်းကြီးက ဒါမဆန်းပါဘူးတဲ့ ... လောကုတ္တရာကို လောကီပျော်တစ်ယောက်က စူးစမ်းဖို့ ၀န်လေးတာသဘာဝပဲတဲ့ ... မစင်ထဲမှာ လောက်ဟာပျော်တယ်တဲ့ ... ရွှေပန်းကန်ပေါ် ရေဆေးပြီး တင်ရင် သူသေမှာဆိုပြီး မိန့်တယ်တဲ့ ... (ကိုယ့်လိုပေါ့ ..ဆိုပြီး တွေးမိလို့ပါ ...း)

                          နောက်တစ်ခု ဇာတ်ကောင် မိန်းကလေး ဒန့်သလွန်သီးတွေ သယ်လာတာမြင်တော့ စာရေးဆရာသော်တာဆွေ တစ်ယောက် ဒန့်သလွန်သီးတွေ ရောင်းတဲ့ အဖြစ်ရေးတာဖတ်ဖူးလား ဆိုပြီး ဇာတ်ကောင်ယောက်ကျားလေးက ပြောပြတာလေး သဘောကျမိသေး ... အဲဒါလည်ရောင်းလေတော့ သူ့အိမ်ဘေးက မိန်းမတစ်ယောက်က မေးဝယ်တယ်တဲ့ ... ဥပမာ တစ်ကျပ်ဖိုးလေးတောင့်ဆိုပါတော့ ... အဲဒီမိန်းမက ကိုဆွေရယ် အချင်းချင်းတွေပဲ မရဘူး ငါးတောင့်ထားဆိုတော့ အားနာလို့ ယူပါပေါ့ ... နောက်တစ်ယောက် ခေါ်ဝယ်တော့လဲ ကဲ ဟိုတစ်ယောက်ကတော့ လေးတောင့်ဆိုတာကို ငါးတောင့် ရအောင် ဆစ်ဝယ်သွားတော့ ခင်ဗျားလဲ ယူလိုက်ငါးတောင့်ပဲဆိုပြန်တော့ ဟာ .. ဘယ်ရမလဲ ကျွန်မတို့ ဒါလောက်ခင်တာ ခြောက်တောင့် ပေးရမယ်ဆိုပြီး အနိုင် ကျင့်လေတော့ ပေးခဲ့ရပြန်ရော .. အဲလိုနဲ့ နောက်တစ်ယောက်ကျတော့ ခုနစ် တောင့်ပေးရမယ်ဆိုပြီး ဖြစ်ပြန်ရော ... နောက်ထပ်တစ်ယောက် ကျပြန်တော့လဲ ရှစ်တောင့်ပေးရမယ်ဆိုပြီး အနိုင်ကျင့်ပြန်လေတော့ သူတို့ကျေနပ်အောင် ပေးခဲ့ ရပြန်ရော ... အဲဒါကိုမှ ဇာတ်သိမ်းလိုက်တော့ ရှစ်တောင့်မရလို့ မကျေနပ်တဲ့သူနဲ့ ခြောက်တောင့်ရတဲ့လူကလဲ ခုနစ်တောင့်မရလို့ မကျေနပ်နဲ့ ၀ိုင်းပြီးရန်တွေခံရ သတဲ့ ... သူ့မှာလဲ အားလုံးကျေနပ်တဲ့နှုန်းနဲ့ ကျေနပ်အောင် ရောင်းခဲ့ပေးပါလျှက် နဲ့ လူသဘာဝ မကျေနပ်နိုင်ကြတာလေးကို ထည့်ရေးထားတာ ...

                      နောက်တစ်ခု သဘောအကျဆုံးနဲ့ ကိုယ်နဲ့ အကိုက်ညီဆုံး ဥပမာလေးတစ်ခုလဲ ဖတ်ရတယ် ... တစ်ခါကမျောက်တစ်ကောင်ဟာ တောရကျောင်းနားမှာ နေရင်း တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ပါးစပ်က ဒုက္ခ ၊ ဒုက္ခ လို့ ရေရွတ်နေတာ နားမလည်နိုင်လို့ ဘုန်းကြီးကို သွားမေး လျှောက်တယ်တဲ့ ... ဘုန်းကြီးက မျောက်နားလည်အောင်ပြောရမှာ ဆို တော့ကာ ကဲ နောက်နေ့ လာခဲ့ဆိုပြီး ချိန်းလိုက်ပြီး ဂုံနီအိတ် တစ်လုံးထဲ အစာ မကျွေးပဲ ခွေးဆိုးတစ်ကောင် ထည့်ချည်ထားလိုက် တယ်တဲ့ ... နောက်နေ့ မျောက် ရောက်လာတော့ မင်းသိချင်တဲ့ ဒုက္ခ ဒီအိတ်ထဲမှာ ရှိတယ် ... ဒါပေမဲ့ ဒါကို သစ်ပင် မရှိတဲ့ ကွင်းပြင်ထဲကျမှ ဖွင့်ကြည့်လို့ မှာလိုက်လေတော့ မျောက်လဲ အိတ်ကြီးကို မနိုင်မနင်း ဒရွတ်တိုက်ဆွဲပြီး သယ်သွားတယ်တဲ့ ... အထဲက ခွေးဘယ်လောက် ဒေါသတွေ ထွက်နေမလဲ ဆိုတာ နဲ့ ကွင်းပြင်ထဲရောက်လို့ ဖွင့်ကြည့်လိုက်တော့ ထွက်လာတဲ့ ခွေးနာ နဲ့ ပြေးတက်စရာ သစ်ပင်မရှိတဲ့ မျောက်အဖြစ်ကို တွေးကြည့် တာနဲ့ တွေးစရာတွေလဲ အများကြီး ကျန်ခဲ့တယ် ... (တစ်ခါတစ်လေ လူတွေက ကိုယ်တိုင်အပါအ၀င်ပေါ့ မျောက်လိုပဲ ဒုက္ခကို ရှာဖွေပြီး သိချင်တဲ့ သဘောလေးတွေလဲ ရှိကြတာ ဆိုတော့လေ ...)

                         စာအုပ်အစမှာ သဘာဝတရားလေးတွေနဲ့ ဥပမာ ပေးပြီး ဇာတ်အိမ် တည်သွားတာ တကယ်ပဲ တစ်ခါတည်းပြီးအောင် ဖတ်ချင်တဲ့ စိတ်ပေါ်သွားတယ် ... ပြီး ကြည်နူးဖွယ် သနားဖွယ် ရသတွေ အမျိုးမျိုးထည့်လို့ ရေးထားတဲ့ နိုင်ငံရေး သမားတစ်ယောက်ရဲ့ အတွေးအမြင် အရေးအသား ပေါ့ပေါ့ပါးပါးလေးတွေ ဖတ်ရတော့ တကယ်စိတ်ထဲ ချီးးကျူးမိတယ် ... အဲဒါနဲ့ မနေ့ညက ပြီးအောင် ဖတ်ပြီး မအားနေတဲ့ ကြားက ချရေးထားချင်တာနဲ့ ရေးဖြစ်သွားတဲ့ ပို့စ်လေးပါ ... ဘာ ရယ်မဟုတ်ပေမဲ့ သူ့ဘ၀တစ်စေ့တစ်စောင်းလဲ ဖြစ်နိုင်တာမို့ ဖတ်ပြီး အတွေးများရင်း ကိုယ့်ဘာသာမှတ်တမ်းတင်လိုက်တဲ့ သဘောပါ ...

                       စာလာဖတ်ပေးကြတဲ့ သူငယ်ချင်းများလဲ မကြာမီ ရောက် လာတော့မဲ့ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အားသစ် အင်သစ်တွေနဲ့ ရှေ့ဆက်လျှောက်နိုင်ပါစေ ... 
          
             ပြီးတော့ မြို့တော်ရွှေပြည်ကို ခေတ္တပြန်ပါမယ် ... ရန်ကုန်မှာ တစ်ခါမှ မသုံးဘူးလေတော့ အချိန်အားရရင်နဲ့ ကျော်တာ ခွတာတွေ လုပ်ပြီး သုံးတတ်ခဲ့ရင် အိမ်ကလေး အလွမ်းပြေ ၀င်ကြည့်မယ် ... အဆင်မပြေခဲ့ရင်တော့လဲ ပြန်ရောက်မဲ့ တစ်နေ့ကျမှ ပြန်တွေ့ ကြတာပေါ့ ... နော ...

Tuesday 15 December 2009

ဒီဇင်ဘာည

         
                       လတွေထဲမှာ ဒီဇင်ဘာလလေးကို သဘောကျတယ်...  အေးချမ်းတဲ့ ရာသီဥတုလေး ဖြစ်တာ တစ်ကြောင်း  နှင်းတွေကျတတ်တာကိုရော နောက် တစ်နှစ်ကူးရင်ရော ဘာတွေ ဖြစ်အုံးမလဲ အတွေးတွေနဲ့ အတူ ပျော်မွေ့ဖွယ် ရာသီပွဲတွေကို မြင်ရတာ ကိုယ်နဲ့မဆိုင်ပေမဲ့  သဘောကျတာလေး တွေ အများသား... မနေ့ညက ခရစ်ယာန် သူငယ်ချင်းတွေ Carol Singing လာဆိုကြတယ် ….. Merry Christmas to you ! ဆိုတာတွေလဲ လုပ်ပေါ့ ….  ♫♪ ဤအိမ်ပေါ်သို့ ကောင်းချီးမင်္ဂလာရောက်စေသောဝ် .. ရောက်စေသောဝ် ♫♪.. ဆိုတာတွေလဲ ပါရဲ့ … ဘုရားသခင်ကို တိုင်တည်ဆုတောင်းခြင်း အမှုတွေကိုလဲ ပြုလို့ …

                          အဲဒီထဲမှာ ကလေးတွေ ငါးနှစ် ၊ ခြောက်နှစ် လောက် ကလေးလေးတွေက စလို့ မိန်းကလေး ၊ ယောက်ကျားလေး အရွယ်စုံ ၊ ဆိုဒ်စုံ ၊ အသက်ခပ်လတ်လတ် ၊ ခပ်ကြီးကြီးတွေရော ပါကြတယ် ….. အားလုံးပဲ ပျော်ရွှင်လို့ ဘာသာတရားအပေါ်မှာလဲ ယုံကြည်သက်ဝင်ခြင်း အပြည့်နဲ့ သီချင်းတွေ အားတက်သရော သီဆိုနေကြတာ ကလေးတွေ အသံကတောင် ပိုပြီး စူးထွက်နေသလို … ဆိုတော့ စဉ်းစားမိတာပါ … ညရဲ့ လမ်းမီး အလင်းရောင်အောက်မှာ (လက မသာတော့လေ…)

                        ဂီတက လူတွေကို ဘယ်လောက်ထိ လွှမ်းမိုးနိုင်စွမ်းရှိလဲဆို သူတို့ရဲ့ ဘာသာမှာ ဘာသာတရားကိုလဲ ဂီတနဲ့ အသက်သွင်းထားလေတော့ ကလေးလေးတွေကစလို့ သူတို့ရဲ့ ဘာသာတရားကို မြတ်မြတ်နိုးနိုးနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ ဟန်တွေတွေ့ရတာ ကျေနပ်အားရစရာ ကောင်းလှတယ် …

                       ကိုယ်ကိုယ်တိုင်လဲ ငယ်ငယ်တုန်းက အိပ်ယာက နိုးတာနဲ့ သီချင်းသံလေး ကြားလိုက်ရရင် တော်တော်ပြည့်စုံသွားသလို စိတ်မှာ ဖြစ်ဖူးတယ်… ခုအဲလောက် မဟုတ်တော့တာတောင် အလုပ်တွေ ပင်ပန်းရင်ဖြစ်ဖြစ် ၊ စိတ်တွေ ရှုပ်ထွေးနေတဲ့ အခါမျိုးဖြစ်ဖြစ် သီချင်းအေးအေးလေးတွေ နားထောင်လိုက်ရရင် စိတ်အပန်းပြေသွားသလို ခံစားရတယ် … ဆိုတော့ ဂီတက လူတွေရဲ့ စိတ်ကို ညွတ်နူးပြောင်းလဲစေနိုင်တာတော့ အမှန်ပဲ …

                        ကျွန်မ နောက်တစ်ခု သူတို့ဆီက နှစ်သက်မိတဲ့ အလေ့အထလေး တစ်ခု ရှိတယ် … အဲဒါ ခရစ်ယာန်ဘာသာမှာရော ၊ အစ္စလာမ်ဘာသာမှာရော တွေ့ရတဲ့ အလေ့အထလေးပါ … ရှာလို့ရတဲ့ ဥစ္စာစီးပွားကို ဆယ်ပုံတစ်ပုံ (သူတို့အခေါ် ဆယ်ဖို့တစ်ဖို့ ) ဖယ်ထားပြီး အလှူအတန်းလုပ်တာပေါ့နော် … တော်တော်များများ မဖြစ်မနေလုပ်ကြတာ တွေ့ရတယ် … ကျွန်မ အရမ်းသဘောကျတယ် … အဲဒီ ဓလေ့လေးကို … တကူးတက အားစိုက်စရာ မလိုပဲနဲ့ အလှူအတန်း အမြဲ လုပ်ဖြစ်တဲ့သဘော ဆိုတော့လေ… ( ဒီဇင်ဘာည ဟိုတွေး ဒီတွေးရေးလိုက်တာပါ  … )

                        ဘာမှမဟုတ်ပါဘူး (လို့ ပြောရင်လဲ ပြောအုံးမယ် ) ... အဲဒီတော့ ဟုတ်ပါတယ် ပေါ့ .. လင်းနစ်ရဲ့ တစ်ပုဒ်တည်းသော သီချင်းလေးကလဲ ဒီလိုညနဲ့ လိုက်ဖက်နေလို့ နားထောင်မိရင်း  ဒီဇင်ဘာည ဆိုပြီး တွေးမိသမျှ ရေးမိပါသည် ...

Sunday 13 December 2009

နွယ် ...


အလှပေါ် အယဉ်ဆင်နိုင်ဖို့
ပင်မြင့်ပေါ်ကို တက်တဲ့ နွယ်
ဒီနွယ်လဲ အပြစ်မဆိုသာ
သူမြဲနိုင်ဖို့ ...
ပင်မအစာအဟာရတွေ စားသုံး
ရုန်းမရတဲ့ ပင်စည်
ဝုန်းကနဲ မလဲပေမဲ့
ယိုင်နွဲ့ချင်ရှာပြီ .....

ကိုယ်ထဲက စိတ်ကို မိုးနိုင်ဖို့
စိတ်ထဲကို ၀င်တဲ့နွယ်
ဒီနွယ်လဲ အပြစ်မဆိုသာ
သူမြဲနိုင်ဖို့ ...
စိတ်အစာအဟာရတွေ စားသုံး
ရုန်းမရတဲ့ ကိုယ်
စိတ်ထောင်းလို့ ကိုယ်ကြေခဲ့
ယိုင်နဲ့ချင်ရှာပြီိ …..

( နဲ့တာနော ... နွဲ့တာမဟုတ်ပါ ...)

ဘာမှ မဟုတ်ပါဘူး ... တစ်ချို့ နွယ်ပင်တွေ သစ်ပင်ကို သေလုမျောပါး ဖုံးအုပ် ၀ါးမြိုသွားတာတွေ့ဖူးလို့ ... သံယောဇဉ်ဆိုတဲ့ နွယ်လဲ အဲလိုပဲ ဖြစ်မယ် ထင်တယ် ...

Wednesday 9 December 2009

အဖြူရောင် သံစဉ်များ အပိုင်း (၃)

                        
                         ကျွန်မသူငယ်ချင်းလေး “K” အကြောင်းပေါ့ …“K” က ကျွန်မပေးထားတဲ့ Nick Name မဟုတ်ဘူး … သူ့ဘာသာပေးထားတာ … ပေးရတဲ့ အကြောင်းကလဲ သူ့မှာ ဘလော့ဂ်မရှိတာမဟုတ် … ရှိပါတယ် … ဒါပေမဲ့ စာရေးဖို့မဟုတ် စာဖတ်ဖို့အတွက် များလှစွာသော လင့်များကို ချိတ်ပြီး တစ်နေ့ တစ်နေ့ အသစ် တက်လာသမျှ ဘလော့ဂ်တိုင်းနီးနီးကို အပြေးအလွှားသွားဖတ်နိုင်တဲ့ အထိ စာဖတ်အားကောင်းသူပါ … တစ်ခါတစ်လေလဲ ဖတ်ပြီး ပေါက်ကရတွေလဲ မန့်တတ်သေးသမို့ ဘလော့ဂ် မရေးပေမဲ့ သူ့ကို သိနေကြ ပါတယ် … ပြီးတော့ ကျွန်မရဲ့ “K” က ning site တစ်ခု မှာတော့ ပို့စ်အနဲအပါးရေးပြီး လူသိများလို့မို့  နေရာတကာ ပါလေသူကြီး ဖြစ်မှာ ကြောက်တာမို့ “K” နံမည်ပေးပြီး လာနေတာပါ …

                        ကျွန်မ ဘလော့ဂ် ရေးဖြစ်သွားတဲ့ အကြောင်းအရင်းကလဲ သူ့ကြောင့်ပါ … ကျွန်မ စာတွေ မရေးရေးအောင် သူရေးတဲ့ ပို့စ်တွေထဲမှာ ကျွန်မကို သတင်းမှားတွေနဲ့လဲ ဖွတတ်သေးတယ် … ကျွန်မကျောင်းတုံးကတည်းက စာတို ပေစ ပေါက်ကရတွေ ရေးလေ့ရှိတော့ တစ်ခုခုဆို အဲဒီဆိုဒ် ပေါ်မှာ ကျွန်မရေးခဲ့တဲ့ ကဗျာတွေ တင်လိုက်ရမလား ဆိုတာနဲ့ချည့် ခြိမ်းခြောက်လေ့ ရှိတယ်… အဲလိုပြောလာတိုင်း ကျွန်မရေးခဲ့ဖူးတဲ့ ပေါက်ကရ အပိုင်းအစတွေကို မမှတ်မိလေတော့ ကြက်သီးထမိတာ အခါခါ … သူ့ပို့စ်တစ်ခုမှာ ကျွန်မကို ကောင်းကောင်း နှိပ်ကွပ်ထားတာလဲ ရှိသေး … အဲလိုတွေ ဆိုတော့ ကြောက်ရတယ် ပြောပါတော့ … (လက်သံ ကိုယ့်ထက်ပြင်းလေတော့ …) အမှန်တော့ ကျွန်မကို စာပြန်မရေး ရေးအောင် လုပ်နေခဲ့တာပါ … ကျွန်မသူ့ကို အဲလိုတွေ ရေးရပါ့မလား သွားအော်လေတော့ သူက ကျွန်မ စာပြန်ရေးအောင်လို့ stimulate လုပ်နေခဲ့တာပါတဲ့ …

                       အဲလိုနဲ့ ကျွန်မလဲ အဲဒီ ning site မှာ စာအနဲအကျဉ်း ရေးဖြစ်သွားတယ် … ရေးမိ လာတော့ တဖြည်းဖြည်းနဲ့ ဘလော့ဂ်လေး ရေးချင်စိတ်ပေါ်လာတာနဲ့ မှတ်မှတ်ရရ သူ့မွေးနေ့အမီ ပြင်ဆင်ရင်း Birthday Wish ပို့ရင်းကနေ ကျွန်မလင့်ကလေးကို ပို့လိုက်တော့ အားရ၀မ်းသာနဲ့ အားပေးရှာတယ် … ကျွန်မက စာရေးချင်လို့ ရေးတာကလွဲရင် ဘာမှ မသိခဲ့ဘူး … ဘလော့ဂ်ပေါ်မှာ သူက ကျွန်မ လင့်ကို ချိတ်ပြီိး လည်ပေးနေခဲ့သေးတာ … ကျွန်မ စီဘောက်စ်မှာ ဟိုလူ ဒီလူ ပြန်လာအော်တော့ ကိုယ်က ဘာမသိ ညာမသိ ကြောင်တောင်တောင်နဲ့ … အဲဒီကျမှ စကားတွေ အချိတ်အဆက်မမိတော့ပဲ သူပြောတာ ကိုယ်မသိ ကိုယ်ပြောတာသူမသိတွေ ဖြစ်ကုန်တဲ့ အထိ … (သူ့စေ တွေက ကိုယ့် ဝေတွေ ဖြစ်ကုန်ရော …) အဲဒါကြောင့် ကျွန်မသူငယ်ချင်းလေး “K” က ဒီဘလော့ဂ် ရဲ့ ဇာတ်လိုက်ကျော်ဆိုလဲ မမှားဘူး … ဘာပဲပြောပြော ကျွန်မကို ထွက်ပေါက် ကလေးရှာပေးတဲ့ အတွက်ရော နားခိုစရာ အိမ်လေးတစ်လုံး ရှာပေးတဲ့ အတွက်ရော “K” ကို ကျေးဇူးတင်မိတယ်…

                        ဒီသူငယ်ချင်းလေးက ငယ်ငယ်ကတည်းက သူငယ်ချင်း မဟုတ်ခဲ့ပေမဲ့ သူနဲ့လဲ စိတ်တူ ကိုယ်တူလေးတွေ အများကြီး ရှိခဲ့တယ် … ဆယ်တန်းအောင်ပြီး ယောင်လည်လည်နဲ့ ရောက်လာရတဲ့ ကျောင်းမှာ သူက ဆရာကြီးလုပ်ပြီး သြ၀ါဒခြွေခဲ့တာတွေကိုလဲ အမှတ်ရနေမိတယ် … ကျွန်မပြောခဲ့သလို ယောက်ကျားလေးကျောင်းမှာ ကျောင်းသားနဲ့ ကျောင်းသူကို သူအချိုးချထားတာ ရှိတယ် …7:1 ဆိုပဲ … အဲဒီတော့ Lab အခန်းထဲ ၀င်တဲ့အခါဆို လူခွဲလိုက်ရင် ယောက်ကျားလေး 7ယောက်ကြားမှာ မိန်းကလေး ကိုယ် တစ်ယောက်ပဲ ပါနေခဲ့လေတော့ မျက်စိသူငယ် နားသူငယ်နဲ့ ပေါ့ … အဲဒီ အချိန်တွေတုံးက Lab အခန်းထဲ မှာ ကွန်ပျူတာဆိုတာ မြင်သာမြင် မကြင်ရတဲ့ဘ၀ … ကိုရွှေသကောင့်သားတွေ ကြားလဲ ကိုယ်က မတိုးနိုင်ဘူးကိုး … အဲဒီတော့ “K” က ပြောတယ်… ကျောင်းတက် တဲ့ အချိန်မှာ အကုန်လုံးကို ရိုသေသမှုနဲ့ ကိုတွေ မတွေ တပ်ခေါ်မနေ နဲ့ … ခပ် တည်တည်နဲ့ နင် ၊ငါ နဲ့ သာချ … ဒါမှ ပို ရင်းနှီးပြီး ကိုယ်လဲ သိပ်ပြီး အနေမခက်စေဘူးပေါ့တဲ့ … သူပြောခဲ့တာမှန်တယ် … ကျွန်မတို့ကျောင်းမှာ ဒါလောက် ယောက်ကျားလေး များတာ အားလုံးကလဲ ကိုယ့်ထက် အသက်ကြီးသူက ခပ်များများ … ကျွန်မတို့နှစ်က မိန်းကလေးတွေက ဆယ်တန်းအောင် ပြီးကာစ တကယ့်ကို ဘာမသိညာမသိ လူကောင်သေးသေးတွေ ချည့်မို့ … နောက်ပိုင်း တရင်းတနှီး ရှိလာကြတဲ့ အခါ ကျွန်မတို့ မိန်းကလေးတွေကို ကျောင်းက ယောက်ကျားလေး အများစုကလဲ စ စရာ သတ္တ၀ါလေးတွေလိုပဲ သဘောထားခဲ့တာ … ကိုယ့်ထက်ပုပု သေးသေးဖြစ်နေခဲ့တဲ့ ခု ဒေါက်တာ မမကြီး ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို အဲဒီအချိန်ကဆို မူကြို လာတက်တာလား စခံရတဲ့ အထိ … ကျောင်းတုံးက ဓါတ်ပုံတွေ ပြန်ကြည့်မိတော့လဲ အဟုတ်ကို အထင်ကြီးချင်စရာ ကောင်းမနေခဲ့တာ အမှန် … အဲဒီတုံးက စတိုင်လား … ကိုကိုကြီးတွေကို ကြောက်နေခဲ့တာလား မသိ … ကျွန်မတို့ မိန်းကလေး အားလုံး ရှပ်အင်္ကျီ တဖားဖားနဲ့ လွယ်အိတ်စလွယ်သိုင်း တွေနဲ့ မိတ်ကပ်ဆိုတာ ဝေလာဝေး သနပ်ခါးပါတဲ့ မျက်နှာက ခပ်ရှားရှား … ( အဲဒီတော့ … ကျွန်မရဲ့ “K” ပြောပြောနေခဲ့တဲ့ ရွာနားက ချောကလက် ရွာသား မစားချင်တာလဲ အပြစ်မဟုတ်ပါ …)

                          “K” နဲ့ ကျွန်မ Roll No. ကပ်လျက် မွေးနေ့လဲ နှစ်ရက်ပဲ ကွာတာမို့ ကျောင်းမှာ မွေးနေ့ပေါင်းလုပ်ဖူးတာလဲ သတိရနေမိတယ် … သီချင်း ကြိုက်တာ ကဗျာတွေ စာတွေ ကြိုက် တာလဲ တူနေခဲ့တာမို့ အဆက်အသွယ်ပြန်ရ ကြတော့လဲ ဘယ်တုံးကဘယ်လိုဆိုပြီး ပြောကြရတာ အမော … “K” တို့နဲ့လဲ အဆက်အသွယ်ပြတ်သွားလိုက်တာ ဆယ်စုနှစ်ကျော် … အဆက်အသွယ်မပြတ် ပြန်တွေ့ ကြတာ ပြီးခဲ့တဲ့ လေးလပိုင်းကမို့ တစ်နှစ်တောင် မပြည့်ချင်သေး …

                         ကျောင်းတုံးက ကျွန်မပေါက်ကရရေး ထားမိတဲ့ စာတိုလေးနဲ့ အတူ သူကပြန်ရေး ထားတဲ့ စာတိုလေး တစ်စောင်ကို စာအုပ်တစ်အုပ်ကြားက ပြန်တွေ့တယ် …95 ခုနှစ်ကစာလေးမို့ 14 နှစ်လောက်ကြာပြီ ဖြစ်တဲ့ စာကလေးကို တွေ့တော့ အံ့သြော ၀မ်းသာမိတယ် … ကလေးလက်ရေးလေး တွေနဲ့မို့ ခုတွေ့တော့ scan ဖတ်ပြီး အမှတ်တရ တင်ထားချင်တာ ဒါပေမဲ့ လောလောဆယ် scanner ကလဲ ပျက်နေတာမို့ အဆင်ပြေမှ ပြန်တင်မယ် …(အဟဲ ဖြတ် ၊ ညှပ်၊ ကပ် လုပ်ပြီးမှပါ… မကြောက်ပါနဲ့ သယ်ရင်းရယ် …) ကျွန်မ ပိုက်ပိုက်ကုန်သွားတဲ့ အကြောင်းနဲ့ ဘယ်သယ်ရင်းနဲ့ ဘာဖြစ်တာကို စိတ်ညစ်ပြီး ရေးထားမိမှန်းမသိတဲ့ စာတိုလေး … သူက တွေ့ပြီး ပြန်ရေးထားတာ သူ့ကြောင့်လား ဆိုပြီး သူ့ကြောင့် မဟုတ်ရင်လဲ ဘယ်သယ်ရင်း ကြောင့်လဲ ပေါ့ ... မျှဝေခံစားပေးမှာပေါ့တဲ့ … ပိုက်ပိုက်ပြတ်တာကတော့ စိတ်မပူပါနဲ့တဲ့ … မြန်မာ စကားပုံ တစ်ခု ကြားဖူးတယ်မို့လားတဲ့ “လူတော် နဲ့ ငွေ .. အတူ မနေ ” ဆိုပဲ … အဲလို ကျွန်မကို ရှာကြံပြီး နှစ်သိမ့်အားပေးတတ်တဲ့ သယ်ရင်းလေးပါ …

                        ခုပြန်တွေ့ကြတော့လဲ ကျွန်မရဲ့ စာရေးခြင်း အပေါ်မှာရော ကျွန်မ စိတ်ညစ်တတ် ခြင်းတွေ အပေါ်မှာရော တစ်ချိန်ကုန် အားပေးခဲ့တဲ့ သယ်ရင်းလေးမို့ ကျေးဇူးလဲ တင်မိသလို အမြဲလဲ လွမ်းနေမိပါကြောင်း …. (ကောင်းတာလေးတွေပဲ ရွေးရေးချင်စိတ်ပေါ်ပါစေ .. ဆိုလို့ ဒီတစ်ခါတော့ သနားသဖြင့် ဘာမှ မဖွသေးပါ … နောက်မှ အလျင်းသင့်သလို ပေါ့ …..)

Wednesday 2 December 2009

အဖြူရောင်သံစဉ်များ အပိုင်း (၂)

HAPPY BIRTHDAY !

                        ဒီနေ့ ကျွန်မ သူငယ်ချင်းလေး မွေးနေ့ပေါ့ ... ကျွန်မ သူငယ်ချင်းတွေ အကြောင်း ရေးမယ်လို့လဲ ကြေငြာ ရော ကြောက်အား လန့်အားနဲ့ ဒီလို ပြောလာရှာတယ် …

thurein: တစ်ယောက်ချင်းစီ အကြောင်းလေးတွေ ရေးမယ်လို့ စိတ်ကူးထားပါတယ်....( မြှောက်ပင့် ရေးသားမှု ကိုသာ အလိုရှိပါတယ်....ဟီး)
7:17 AM me: ဟမ်..
ပြောထားတယ်လေ..
လာဘ်ထိုးဖို့တော့လိုလိမ့်မယ်... လို့
7:19 AM thurein: ဟီး...ဘာလိုချင်လဲ Cygnus တော့ မပေးနိုင်ဘူး ...
me: အဲဒါမှ အဲဒါပဲ ..
လုံးဝမလျှော့ဘူး
7:20 AM thurein: ဟားဟား

                          ဒီနေ့ ၊ ဒီရက်မို့ စိတ်ချမ်းသာပါစေတော့လို့ မကောင်းကြောင်းများ အကုန်    မဖေါ်သေးပါ… နောက် အလျင်းသင့်လျှင် သင့်သလို ဖေါ်ပါမည် ။ :D ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့ဆုတောင်းကလဲ ထည့်ချင်တယ် … အဖြူရောင်သံစဉ်များရဲ့ အပိုင်းကလဲ (၂) ဖြစ်နေတယ် … (၂ ) နဲ့ကို မလွတ်နိုင်ဘူး ရှိမယ် … မရည်ရွယ်ပါပဲ တိုက်ဆိုင်သွားတယ် … အမှတ်တရပေါ့ … ကျွန်မရဲ့ သူငယ်ချင်း အရင်းများထဲမှာ တိုက်တိုက်ဆိုင်ဆိုင် မွေးရက်တူတာ ခုသူငယ်ချင်းရယ် ကျွန်မရယ် .. သူငယ်ချင်း “ A ” ရယ် သုံးယောက် … အင်း ..ဒါ့အပြင် ဒီသူငယ်ချင်းလေးက ဟိုတလောလေးက ရှာဖွေ စုဆောင်းလာတာ ရှိသေးတယ် … ဒေးဗစ်ဘက်ဟမ်း တို့ ဘရစ်တ်နီစပီးယား တို့လဲ (၂) ဂဏန်း သမားဆိုပဲ … ( အဟဲ .. ပျော်စရာကြီးလို့ ကျွန်မက ပြောလိုက်မိသေးတယ် .. ) (၂) ဂဏန်း သမားများရဲ့ အမူအကျင့် အကြောင်း ရေးထာတာလေးတွေ ဖတ်လိုက်ရပါတယ် … အဲဒီတော့လဲ အနဲ နဲ့ အများ စိတ်တူ ကိုယ်တူ လေးတွေ ရှိတာပေါ့ … ( မကောင်းတဲ့ အကျင့်တွေက ခပ်များများ တူမယ်ထင်တယ် …းD ) ဒီသူငယ်ချင်းကတော့ ဘလော့ဂ်ဂါသူငယ်ချင်းကလဲ ဖြစ်ပြန် အပြင်မှာလဲ သူငယ်ချင်းအရင်း ဖြစ်နေခဲ့သူ… ဆိုတော့ Nick Name ပေးစရာ မလိုတော့ဘူးပေါ့ … လူတကာချစ်တဲ့ စူပါကော်ဖီမစ်စ်ပဲ သိကြမှာပါ … ကိုသူရိန် ပါ... ကောင်းကြောင်းတွေပဲ ရွေးပြောရရင်တော့ တကယ်ကောင်းခဲ့ပါတယ် … ကျွန်မကို အစ်ကိုတစ်ယောက်လို အမြဲဆုံးမ သွန်သင်ခဲ့သူပါ … “ ဆရာဆိုတော့ ဆရာလုပ်ချင်တဲ့ ဗီဇကလေးကလဲ ရှိပြီး ဆိုတော့လေ…” အစအနောက်သန်တယ် ထင်တယ်လို့ သူများမှတ်ချက်ချတာလဲ မှန်မှ မှန်ပါ … အဲဒါကြောင့် လူတကာချစ်တဲ့ စူပါကော်ဖီမစ်စ်လို့ နံမည်ပေးထားတာပါ … အဟဲ .. ဘလော့ဂ်ပေါ်မှာ အတည်ပေါက်ကြီး ၀င်နောက်နေခဲ့ပြီး နောက်မှ ကျွန်မရဲ့ သူငယ်ချင်း အရင်းကြီး ဖြစ်နေခဲ့သူပါ … အင်း … ပြီးတော့ လိုအပ်တာတွေလဲ အစစ အရာရာ ကူညီခဲ့ဖူးပြီိး စိတ်ညစ်တဲ့ အချိန်တွေတုံးမှာလဲ အားပေးကူညီခဲ့ဖူးသူမို့ ကျွန်မရဲ့ Essential Friends တွေထဲက တစ်ယောက်ပေါ့ …ကျွန်မကိုလဲ ရန်ကုန်မှာ မစားရ၀ခမန်း တစ်ချိန်ကုန် ကျွေးခဲ့တဲ့ သူငယ်ချင်းလေးဆိုတော့ ဒီနေ့ အမှန်အကန်မွေးနေ့ဆိုတော့ကာ အမှန်အကန် ၀ါးတီးဖွင့်ချင်မိသား … သို့ပေမဲ့ တစ်မြေစီ ခြားမို့ … အတိုးရော ၊ အရင်းရော မှတ်ထားပါကြောင်း …. ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ သူငယ်ချင်းလေး မွေးနေ့မှသည် ဘ၀တစ်လျှောက် ပျော်ရွှင်မှုများနဲ့ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာ လျှောက်လှမ်းနိုင်ပါစေလို့ … ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် … (အံမယ်မင်း … Cygnus စီးရချည်သေးရဲ့ …းD )

                         သူငယ်ချင်းကို အမှတ်တရ ကဗျာလေးရေးပြီး ဆုတောင်းပေးလိုက်တာ ... သူ့လောက် ကဗျာက ကောင်းကောင်း ရေးတတ်တာ မဟုတ်လေတော့ စိတ်ထဲ ရှိသလိုပဲ ရေးလိုက်တယ် ... အမှတ်တရပေါ့ ...

Monday 30 November 2009

အဖြူရောင် သံစဉ်များ အပိုင်း (၁)

                     
                          “ ပြန်တွေ့ပြီ...” ဆိုတဲ့ သူငယ်ချင်းအကြောင်းကို အရင်ဆုံးရေးလိုက်ပြီ … Nick Name လေးပေးပြီး ရေးရင် ကောင်းမယ်ထင်တယ် … “ A ” ပေါ့နော … တကယ်တမ်း ပြောရင် အဲဒီ သူငယ်ချင်းလေး “A ”ကြောင့်မို့ ကျွန်မတစ်ယောက် ဒီနေ့ဒီအချိန် ဘလော့ဂ်ပေါ်မှာ မတောက်တခေါက် စာတွေနဲ့ ခြေချနိုင်ဖို့ အားသစ်တွေ မွေးဖွားပေးခဲ့သူလို့ ဆိုရင်လဲ မမှားဘူး .. ဘာလို့လဲ ဆိုတော့ ကျွန်မတို့ အထက်တန်း ကျောင်းသားဘ၀ နံရံကပ်စာစောင်တွေ ကဗျာတွေ စာစီစာကုံးတွေ ပြိုင်ရင် ကျွန်မကိုလဲ မဖြစ်မနေ ၀င်ပြိုင်နိုင်ဖို့ အထောက်အကူပြု စာအုပ်တွေ ရှာပေးရင်း သူကိုယ်တိုင်လဲ ၀င်ပြိုင်ရင်း ကျွန်မနဲ့ ပထမ နေရာကို လုကြရတာလဲ အမောပေါ့ …( အဟက် ကြုံတုံးလေး ကြွားတဲ့သဘော ...းD )

                        အဲလိုနဲ့ ကျွန်မ တစ်ယောက် ကျောင်းစာတင်မက အပြင်စာတွေကိုလဲ ဖတ်ဖို့ စိတ်ဝင်စားလာတဲ့ အခါ မှတ်မှတ်ရရ ကျွန်မ ၆တန်းနှစ် လောက်ပေါ့ ... အိမ်က စာအုပ်ဗီရိုကြီးကို ဖွလိုက်တာ … ပထမဆုံး စဖတ်ဖြစ်တဲ့ ၀ထ္တုစာအုပ်ကို ခုထိသတိရ နေတုန်း ...  ယုဝတီ ခင်စိန်လှိုင်ရေးတဲ့ “ စိန်စီတဲ့ တေးတစ်ပုဒ် ” ပါ … ပထမဆုံး ဖတ်ဖူးတဲ့ ၀တ္ထုဖြစ်သလို အရမ်းလဲ ဖတ်လို့ သဘောကျ သွားမိတယ် … အဲလိုနဲ့ ကျွန်မတို့ အိမ်မှာ စာအုပ်တော်တော်များများ ရှိတာလေးတွေကို တစ်အုပ်ပြီး တစ်အုပ် လိုက်ဖတ်နေမိတယ် … ယောနသံစဉ်ဆိုတဲ့ စာအုပ်ကိုလဲ နားမလည် တလည်နဲ့ ဖတ်တာ မှတ်မိတယ် .. ပြီးတော့ “ဘေဘီလုံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်” တို့ “သောကကင်းဝေးနေနိုင်ရေး” တို့ အဲလိုစာအုပ်တွေလဲ နားမလည်သေးပေမဲ့ ဆွဲယူ ဖတ်မိဖူးတယ် … (တွေ့တာဆွဲဖတ်ကြည့်လိုက်တယ် ပြောတာပါ ..း) “ သောကကင်းဝေးနေနိုင်ရေး ”ကို ဖတ်ဖူးတာတော့ ဟိုးငယ် ကတည်းကပဲ … ဒါပေမဲ့ စိတ်ထဲ မစွဲလို့လား … ကိုယ်တိုင်ကပဲ စိတ်မထား တတ်သေးလို့လား မသိဘူး … ခု အသက်တွေသာ ကြီးလာတယ် သောကကင်းဝေးအောင်လဲ မနေတတ်သေးဘူး ...း)

                        စိတ်ထဲစွဲခဲ့တဲ့ စာအုပ်ကတော့ ခုနပထမဆုံး ဖတ်ဖူးတဲ့ စိန်စီတဲ့ တေးတစ်ပုဒ်ထဲက ဇာတ်ကောင် မိန်းကလေး နံမည် ခိုင် ပါခဲ့တာက စလို့ နောက်ပိုင်း ခိုင်ပါတဲ့ စာအုပ် တော်တော် များများ ကိုလဲ ပြန်စဉ်းစား ကြည့်တော့ ကိုယ်နဲ့ ဘာမဆိုင် ညာမဆိုင် အရူးထပြီး ကြိုက်နေခဲ့ မိဖူးသေးတယ် … ( “တက္ကသိုလ် ဘုန်းနိုင်ရေးတဲ့ သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မည် ခိုင်” ရောအပါအ၀င် ပေါ့ …)

                          သူငယ်ချင်း “A” ပေါ့ … နဲနဲ အတန်းကြီးလာတော့ သူက အပြင်စာအုပ်ဆိုင်ကနေ သူဖတ်ပြီး ကောင်းတယ် ဆိုတာလေးတွေ ပြန်ငှားလာပြီး ပေးဖတ်တယ် … ကျွန်မရဲ့ ဖေဖေကလဲ ကျွန်မကို ကျောင်းစာအုပ်ကလွဲလို့ အပြင်စာအုပ်ကိုင်တာတွေ့ရင် လုံးဝ မကြိုက်ခဲ့သလို ပေးလဲ မဖတ်ခဲ့ဘူး … တစ်ခါလဲ ကျွန်မကဆိုးတာလား ၊ ကျွန်မဖေဖေကဆိုးတာလား ဝေဖန်ကြည့်ပေါ့ ..နော .. “A” ငှားလာပေးတဲ့ စာအုပ်ကလေးကို ကျောင်း စာအုပ်ကြားထဲမှာ ညှပ်လို့ အပြင်ကလှမ်းကြည့်ရင်တော့ ကျောင်းစာအုပ် ဖတ်နေသယောင် ဖတ်နေရင်း စာအုပ်ထဲ ဈာန်ဝင်သွားလိုက်တာ ကျွန်မဖေဖေ အနားဘယ်အချိန်က ရောက်လာမှန်း မသိလိုက်ဘူး… သိလိုက်တဲ့ အချိန်ကြတော့ “A” ရဲ့ စာအုပ်ကလေး လမ်းပေါ်က မိုးထဲမှာ ကြွက်စုတ်ကလေး ဖြစ်နေရှာပေါ့ …“ A” ခမျာလဲ စာအုပ်ဖိုးသွား လျော်တာကိုတောင်မှ အဲဒီဆိုင်က နောက်လုံးဝ ပေးမငှားတော့ဘူး လို့ ပြော လွှတ်တာ ခံခဲ့ရတယ် တဲ့ …

                      အဲလို အခက်အခဲတွေ အများကြီးကြားကနေ ကျွန်မနဲ့ “A” စာအုပ်များစွာကို ရအောင်ငှားပြီး ရအောင် ဖတ်ခဲ့ဖူးတယ် … ဂျူး ၊ မိုးမိုး ( အင်းလျား ) ၊ တက္ကသိုလ် ဘုန်းနိုင် ၊ ငြိမ်းကျော် ၊ မောင်စိန်ဝင်း (ပုတီးကုန်း ) အင်း အများကြီးပဲ .. ထွက်သမျှ ငှားလာပေးတတ်တယ် …မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာစာအုပ်တွေ ထွက်တိုင်းဝယ်ပြီး ကျွန်မကို ပေးဖတ်တော့ ကျွန်မလဲ ကြိုက်ခဲ့တဲ့ ကဗျာတွေ အများအပြား … ငယ်တုန်းက ခိုးဖတ်ရလို့ ကြိုက်ခဲ့တဲ့ စာရေးဆရာတွေပေမဲ့ ခု အသက်ကြီး လာတော့ သိပ်ပြီး နုနုရွရွလေးတွေ ရေးထားရင် သိပ်မကြိုက်ချင်တော့ပြန်ဘူး … (အဟက် .. စာရေး ဆရာတွေက နုပျိုနေဆဲ …ကိုယ်ကရင့်ထော်သွားလို့ ဖြစ်လိမ့်မယ် … အသက်ကလဲ ရလာပြီကိုး …း)  အဲဒီအချိန်တုံးကဖတ်ပြီးရင်လဲ ဘယ် စာအုပ်ထဲ ဘယ်လိုဆိုပြီး နှစ်ယောက်သား ပြောကြရတာ အမော …

                         ခု ကြီးလာတော့ ကျွန်မ ဖေဖေစည်းကမ်းလုပ်တာ မှန်သင့်သလောက်မှန်မှန်းတွေ သိလာခဲ့ရတယ် … စာအုပ်တွေ ဖတ်ပြီး အရူးထခဲ့ဖူးတာတွေလဲ ရှိတာကိုး … ဘာမဆိုင် ညာမဆိုင် ကိုယ့်နံမည် ခိုင် မပါပဲနဲ့ ခိုင်ဆိုတဲ့ နံမည်ကို သဘောကျနေခဲ့တာတို့ … မောင်စိန်ဝင်း (ပုတီးကုန်း) ၀ထ္ထုတွေ ဖတ်ပြီး သူ့ဇာတ် ကောင်တွေလိုမျိုး အဝေးမှာ ကျောင်းသွားတက်ရင်းနဲ့ သူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင် ထိုင်တဲ့ အခါ “ ပေါ့စိမ့်” လို့ လှမ်းမှာပြီး ပေါ့စိမ့် လ္ဘက်ရည်ရဲ့ အရသာကို အဟုတ်ကြီး လုပ်ပြီး သောက်ခဲ့ဖူး တာတွေကို ခုနေပြန်တွေးကြည့်တော့ တော်တော် ရယ်ချင်စရာကောင်းလှတယ် ....

                           “A” အကြောင်းရေးတာ ကိုယ့်အကြောင်းပဲ ရောက်ရောက် သွားနေတယ် … အဲဒါ “A” ရဲ့ ကောင်းမှုနဲ့ ကျွန်မ အပြင်စာများစွာကို ဖတ်ခွင့်ရခဲ့သလို စာဖတ်ခြင်း ၊ စာရေးခြင်း ဗီဇပိုးတွေကိုလဲ ရရှိစေခဲ့တယ်လို့ ပြောရင်လဲ မမှားဘူးပေါ့ ... တရားဓမ္မတွေ စိတ်ဝင်စားအောင် ဆွယ်တဲ့မိတ်ဆွေကို ဓမ္မမိတ်ဆွေခေါ်ရင် “A” ကို ဘယ်လိုခေါ်ရမလဲ .. ကျွန်မသေခြာမသိဘူး ... (သိရင်လဲ ပြောခဲ့ပေးနော.. ) .. လောလောဆယ်တော့ ကျွန်မရဲ့ ပထမဆုံး “စာပေမိတ်ဆွေ” ပေါ့ .. အဲလိုခေါ်ရင်ရမယ်ထင်တယ် ... အဲလိုနဲ့ ဆယ်တန်းအထိ ကျောင်းစာတွေရော အပြင်စာတွေရော နပန်းလုံးရင်း ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်လဲ ကတိတွေ ကိုယ်စီပေးပြီး အထက်တန်းကျောင်းကလေးမှာ ခွဲခွာခဲ့ကြတယ် … တို့တွေ တစ်ယောက်နဲ့ တစ်ယောက်ဝေးသွား ရင်တောင် သတိရနေကြေး ပေါ့ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေတွေပဲ ရောက်ရောက် တစ်ယောက်ကို တစ်ယောက် ကူညီကြေး ဆိုတာတွေလဲ ပါရဲ့ …

                        ကျွန်မတို့ တွေးထားကြတဲ့အတိုင်း ဆယ်တန်းအောင်ပြီးတော့ နှစ်ယောက်သား တစ်ယောက် တစ်ကျောင်းစီ ၊ တစ်ယောက်တစ်မြို့စီ အဝေးကြီးတွေမှာ တက်ကြရတယ် … သူက သချာင်္ မေဂျာနဲ့ မြို့လေး တစ်မြို့မှာ ကျောင်းတက်နေချိန် ကျွန်မတစ်ယောက်လဲ ၀ါသနာပါလို့ မဟုတ်ပါပဲ ရွေးစရာလမ်း မရှိတော့ မျက်စိလည်လမ်းမှားပြီး အခြား ကျောင်းတစ်ကျောင်းမှာ ကျောင်း တက်ရတော့ စတက်တဲ့ အချိန် ကျွန်မမှာ မျက်စိသူငယ်နားသူငယ်နဲ့ ၀မ်းနည်းအားငယ်တဲ့ရက်တွေမှာ သူ့ဆီကို စာရေးပြီး ပြောရတာအမော …

                        ကျွန်မတက်ရတဲ့ ကျောင်းကလဲ ယောက်ကျားလေးကျောင်းလို့ ပြောလို့ ရလောက်အောင် ကျွန်မတို့ Section မှာ လူတစ်ရာလောက်ရှိတာ မိန်းကလေးက ဆယ့်နှစ်ယောက် လောက်ပဲ ပါခဲ့တယ် … ကျွန်မသူငယ်ချင်း “A” ကို ခုပြန်တွေးရင် ခုထိ ကျေးဇူးတင် နေခဲ့တယ် … တစ်ပါတ်တစ်ခါ စာမှန်မှန်ထည့်ပြီး အားပေးခဲ့လို့ ကျွန်မရဲ့ ကျောင်းတက် ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းတတ် လာခဲ့တယ် … နောက်ပိုင်း အပေါင်းအသင်းတွေ ရလာပြီး ပျော်တာမှ အပျော်လွန်ပြီး ကျွန်မ စာရေးတာတွေ ကျဲသွားတဲ့တိုင်အောင် မပြောင်းမလဲ တစ်ပါတ်တစ်ခါ ရေးနေတုံးပဲ … ကျွန်မ တကယ် အဆင်ပြေနေလား ၊ ပျော်နေလား ၊ ဘယ်လိုတွေ ဖြတ်သန်းနေလဲ ဆိုပြီး မိုင်ပေါင်းများစွာဝေးတဲ့ ကျွန်မရဲ့ကျောင်းကိုလဲ လိုက်လာ ကြည့်ဖေါ်ရခဲ့တယ် … တကယ့်ကို ကျွန်မအတွက် သူငယ်ချင်းကောင်း ပီသခဲ့သူပါ …

                      အဲဒီနောက်ပိုင်း ကျွန်မကျောင်းပြီးသွားတော့ ရန်ကုန်မှာ နှစ်နှစ်လောက် အလုပ်လုပ်နေခဲ့သေးတယ် … ကျွန်မတို့ အဲဒီကတည်းက လွဲချင်နေပြီ … ကျွန်မက တစ်နေရာပြောင်းတဲ့ အချိန် သူက လာရှာတော့ ကျွန်မက အဲဒီမှာ မရှိတော့ နောက် တစ်နေရာပြောင်း ၊ အဲဒီကနေမှ ခု ဒီနေရာရောက်သွားတဲ့ထိအောင် ဝေးသွားတဲ့နောက် ဘယ်လိုမှ လက်လှမ်းမမီကြတော့ပဲ အဝေးကြီး ဝေးကွာခဲ့ရတယ် …

                           ခုပြန် တွေ့တော့ ကျွန်မ အပြစ်တဲ့ … ကျွန်မ ခြေရာဖျောက်သွားလို့တဲ့ … ကျန်တဲ့ သူငယ်ချင်းများ အားလုံးလဲ ဒီလိုပဲ ၀ိုင်းစွပ်စွဲကြလေတော့ ကျွန်မ အဆိုးပဲ ထားလိုက်ပါတော့ … (အများနဲ့ တစ်ယောက်ကိုး ) (မေ့အပြစ်နဲ့ မေသာ ရှိပါစေ တော့ …………ဆိုတဲ့ သီချင်းပဲ အော်ဆိုလိုက်ရတော့မလို ….)

                          တကယ်တော့ ကျွန်မ သူငယ်ချင်းများကို စိတ်ထဲမှာ ရှိနေခဲ့ပေမဲ့ ကျွန်မမှာလဲ ပျော်ရာမှာ မနေရ ၊ တော်ရာမှာ နေရတဲ့ စကားပုံလိုပါပဲ မာန်တင်းပြီး နေ နေခဲ့ရတာတွေ ပြောပြရင် စိတ်ညစ်ကြမစိုးလို့ တွေ့ကြတဲ့အခိုက် ကျွန်မ သတိရနေခဲ့ကြောင်းနဲ့ ပျော်ကြောင်းတွေပဲ ရှာကြံပြောဖြစ်ပါတယ် … ကျွန်မသူငယ်ချင်းများ အားလုံးကို ဘယ်လိုပဲ ဝေးခဲ့ကြလဲ ခု အားလုံးကို ပြန်တွေ့နေကြပြီ ဆိုတော့ ပြန်ဆုံခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ရင်း ဘ၀အမောများ ကြားထဲက အားဆေးများကို အမြဲ သတိရနေခဲ့ပါတယ် …

                         ခုဆို ကျွန်မ သူငယ်ချင်း “A” က ပြောပါတယ် … “ ငါတို့ ခုမှ ပြန်အဆက်အသွယ် ရကြတာ ဆိုတော့ ထပ်ပြီး အဆက် အသွယ် အပြတ်မခံနိုင်တော့ဘူး ... နင်ရော ငါရော အားလို့ သတိရရင်ပဲ ဖြစ်ဖြစ် ဘာအခက်အခဲတွေ ရှိရင်ပဲ ဖြစ်ဖြစ် အဆက်အသွယ်လုပ်ဖို့ မမေ့ပါနဲ့တဲ့ ..” ကဲ … ကျွန်မ သူငယ်ချင်း ဘယ်လောက် ချစ်ဖို့ ကောင်းလဲ ဆို …

                             ဘလော့ဂ်လေး စရေးဖြစ်ကတည်းက“ A” ကို ခဏ ခဏ သတိရနေဖြစ်တယ် … ဘာလို့ဆို သူလဲ ၀ါသနာပါတတ်လေတော့ သူသာသိရင် ကျွန်မကို အပီအပြင် အားပေးမယ်ဆိုတာ သိနေလို့ … ဒါပေမဲ့ ခုတွေ့လို့ ပြောပြတော့ သူက အမှန်အကန် Business သမားကြီး ဖြစ်နေပြီး ကိုယ့်လိုမျိုး ဒီပေါ်မှာ အချိန်ပေးနိုင်တဲ့ပုံ မတွေ့တာမို့ အသာခပ်မဆိတ် နေလိုက်ပါတယ် … (ရှိတာတွေကို ရှိပါစေလေ … ဆိုပြီး ..) ဒီလောက်နှစ်တွေကြာတော့ မတွေ့နိုင်လောက်တော့ဘူး ထင်ထားခဲ့တဲ့ သူငယ်ချင်းလေးကို ပြန်တွေ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ပျော်မိပါတယ် … (သူ ရော ကိုယ်ရောပေါ့ … ) ကျွန်မရဲ့ သူငယ်ချင်းကောင်းလေး “A” အကြောင်း ပြောရင်တော့ ကုန်နိုင်ဖွယ်မထင် ... ဆိုတော့ ဤတွင် နိတ္ထိတံ လိုက်မယ်... နော ...

Saturday 28 November 2009

ပြန်တွေ့ပြီ...


                       

                       ကျွန်မတစ်ယောက် အလုပ်တာဝန်နဲ့ ဒီနေရာကို ရောက်သွားလိုက်တာ ရှိစုမဲ့စု သူငယ်ချင်းလေးတွေ အဆက်အသွယ် ပြတ်သွားခဲ့တယ် … အဆက်အသွယ် ပြန်ရကြတာလဲ မကြာကြသေးဘူး ...မကြာဆို တစ်နှစ်တောင် မပြည့်ချင်သေးဘူး … ဒါတောင် အကုန်ပြန်မတွေ့ပဲ ကျွန်မရဲ့ ငယ်ငယ်တုန်းက ကျောင်းတက်ဖော် သူငယ်ချင်း ပြောရရင် အပေါင်းအသင်း များများစားစား မပေါင်းတတ်တဲ့ ကျွန်မရဲ့ တစ်ယောက်တည်းသော သူငယ်ချင်း ၊ ကျွန်မရဲ့ အနွံတာတွေကို ခံခဲ့တဲ့ သူငယ်ချင်း ကျွန်မကိုဆို အမြဲပဲ ပေကပ်ကပ် ခေါင်းမာတတ်လွန်းလို့ ဘယ်အချိန် ဘယ်အခါတွေ့တွေ့ စိတ်မချစွာနဲ့ အဆင်ပြေရဲ့လား ဆိုတဲ့ မေးခွန်းကို ထိပ်ဆုံးက ထားမေးတတ်သူနဲ့ ကွဲသွားလိုက်တာ ဆယ်စုနှစ်တွေ လွန်လို့ နောက်ထပ် နှစ်တစ်ဝက် ကျိုးလုနီးနီး … ခုတော့ ပြန်တွေ့ပြီ …..

                         ကျွန်မရဲ့ ဖုန်းနံပါတ်ကို ကျွန်မရဲ့ ဆွေတော်မျိုးတော်တွေနဲ့ သွားတွေ့လိုက်လို့ ရပြီး ကျွန်မကို ဖုန်းဆက်လာတယ် … ဖုန်းထဲမှာ ကျွန်မကို “ ငါ.. ဘယ်သူလဲ သိလား ” တဲ့ ကျွန်မရဲ့ နံမည် အပြည့်အစုံခေါ်ပြီး ဖုန်းဆက်လာသူ ဆိုတော့ တော်တော် ခေါင်းပူအောင် စဉ်းစား ကြည့်လိုက်မိတယ် … ဒါပေမဲ့ ကျွန်မ မျှော်ခဲ့ဖူးတဲ့ အချိန်တွေ ကျော်လွန်မှ ပေါ်လာသူဆိုတော့ ဘယ်လိုမှ အဖြေက ထွက်မလာတဲ့ အဆုံး သူကပဲ “ ငါ ….. လေ ” ဆိုပြီး ဖြေလိုက်မှပဲ ကျွန်မလဲ တအံ့ တသြော ဖြစ်သွားတော့တယ် … အဲဒီသူငယ်ချင်းအကြောင်းကို သိပ်မကြာသေးတဲ့ ကာလတစ်ခုမှာပဲ ပို့စ်တစ်ပုဒ်ကို အခြေခံလို့ အခြား သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်ကြသေးတယ် … ကိုယ်တွေ့လား မေးလာလို့ပါ … ကိုယ်တွေ့ရယ်လို့ တော့မဟုတ်ဘူး .. ဒါပေမဲ့ အဲဒီ ပို့စ်ရေးတဲ့ အချိန်မှာ အဲဒီသူငယ်ချင်းကို သတိရပြီး သူပြောဖူးတဲ့ စကားတစ်ချို့ကို သတိရလို့ ထည့်သုံးမိကြောင်း နဲ့ အဲဒီသူငယ်ချင်းနဲ့ ကွဲသွားလိုက်တာ အတော်ကြာပြီ ဖြစ်ကြောင်းတွေ စီကာပတ်ကုံး ပြောပြနေမိသေးတယ် … မေးမိတာ တစ်ခွန်း ဖြေလိုက်တာ တော်တော်များများဆိုတော့ နားပူသွားရှာတဲ့ သူငယ်ချင်းက ညစ်ကျယ်ကျယ်နဲ့ ကျွန်မ မခံချင်အောင် ပြောလာတဲ့ စကား တစ်ခွန်းကလဲ (သူ့ရဲ့ လက်သုံးစကားအတိုင်း ပညာရှိများ တွေးကြည့်ရင် ပြေးကြည့် တာထက်မှန်တယ် ) ဆိုတဲ့ အဆိုကို မှန်အောင် ထောက်ခံလိုက်သလိုကို မှန်နေပြန်ပါတယ် …

                        ဒါပေမဲ့ ကျွန်မတစ်ယောက် သူငယ်ချင်း အပေါင်းအသင်းခင်တယ် ဆိုတာ သူတို့ရဲ့ စိတ်တွေကို ခင်ခဲ့တာလေ .. ပညတ်ချက်တွေကို ခင်ခဲ့တာ မဟုတ်လို့ ကျွန်မ အတွက်တော့ ဘယ်ပညတ်ချက်မျိုးက ဖြစ်ဖြစ် ကျွန်မတို့ရဲ့ ရှိခဲ့ဖူးတဲ့ သံယောဇဉ်တွေကို မချေဖျက်နိုင်လောက်ဖူးဆိုတာ ကိုယ့်ဘာသာ တွေးနေမိတယ် … ကျွန်မတို့ ပြန်တွေ့ကြတော့ သူတစ်ခွန်း ၊ ကိုယ်တစ်ခွန်း စကားတွေ ပြောမကုန်နိုင်ဘူး … မေးခွန်းတွေကလဲ အပြန်အလှန် တန်းစီလို့ … ဖုန်းထဲမှာ တစ်နာရီ နီးနီး လောက် စကားတွေ ပြောနေတော့ ကျွန်မသူငယ်ချင်းတော့ ပိုက်ပိုက်တွေ တော်တော်ကုန်တော့မှာပဲလို့ တွေးရင်း အားနာ ၊ အားနာပေမဲ့လဲ ပြောဖို့တွေကလဲ မကုန်နိုင်တာမို့ … နောက်နေ့တွေ အားမဲ့ အချိန်တွေ အပြန်အလှန်မေးရင်း ခဏ ရပ်နားထားလိုက်ရတယ် …

                        ကျွန်မရဲ့ ကျန်တဲ့ သူငယ်ချင်း အရင်းကြီးများလဲ စိတ်မကောက်ကြပဲ နားလည်ပေးကြနော် … ( တစ်ဆယ့်လေးနှစ်ကျော် တစ်ဆယ့်ငါးနှစ်နီးနီး ဝေးကွာခဲ့ကြတာကို ပြန်တွေ့ကြရတာ ဆိုတော့လေ …း) ကျွန်မ သူငယ်ချင်းပြောတဲ့ထဲက စကားလေး တစ်ခွန်းနဲ့တင် ကျွန်မကို ဒါလောက် အဆက်အသွယ်တွေ ပြတ်တဲ့ အထိ လိုက်မရှာပဲ နေနိုင်လိုက်တာလို့ ထင်နေခဲ့မိတဲ့ ကျွန်မရဲ့ သံသယလေးလဲ ပါးလျ ပြေပျောက်ခဲ့ရတယ် …  “ ငါ .. နင် နဲ့ အဆက် အသွယ် ရမလားလို့ နင် နေခဲ့ဖူးတဲ့ မြို့ငယ်လေးဆီရောက်တိုင်း တွေ့သမျှလူကို မေးရတဲ့ အကြောင်း …ဘယ်သူကမှ မသိတဲ့ အကြောင်းနဲ့ ခုဒီတစ်ခေါက် တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ ဆွေမျိုး အရင်းကြီးများနဲ့ သွားတွေ့ပြီး ဖုန်းနံပါတ်ကလေး ရလိုက်တာ ဒီကမ္ဘာမှာ ငါလောက်ပျော်တဲ့သူ မရှိနိုင်တော့ဘူး ”  လို့ တွေးမိကြောင်း ပြောလာပါတယ် ... ကဲ … တွေ့လား ... ကျွန်မတို့တွေ အခြေအနေချင်းတွေ ၊ အနေအထားခြင်းတွေ ခြားသွားလဲ တစ်ယောက်အပေါ် တစ်ယောက်ထားခဲ့ဖူးတဲ့ သံယောဇဉ်တွေ မှေးမှိန်မသွားဘူး ဆိုတာ တွေ့လိုက်ရလို့ အတိုင်းမသိ ပျော်နေမိပါတယ် …

                         ကျွန်မမှာလဲ စုစုပေါင်းမှ သူငယ်ချင်းအရင်းရယ်လို့ လက်တစ်ဘက်ချိုး ရေလို့ ရနိုင်ယုံလောက်ပဲ ရှိခဲ့တာပါ … ရှိခဲ့ဖူးတဲ့ သူငယ်ချင်း အားလုံးနဲ့ ခုဆို အဆက်အသွယ် မပြတ် ပြန်တွေ့နေကြပြီ … ကျွန်မ တစ်ယောက် ခုတလော အလုပ်တွေလဲ ရှုပ် ၊ စိတ်တွေလဲ ရှုပ်နေခဲ့ရပါတယ် … အဆိုးထဲက အကောင်း တစ်ခုက ကျွန်မ ဒီလို ဖြစ်နေချိန်မှာ ကျွန်မရင်နဲ့ ရင်းပြီး ခင်ခဲ့ရသလောက် ကျွန်မအပေါ်မှာလဲ တုန့်ပြန်မှု အားကောင်းစွာနဲ့ ကျွန်မကို တစ်ယောက်တစ်မျိုး အားပေးဖေးမခဲ့တဲ့အတွက် ကျွန်မရဲ့ သူငယ်ချင်းများကို ကျေးဇူး အရမ်းတင်ကြောင်း ပြောချင်မိတယ် … ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မစိတ်ရော လူရော အားငယ်စွာ ရပ်တည်နေချိန်မှာ သူငယ်ချင်းအားလုံး တစ်ယောက်တစ်မျိုး အားပေးလာကြတော့ ကိုယ့်ဘ၀ ကိုယ် ထင်သလောက် မဆိုးသေးပါဘူးလို့ တွေးရင်း ၀မ်းသာပီတိတွေလဲ ဖြစ်မိတယ် … ခုလိုဆိုတော့လဲ ရှိစုမဲ့စု သူငယ်ချင်းလေးတွေ ကျွန်မဘေးမှာ မားမားမတ်မတ် ရပ်တည်နေကြတဲ့ စိတ်ကလေးတွေကို လှမ်းတွေ့လိုက်ရတော့ ဘ၀က နေပျော် ၊သေပျော် ဖြစ်သွားပြန်ပေါ့ ….

                          ဒုက္ခများမြောင် လူတို့ဘောင်မှာ နစ်မြုပ်လို့ နေတဲ့ ကျွန်မ သူငယ်ချင်းတွေကို တမ်းတရင်း အချိန်တွေကို ကုန်လွန်ဖြတ်သန်းဖို့ ကြိုးစားနေမိပြန်တယ် ... ဆိုတော့ နောက်ရက်တွေ ကျွန်မရဲ့ ချစ်စရာကောင်းသော သူငယ်ချင်းများရဲ့ ကောင်းမွေ ဆိုးမွေ ခံယူရတာလေးတွေ စာစီကုံးရင်း သူငယ်ချင်း K ကိုလဲ ပို့စ်တစ်ခုမှာ ပြောခဲ့ဖူးသလို တစ်ယောက်ချင်းစီ အကြောင်းလေးတွေ ရေးမယ်လို့ စိတ်ကူးထားပါတယ် ... အဟဲ ... မျက်ခုံးတွေ လှုပ်နေကြလောက်ပြီ ... ( ကလောင်စွမ်းကို ကြောက်ရင် ကြိုပြီးလာဘ်ထိုးဖို့တော့ လိုလိမ့်မယ် ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူများတော့ နေနိုင်ပါတယ်...)

Saturday 14 November 2009

ရွက်လွှင့်ခြင်း ...



ဘ၀ တစ်လျှောက်
လှ .. အောင်တွေလဲ 
မလျှောက်တတ်လေတော့
ဘ၀ဇာတ်ရုံ ရုပ်သေးခုံပေါ်
ဇာတ်ဆရာ အလိုကျ ကလိုရာ ကစေတော့လို့
သူ့လက် ၀ကွက် ထိုးအပ်မိလိုက်တာ
သူ့လက်တွေ ကြိုးမရှုပ်ဖို့အရေး
ကျွန်တော် ဆိုတဲ့ အရုပ်ကလေး...
မင်းသား တစ်လှည့်
လူကြမ်း တစ်လှည့်
နောက်ပိုင်း တစ်လှည့်
လူပျက် တစ်လှည့်
လှည့်လိုက်ရတဲ့ အလှည့်
ချာချာကို လည်လို့.....
မင်းသားအလှည့် ကျွန်တော့်ခမျာ
ဇာတ်ဆရာ အလိုကျ ဟန်ပါပါ ပြုံးလို့ပေါ့...
လာပြန်ပြီ လူကြမ်း
သူ့ဇာတ်နာဖို့အရေး
ကြမ်းလိုက်စမ်း ခပ်ရမ်းရမ်းလေးပေါ့...
နောက်ပိုင်းမင်းသားလေး ကျွန်တော်
ဟစ်အော်လို့ သီကြွေး အလွမ်းတေးလေးတွေနဲ့
ရင်မဆန့်အောင် ငိုကြွေး
ဆွေးလို့တောင်မ၀သေး...
လုပ်ခိုင်းပြန်ပြီ လူပျက်တဲ့...
ကဲ... သူများ ပျော်ဖို့အရေး
ငိုချင်ရက်နဲ့ ဇာတ်ကွက်ကိုက
ကျွန်တော့် ဘဝ
ဘယ်တော့များမှ လှမှာပါလိမ့်.....

ဒီကဗျာလေးကို ချရေးထားပြီးမှ ကဗျာခေါင်းစဉ်ကို အမျိုးမျိုးတွေ တွေးနေမိတယ် ... နောက်ဆုံးတော့ ကိုယ့်ဆိုဒ်က သီချင်းနားထောင်ရင်းနဲ့ ခု ခေါင်းစဉ်လေးကို စဉ်းစားမိသွားတယ် ... ဆိုင်လား .. မဆိုင်လား မသိပေမဲ့ အဲဒီသီချင်းကိုလဲ သဘောကျတယ် ... ဘ၀ ဆိုတာလဲ မသေမချင်း လှုပ်ရှားရုန်းကန် နေကြရတာမို့ ရွက်လွှင့်နေရသလိုပဲလား လို့ ... တစ်ခါတစ်လေတော့လဲ လေပြေလေးနဲ့ဆိုတော့ ရွက်လွှင့်ရတာ ငြိမ့်လို့ပေါ့ ... အင်း ... မုန်တိုင်းနဲ့ တွေ့တော့လဲ ...........

Tuesday 3 November 2009

လွန်ဆွဲပွဲ



လူမှုဘ၀ နေထိုင်ကြ
တရားတစ်ဘက်
ဓါးတစ်ဘက် တဲ့
ကိုယ်ဆိုတဲ့ ကလေးမ
ဆပ်ကပ်ပညာလဲ မတတ်
ဒါနဲ့များ …..
ဓါးသွားထက် တက်နေသေး…
ဘယ်လို အတွေးမျိုးနဲ့ရယ်မသိ
ပြန်စဉ်းစားကြည့်တော့
မနက်ဖြန်ဆိုတာ မရှိတော့သယောင်...
အလင်း ၊အမှောင်တွေကိုလဲ မသိတော့သယောင်...
ခပ်ကြောင်ကြောင် အတွေးတွေနဲ့ …
အမှတ်မရှိ ရူးမိုက်ချင်နေတုံး…..

Wednesday 28 October 2009

ကြည့်မိသော သတင်းများ (၂ )

                            

                                ခုတလော You Tube မှာ 2012 ခုနှစ်ဆိုရင် ကမ္ဘာကြီးပျက်တော့မယ် ဆိုတဲ့ သတင်းတွေ ပလူ ပျံနေပါတယ် … တစ်ခါ အဲဒီသတင်းပေါ် မူတည်ပြီး ယုံကြည်မှု ရှိ ၊ မရှိ ဆို တဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားတဲ့ ဘလော့ဂ်လေးတွေကိုလဲ ဖတ်ရပြန်တယ် … အဲဒီကနေမှ ဘလော့ဂ်လောကရဲ့ တဂ်ခေါင်းစဉ်အောက်မှာ ကမ္ဘာကြီး ပျက်သွားခဲ့ရင် ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ခါ ထပ်တပ်ပြီး အမေး ၊ အဖြေ ပုံစံလေးတွေ ရေးထား ကြတာလဲ ဖတ်ရပြန်ပါတယ် … အဲဒီ သတင်းနဲ့ ပတ်သက်ပြီးတော့တော့ ကျွန်မ သေချာမသိပါဘူး … အတိအကျ ဖတ်ထားရတဲ့ သတင်းတစ်ခုကိုပဲ အခြေခံပြီး ကျွန်မနားထောင်ဖူးတဲ့ တရားတွေထဲက နားထဲစွဲနေခဲ့တဲ့ အကြောင်းအရာလေးတွေကို ဆက်စပ်ရေးလိုက်မိပါတယ် … ကျွန်မ ဖတ်ရတဲ့ သတင်းကတော့ ကျွန်မတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအဖို့ အရမ်းပဲ ဂုဏ်ယူ ၀မ်းမြောက်စရာ ကောင်းပါတယ် ... ယခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ဘာသာ ရေးဆုကို “ ဗုဒ္ဓဘာသာ ” က ရရှိတယ် ဆိုတဲ့ သတင်းလေးပါ … International Coalition for the Advancement of Religious and Spirituality (ICARUS) အဖွဲ့က ပေးအပ်တဲ့ ကမ္ဘာ့အကောင်းဆုံး (သို့မဟုတ်) လွတ်လပ်မှု အရှိဆုံး ဘာသာရေးဆုကို “ ဗုဒ္ဓဘာသာ” အဖွဲ့အစည်းက ရရှိခဲ့ပါတယ် … သတင်း အပြည့်အစုံ ဖတ်ချင်ရင် ဒီဆိုက်ကလေးမှာ သွားဖတ်ကြည့်နော်… ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ၊ သာသနာဆိုတော့လဲ ဂုဏ်ယူ စရာပေါ့နော် ….. တကယ်လဲ ကျွန်မတို့ ဘာသာဟာ အခြေအမြစ် ခိုင်ခိုင်လုံလုံနဲ့ ရပ်တည် ပေါ်ပေါက်ခဲ့တာပါ … ကျွန်မတို့ ဗုဒ္ဓရဲ့ တရားတော် များဟာ သိပ္ပံနည်းပညာနဲ့ ယှဉ်ရင်လဲ လက်ခံနိုင်ဖွယ် ရှိကြောင်း သိပ္ပံပညာရှင်တွေရဲ့ ထောက်ခံချက်တွေကို ဖတ်ရသလို ကမ္ဘာ့အကျော်အမော် ပုဂ္ဂိုလ်များက ထောက်ခံတာတွေကိုလဲ တွေ့ရ ပါတယ် … အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်တစ်ဦး ဖြစ်ခဲ့တဲ့ နေရူးဟာ ကမ္ဘာ့ကုလသမဂ္ဂမှာ ပြောတဲ့ မိန့်ခွန်းထဲမှာ ဗုဒ္ဓလမ်းစဉ်တွေကို ထည့်ပြောခဲ့ဖူးပါတယ် … ဒီမိုကရေစီ ဆိုတာ ဗုဒ္ဓ၀ါဒက စခဲ့တာ လို့ ဆိုပါတယ် … အိန္ဒိယ၀န်ကြီးချုပ်နေရူးက “ ဟောဒီ ကမ္ဘာလောကကြီးကို Socialism လို့ခေါ်တဲ့ လူမှုရေးသိပ္ပံ ( လူမှု ၀ါဒီကြီး ) နဲ့ တည်ဆောက်ရင် တည်ဆောက် ၊ မတည်ဆောက်ရင် ဗုဒ္ဓလမ်းစဉ်က ဟောကြားတဲ့ တရားတော်များနဲ့ တည်ဆောက် ပြီး နိုင်ငံအသီးသီးက ကျင့်သုံးရင် ဒီကမ္ဘာကြီးဟာ စစ်ပွဲတွေ အလိုလို ရပ်သွားပြီး ဟောဒီ (UN ) လို့ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ အစည်းကြီးတောင် မလိုအပ်တော့ပါဘူး ..” ဆိုပြီး (UN) မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုက မိန့်ခွန်း ထဲမှာ ထည့်ပြောသွားဖူးကြောင်း သူ့မှတ်တမ်းထဲမှာ ဖတ်ရပါတယ်တဲ့ … (ကျွန်မကတော့ ဆရာတော် ဦးကောသလ္လ (ဓမ္မစေတီ ဆရာတော် ) ဟောတဲ့ ထေရ၀ါဒတရား ပွဲဆိုတဲ့ တရားတွေထဲမှာ နားထောင်ဖူးတာ ကို မှတ်မိသလို အဆင်ပြေအောင် ရေးထားတာပါ … ) နောက် တစ်ယောက်က (Men of Century ) မှာ ကမ္ဘာ့စိတ်အ၀င် စားခံရဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ကမ္ဘာ့ သိပ္ပံပညာရှင်ကြီး ( Albert Einstein ) အဲလ်ဗတ် အိုင်းစတိုင်း မသေခင် ပါမောက္ခကြီးတွေနဲ့ အမေး ၊ အဖြေ လုပ်ခဲ့တဲ့ အကြောင်း အရာလေးတွေပါ … ပါမောက္ခကြီးတွေက မေးပါတယ် … “ တတိယ ကမ္ဘာစစ်ကြီးကို ဘယ်နိုင်ငံက စပြီး ဘယ်လို အခြေ အနေ ၊ ဘယ်လို အချိန်မျိုးမှာ ဖြစ်နိုင်ပါသလဲ … ကြိုတင် ဟောကိန်း ထုတ်ပေးပါ …” ဆိုတော့ အိုင်းစတိုင်းက “ တတိယကမ္ဘာစစ် ဘယ်အချိန်ဖြစ်မယ် ဆိုတာတော့ ငါလဲ မသိဘူး … အကယ်၍ စတုထ္တ ကမ္ဘာစစ်ကြီး များ ဖြစ်ရင် လူတွေက လက်သီးနဲ့ပဲ ထိုးကြပြီး လက်နက်တွေ မသုံးကြတော့ဘူး …” လို့ ပြောပါတယ် … ဘယ်လို ဘာသာစကား (Language) ကို သုံးမလဲ ဆိုတော့ “ အင်္ဂလိပ်ဘာသာစကား တစ်မျိုးတည်း ကိုပဲ တစ်ကမ္ဘာလုံးက ၀ိုင်းသုံးလာကြလိမ့် မယ် …” ဘယ်လို ဘာသာရေးကိုပဲ ၀ိုင်းပြီး ကိုးကွယ် ကြမလဲ ဆိုတော့ “ အဲဒီ ဘာ သာစကားကိုပဲ လူတွေ ၀ိုင်းပြီး စုပြောလာတဲ့ တစ်နေ့ကြရင် စကြ၀ဠာ ဘာသာကြီး ဆိုတာ ပေါ်ပေါက်လာ လိမ့်မယ် … အဲဒီ ဘာသာဟာ “ ဗုဒ္ဓဘာသာ” ဖြစ်လိမ့်မယ် … လူတွေရဲ့ သိချင် ၊ တတ်ချင်တဲ့ စိတ်တွေ၊ ငြိမ်းချမ်းချင်တဲ့ စိတ်တွေက အဲဒီ ဗုဒ္ဓဘာသာထဲမှာပဲ ရှာဖွေ တွေ့ရှိလိမ့်မယ်…” လို့ ကမ္ဘာ့သိပ္ပံပညာရှင်ကြီးက ပြောခဲ့ တာပါ … အဲဒီ အချိန်က အိုင်းစတိုင်းဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတာလေး တစ်ခုလဲ ဖတ်ရတာ ရှိတယ် … သူဟာ ဘာသာတရား အားလုံးကို လေ့လာခဲ့ သူပါတဲ့ … ဒါပေမဲ့ ဘယ် ဘာသာကိုမှ မကိုးကွယ်ပဲ ဘာသာမဲ့ တစ်ယောက်အဖြစ် နေထိုင်ခဲ့သူပါတဲ့ … အကယ်၍ မဖြစ်မနေ ဘာသာတစ်ခုကို ကိုးကွယ်ရမယ် ဆိုရင် တော့ “ ဗုဒ္ဓဘာသာ ” ကိုပဲ ကိုးကွယ်ပါ့မယ် တဲ့ … ဘာလို့လဲ ဆိုတော့ ဗုဒ္ဓဘာသာ မှာ “ What , Where , When , Why ” ဆိုတာတွေကို အဖြေ အတိအကျ ပေးနိုင် လို့ပါတဲ့ … ကမ္ဘာ့သိပ္ပံ ပညာရှင်ကြီးက သိပ္ပံနည်းကျပါ လေ့လာပြီး ပြောသွားတဲ့ စကားတွေပါ … အဲလို ခန့်မှန်းချက်တွေကို ကြားရပြီး  ကျွန်မ ကြည့်ရတဲ့ သတင်းထဲမှာကလဲ ကမ္ဘာ့အကောင်းဆုံး ဘာသာရေးဆုကို “ဗုဒ္ဓဘာသာ” က ရရှိလေတော့ နီးစပ်တာလေးတွေ ကျွန်မ စဉ်းစား မိတာပါ … အခု ရေးတာတွေ အားလုံးဟာ ဓမ္မစေတီ ဆရာတော်ရဲ့ တရားတွေ ထဲမှာ နားထောင်ဖူးတာပါ … တချို့အကြောင်းအရာတွေ လွဲနေခဲ့ရင်လဲ ကျွန်မ နားကြားမှားတာပဲ ဖြစ်မှာပါ … ဆရာတော်က အဲဒီအကြောင်း အရာတွေ ဟောပြီး အနှစ်ချုပ်လိုက်တော့ ခု “ ဗုဒ္ဓဘာသာ ” ဆိုတာ ကိုယ်ပိုင် ပစ္စည်း ပါတဲ့ … အိုင်းစတိုင်းပြောတဲ့ တစ်ချိန်များ ရောက်လာခဲ့ရင် အဲဒီအချိန်ကျမှ ကိုယ့်ကိုယ်ပိုင် ပစ္စည်းကို သူများ နားကနေပြီး တဆင့် လက်ဝေခံ ယူသုံးရတဲ့ ဘ၀မျိုး မရောက်စေချင်ဘူး … ဆိုတာနဲ့ တရားလေးကို အဆုံးသတ်ထားပါတယ် … တကယ်လဲ ကျွန်မတို့ ဗုဒ္ဓဘာသာတွေ အင်အားချည့်နဲ့ လာတဲ့အကြောင်း ခုလို ထပ်ပြောထားပါတယ် … ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၄၀၀ လောက်ပဲ ရှိစဉ်အခါက ဗုဒ္ဓဘာသာက သန်း ပေါင်း ၈၅၀ လောက်ဆိုတော့ ကမ္ဘာ့လူဦးရေရဲ့ ၃ပုံ၁ပုံလောက် ရှိနေခဲ့ရာကနေ ခုကမ္ဘာ့လူဦးရေ သန်ပေါင်း ၆၀၀၀ လောက်ရှိလာစဉ်မှာ ခရစ်ယာန် က သန်း ၁၈၀၀ ၊ အစ္စလာမ်က သန်း ၁၀၈၀ ၊ ဟိန္ဒူ ဘာသာဝင်က သန်း ၉၈၀ လောက် ရှိပြီး ဗုဒ္ဓ ဘာသာကတော့ သန်း ၄၀၀ လောက်ပဲ ရှိပါတော့တယ်တဲ့ … အဲဒီသန်း ၄၀၀ ထဲမှာ မှ ထေရ၀ါဒ ဗုဒ္ဓဘာသာက ၁၇၅ သန်းလောက်ပဲ ရှိပါတယ် … အဲဒီထဲကမှ PURE ထေရ၀ါဒကို စစ်တမ်းကောက် မယ်ဆိုရင် ၇၀ နဲ့ ၈၀ ကြား လောက် ပဲ ရှိလိမ့်မယ်လို့ ဆိုပါတယ် …
                               ( အင်း … ကျွန်မ ကိုတော့ ပြောချင်လိမ့်မယ် … ဘုန်းကြီးကျောင်းလေး နှစ်ခေါက် လောက် ရောက်တာ နဲ့ ဘာသာရေးကို ကြီးကြီး ကျယ်ကျယ် ၀င်ဆွေးနွေး နေတယ် ဆိုပြီး … ပြောရင်လဲ ခံဖို့အသင့်ပါ … တကယ်လဲ ကျွန်မကိုယ်တိုင်က ဘာမှ ဖြစ်ဖြစ်မြောက်မြောက် သိလို့ တတ်လို့ ရေးထားတာ မဟုတ်ပါ … ကျွန်မ ကြည့်ရတဲ့ သတင်းလေးကို အားရ၀မ်းသာဖြစ်ပြီး ကျွန်မ ကြားဖူးတာလေးတွေ ဆက်စပ်လို့ ဗုဒ္ဓဘာသာ ဖြစ်ရတာ ဂုဏ်ယူစရာ ကောင်းတာလေးကို ပြောချင်တာ အဓိကပါ … ဘာသာရေးကို စိတ်ဝင်စားတဲ့ မိဘများက မွေးဖွားပေးခဲ့လို့ မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်လာရပြီး ကိုယ်တိုင်လဲ စိတ်ဝင်စားမိလို့ အနဲအပါး နားထောင်မိတဲ့အခါကျတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်လာရတဲ့ ဘ၀ကို ဂုဏ်ယူတတ်ရုံ အဆင့်ပဲ ရှိပါသေးတယ် … ဗုဒ္ဓဘာသာကိုမှ မိရိုးဖလာ မဟုတ်ပဲ ကိုယ်တိုင်က တကယ် ယုံကြည်သက်ဝင်တဲ့ PURE ထေရ၀ါဒ ဗုဒ္ဓဘာသာတွေ ဖြစ်ကြရင် ကမ္ဘာကြီးပျက်မယ်ဆိုလဲ ဘာပူစရာလဲ .. နော … ရင်ထဲမှာ ဘုရားတည်ထားပြီးရင် ဘာတွေပဲ ဖြစ်လာ ဖြစ်လာ ဘာမှ သိပ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ကျွန်မတော့ ထင်မိတယ် … )
                            အားလို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း ထပ်လေ့လာကြည့် ချင်တယ်ဆိုရင် ဓမ္မစေတီဆရာတော် ဦးကောသလ္လရဲ့ တရားတွေကို ဒီဆိုဒ်ကလေးမှာ ဒေါင်းချင်လဲ ရတယ် … မဒေါင်းပဲ နားထောင်လို့လဲ ရတယ် နော် … အားလုံးပဲ ကျွန်မ သူငယ် ချင်းတွေ ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ …

Sunday 25 October 2009

ကထိန ဒါန (သို့) ကထိန် အလှူတော် မင်္ဂလာ


                                ခုတစ်လော အလုပ်ရှုပ်နေတယ် ဆိုတာ တခြားမဟုတ်ပါဘူး … အလှူဒါန ပြုကြသူငါ လုပ်နေလို့ပါ … (အဟက်… ကြွားတယ်လို့တော့ မထင်နဲ့ပေါ့ … ထင်ချင်လဲ ထင်နိုင်ပါတယ် … ) သီတင်းကျွတ် အခါသမယ ပြီးသွားပြီဆိုတော့ ကထိနဒါန (ကထိန်ခင်း အလှူတော်) လေး လုပ်ဖို့ စီစဉ်ဖြစ်သွားပါတယ် … တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်ကို အကုန်လုံးလဲ ကမ္မကထ္ထ လုပ်ဖို့မနိုင်လေတော့ မတည်ငွေ လှူဒါန်းပြီး လုပ်လိုက်တာ အောင်မြင်စွာ မပြီးဆုံးမချင်း စိတ်မောလူမောနဲ့ အသည်း အသန် လှုပ်ရှားလိုက်ရပါတယ် … ဒီဘက်မှာက ဘုန်းကြီးကျောင်း တော်တော် များများက ဗုဒ္ဓဘာသာကို အခြေခံတာ ဆိုပေမဲ့ အများစုသော ဘုန်းကြီးကျောင်း တွေက မဟာယနဗုဒ္ဓဘာသာ ဆိုတော့ ကိုယ်နဲ့ အဆင်ပြေမဲ့ ထေရ၀ါဒ ဗမာ ဘုန်းကြီးကျောင်းမှ ဖြစ်မှာလေ … ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့်နေ့က ဘုန်းကြီးကျောင်း သွားတက်ရင်းနဲ့ စကားစပ်မိလို့ နောက်လထဲမှာ ကထိန်ခင်း ဖြစ်ရင် ဖိတ်မဲ့ အကြောင်း ဘုန်းကြီးက မိန့်လာပါတယ် … တစ်ရက် ဖိတ်စာ ရောက်လာတော့ သွားဖြစ်ပါတယ် … ဘုန်းကြီးက ကထိန်ခင်းတာ နှစ်တိုင်း ကျင်းပ လာတာ ဆိုတော့ ကျင်းပချင်ပေမဲ့ ဒကာ ၊ ဒကာမတွေကို ခုလို စီးပွားရေး ကျပ်တည်းကြချိန်မှာ အလှူလဲ မခံချင်ဘူး … အားနာတယ် …ဒါကြောင့် စဉ်းစားတိုင်ပင်မယ် ဆိုပြီး အစည်းအဝေးခေါ်လိုက်တာ … ဒါပေမဲ့ ဘုန်းကြီးတို့ ဒကာ ၊ ဒကာမတွေက ဘုန်းကြီး ဘာမှ မပြောရသေးခင်က တပည့်တော်ကတော့ ဘယ်လောက် မတည်မယ် … တပည့်တော်ကတော့ ဘယ်လောက် .. တပည့်တော်ကတော့ ဘာလှူမယ် ဆိုတာတွေ အားတက်သရော လျှောက်လာကြတော့ ဘုန်းကြီးမှာ အတိုင်းမသိ ပီတိ ဖြစ်ရကြောင်း မိန့်လာပါတယ် … အဲဒီတော့ တစ်နှစ် တစ်ခါ ကျင်းပမြဲဖြစ်တဲ့ ကထိန် အလှူတော်ကို ရိုးရာလဲ မပျက်ရအောင် ၊ ဒီမှာ အားလုံးက စီးပွားလာရှာကြတဲ့ သူတွေချည့်ဆိုတော့ ဘ၀အမောလေးတွေလဲ ဒီလိုနည်းနဲ့ပဲ ဖြေဖျောက်နိုင်မှာမို့ အားလုံး ကျပ်တည်းကြမှန်း သိပေမဲ့ ဖြစ်အောင်တော့ လုပ်မယ် … ကိုယ်နိုင်သလောက်နဲ့ တတ်အားသလောက်ပဲ ပါဝင်လှူဒါန်းပါ … အပန်းကြီးမှာတွေတော့ မလုပ်ကြနဲ့ပေါ့ … ဆိုပြီး အစည်းအဝေးမှာ မိန့်လာပါတယ် … အဲဒါနဲ့ ကျွန်မလဲ မတည်ငွေ လှူဒါန်းခဲ့ပြီး နောက်ပိုင်း ပြီးခဲ့တဲ့ရက်တွေမှာ ကိုယ်တိုင်လဲ အသိအပေါင်း အသင်းတွေကို လိုက် နှိုးဆော်ပြီး အလှူခံ ( မျက်နှာတော့ ခပ်ပူပူပဲ - ပူပေမဲ့လဲ မတတ်နိုင်ဘူး ..ဘုန်းကြီးက ပိုပြီး စိတ်ပူနေခဲ့ တာဆိုတော့ ကိုယ်က လူ .. သိပ် ပြဿနာ မရှိဘူး ၊ ဘုန်းကြီးမှာက ဘုန်းကြီးရဲ့ ၀ိနည်းတွေကလဲ စောင့်ထိန်း ရသေး တာ ဆိုတော့… ကိုယ်တွေပဲ နဲနဲလေး မျက်နှာပြောင်ရတာပေါ့လေ .. ) ပြောသာ ပြောတာပါ … အားလုံး ခုချိန်မှာ အလုပ်အကိုင် မကောင်းကြဘူး ဆိုပေမဲ့လဲ အလှူခံ အဖွဲ့တွေ အိုးစည် ၊ဒိုးပတ်တွေနဲ့ သံချပ်တိုင် တဲ့အထဲက လိုပါပဲ ..(ကုသိုလ်ရေးမို့ လက်မနှေးပါတယ် ..ကုသိုလ်ရေးမို့ လက်မနှေးပါတယ် ..) ဆိုတဲ့ အတိုင်းပါပဲ .. ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အရမ်းချစ်စရာကောင်းပုံက အတင်း တိုက်တွန်း ရတယ်ဆိုတာ မရှိပါဘူး .. ပြောလိုက်တာနဲ့ အားလုံးက လိုလိုချင်ချင်ပဲ လှူကြ၊ တန်းကြတာ အားရကြည်နူး စရာကောင်း လှပါတယ် … ဘုန်းကြီးကျောင်းကလဲ သူတို့ရဲ့ အလှူရှင်တွေကို တတ်အားသလောက် အလှူခံလိုက်တာ ဆန်၊ ဆီ ၊ အအေး လှူသူတွေ အပြင် အလှူငွေ ကြည့်ပဲ ဘတ် ခြောက်သောင်းကျော်လောက် ကောက်လို့ ရပါတယ် … ပဒေသာပင် ချည့်ပဲ ၂၄ ပင်ရပါတယ် … ကောက်လို့ရတဲ့ အလှူငွေ နဲ့ ဆန်၊ ဆီ ၊ အအေးများကို ပွဲလုပ်တဲ့ ၂၄ရက်နေ့မှာ လာသမျှ ဧည့်သည် ယုတ်၊ လတ်၊ မြတ် မရွေး ကျွေးမွေးဧည့်ခံလိုက်တာ အရမ်း  အားရ ကြည်နူးစရာ ကောင်းပါတယ် … တကယ့်ကို မြန်မာပြည်က ရွာလေးတစ်ရွာမှာ အလှူကြီး ကျင်းပ နေသလိုပဲ … တကယ်ပီတိဖြစ်မိတယ် … ရေစက်ချ တရားပေးတဲ့ အချိန်မှာလဲ ဘုန်းကြီးက(ဒီလို ခေတ်အခါ ကြီးထဲမှာ ဒီလိုပွဲကြီး ဖြစ်မြောက်အောင်မြင် သွားတဲ့ အတွက် ) မ တည်လှူဒါန်းသူများရော အဘက်ဘက်က ၀ိုင်းဝန်းလုပ်ကိုင်ပေးတဲ့ သူတွေရော ၊ လှူဒါန်းကြတဲ့ ဧည့်ပရိသတ်တွေကိုရော ကျေးဇူးတင်ကြောင်း အထပ် ထပ် ပြောနေရှာတော့ ဘုန်းကြီးကိုတောင် ပြန်အားနာနေမိတယ် … တကယ်တမ်း ကျွန်မ စဉ်းစားမိတာ လေးတစ်ခုက ဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားအောင် ဆောင်ရွက် နေရတဲ့ အလှူခံ ပုဂ္ဂိုလ် သံဃာတော်တွေ မှာလဲ ပြည်သူတွေကို အားကိုးမှီခို နေကြ ရတာမို့ ပြည်သူတွေ ကျန်းမာဖို့ ၊ လုပ်ငန်းဆောင်တာတွေ ကောင်း မွန်စေဖို့ သူတို့လဲ ဆုတောင်းမေတ္တာတွေ ပို့သပေးရင်း သာသနာ့တာဝန်တွေ ထမ်းရွက် နေရတာမို့ ပြည်သူတွေကလဲ ကုသိုလ်ရေးကို လက်မနှေးစေချင်ဘူး … ဒါမှလဲ ကျွန်မတို့ ဗုဒ္ဓသာသနာ ရောင်ဝါတန်ခိုး ဆထက်တိုးမှာ မို့လား … ကျွန်မ ငယ်ငယ်တုန်းက လူကြီးတွေ နောက်ကပဲ လိုက်ဖူးတာဆိုတော့ ဒီလိုမျိုး အလှူပွဲ ကြီးတွေကို မြင်ဖူးပေမဲ့ မသိနားမလည်ခဲ့ဘူး … ခုတော့ အားလုံးပြီးမြောက် အောင် မြင်သွားပြီ ဆိုတော့ စိတ်မော ၊ လူမောတာတွေ အားလုံးပြေပျောက်သွားပါပြီ … မပြီးမချင်းလဲ အလှူငွေ ပြည့်စုံအောင် ရပါ့မလား … စည်စည်ကားကားရော ဖြစ်ပါ့မလားနဲ့ အမျိုးမျိုး တွေးပူ နေမိသေးတယ် … ခုတော့ ထင်ထား တာထက် အဘက်ဘက်က ပြည့်စုံနေခဲ့တာ ကြောင့် ဘုန်းကြီး ကိုယ်တိုင်ကစလို့ ၀မ်းသာ ကြည်နူးနေတာ တွေ့ရတော့ ကျွန်မ အဖို့ ရာတော့ ပြောမပြတတ်အောင် ပါပဲ … ကျွန်မသူငယ်ချင်းများလဲ ကျွန်မနဲ့ အတူ ပီတိကုသိုလ် ခံစားနိုင်အောင်လို့ ပွဲတုန်းက ဓါတ်ပုံတစ်ချို့ကို တင်ပေးလိုက် ပါတယ် … ပဒေသာပင်က ၂၄ ပင်တောင်မှ ဆိုတော့ အကုန်မတင် တော့ပါဘူး … လှတဲ့အပင်လေးတွေနဲ့ ထူးထူးဆန်းဆန်း လုပ်ထား တာလေးတွေ တင်ပေးလိုက် တယ် … အိုးစည်တွေ ၊ ဒိုးပတ်တွေနဲ့ ၊သံချပ်သံတွေ ကြားရတော့ မြန်မာပြည် က ရွာလေးတစ်ရွာ ပြန်ရောက်သွားသလို အလွမ်းပြေရပါတယ် … အရမ်းလဲ ပျော်စရာ ကောင်းပါတယ် … တစ်ချို့လဲ ပဒေသာပင် ပို့ရင်းနဲ့ ကနေကြတာ အကတွေလဲ အစုံ အိုးစည်၊ ဒိုးပတ်ကိုလဲ ဒီဘက်ဓလေ့ နောင်၊ ပေ၊ နောင် တွေလဲ ပါသေးတယ် … ယိုးဒယား လူမျိုးတွေကလဲ ရှမ်းကြီး လူမျိုးက ဆင်းသက်လာတယ် ပြောကြတယ် … အဲဒီတော့ တချို့ ဓလေ့လေးတွေနဲ့ စကား အသုံးအနှုံး တူတာလေးတွေလဲ ရှိတယ် … အလှူအတန်း လုပ်တဲ့နေရာမှာကျ ကျွန်မတို့ ဗမာတွေနဲ့ မတူပြန်ဘူး … ရှမ်းနဲ့ ယိုးဒယားက နဲနဲ ဆင်တယ် … ဒီရောက်တဲ့ ဗမာတွေကတော့ ကျွန်မကြည့်လိုက်တာ ဟိုမရောက် ဒီမရောက်ပေါ့ … ဗမာ အက ကြည့် လဲ မဟုတ်၊ ရှမ်းလား ဆိုတော့လဲ မဟုတ် ယိုးဒယားလား ဆိုတော့လဲ မဟုတ် … ဒါပေမဲ့ အလှူပွဲမှာ တတ်သမျှ မှတ်သမျှနဲ့ ပျော်အောင် ဖန်တီးပြီး တီးဆို ကခုန်နေကြတာတွေ့ ရတော့ အလိုလို သူတို့ အပျော်တွေပါ ကူးဆက်ပြီး လာသမျှ လူတိုင်းရဲ့ မျက်နှာတွေ ပျော်ရွှင် လန်းဆန်း နေတာ ကြည့်ရင်း ကျွန်မတော့ တစ်နှစ် ပတ်လုံး မောထားသမျှ အမောတွေ ဒီတဒင်္ဂဟမှာ အကုန်ပြေသွား သလိုပါပဲ … သူငယ်ချင်း အားလုံး ကျွန်မ နဲ့ ထပ်တူ မဟုတ်တောင် နဲနဲ ဖြစ်ဖြစ် မြန်မာပြည်ကို အလွမ်းပြေစေချင်တဲ့ ဆန္ဒနဲ့ ဒီပို့စ်လေးကို တင်ပေး လိုက် ပါတယ်…




အဲဒီ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ပါ ... အရမ်းသပ္ပါယ်လို့ ရိုက်ထားတာ .....




ပန်းပြင်ထားတာလေးလှလို့ ရိုက်ထားတာ ...





ဆွမ်းဟင်းပြင်ထားတာ ..( ကြက်သား ၊၀က်သား ၊၀က်စတူး၊ ငါး ပဲငပ်ပေါင်း ၊အစိမ်းကြော်၊ ငပိချက် နဲ့ အတို့)





သံဃာတော်များ ဆွမ်း ဘုန်းပေးနေပုံ ( အခြား ကျောင်းတိုက်များမှ ပင့်သံဃာ အပါး ၃၀ နှင့် အတူ )




ပဒေသာပင်ကို လှေပုံ ချိုးထားပြီး သယ်လာတဲ့ ပုံကလေးပါ ...




လှေပုံချိုးထားပြီး လှူဖွယ်ပစ္စည်းတွေကို လှေဝမ်းထဲမှာ အပြည့်ထည့်လို့ ရွက်တိုင်ကြိုးတွေမှာ ၀တ္ထုငွေတွေ သီးထားသေးတယ် ...လှေပေါ်မှာ ဘုရားဆင်းတုတော်အပြင် လှေဦးထိပ်မှာ ရှင်ဥပဂုတ္တ ကိုယ်တော်လဲ ပါသေးရဲ့.. စိတ်ကူးလေး ကောင်းလိုက်ပုံများနော် ...





                         ကျိုက်ထီးရိုးစေတီပုံ ချိုးထားတာပါ .. စလုပ်ခါစကတော့ ပီပြင်ပါတယ် .. သူတို့တွေ ထမ်းရင်း၊ ကကြရင်းနဲ့ ဓါတ်ပုံ ရိုက်တဲ့ အချိန်ကျ နဲနဲ တွန့် နေပါတယ် ... ( ဘာပဲ ဖြစ်ဖြစ် သူတို့တွေ လုပ်ငန်းခွင်တွေနဲ့ မအား လပ်တဲ့ကြားကတောင် စိတ်ကူးကောင်းလေးတွေ လုပ်တတ်လို့ ချီးကျူးမိပါတယ်..)




                               ဒီက ဓလေ့လေးတစ်ခုပါ ... သူတို့ ထိုင်းလူမျိုးတွေ ဘာ အယူလဲတော့ မသိဘူး .. (၉) ဂဏန်း အရမ်းကြိုက် ပါတယ် ... ပစ္စည်းဈေးနှုန်းတွေ ကပ်ရင်လဲ ၁၉ ဘတ် ၊၉၉ ဘတ် ၊ ၁၉၉ ဘတ် ၊ ဈေးများတဲ့ဟာတွေကိုလဲ ၁၉၉၉၀ စသဖြင့် ဈေးနှုန်းကပ်လေ့ ရှိပါတယ် ... ခုလဲ လာလှူတဲ့ ပဒေသာပင်ကို ငွေသားချည့်ပဲ သီးထားပြီး ( ၈၉၉၉) ဘတ် တဲ့ ...



 


 

 
 


                                 ပုံတွေက တင်မယ်ဆို အများကြီးပဲ ... ပဒေသာပင်ကလဲ ၂၄ပင်တောင်မှ ဆိုတော့လေ ... အလွမ်းပြေ ရုံ လောက်ပဲ တင်ပေးလိုက်တယ် ... လှေထွင်းထားတာလေး သဘောကျလို့ ရှေ့ကနေ ရိုက်ပြီး တင်ထားတာ ... အရမ်းပျော်စရာကောင်းသလို အဆင်ပြေတာတွေ မပြေတာတွေ နောက်ထားပြီး အားတက်သရော လှူဒါန်းကြတာ ကြည်နူးစရာ အရမ်းကောင်းလို့ပါ ... အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွှင် နိုင်ကြပါစေ..


Thursday 15 October 2009

လကလေးရဲ့“ လင်း ”

                                တစ်ခုပြီးတော့ လာပြန်ပြီ… နောက်တစ်ခု …သူ လွန်နေပြီ … ရေးချင်အုံးဟဲ့ ဘလော့ဂ် ဆိုပြီး အမြင်ကပ်ကပ်နဲ့ များလားကွယ် … နောက်မရေးနဲ့ဆို မရေးတော့ပါဘူး… (ဒါနောက်ဆုံးပဲလို့ ချစ်ကြိုးတွေ ဖြတ်ကာ လမ်းခွဲ ..) ဟင် မှားသွားလို့ သီချင်းနဲ့ ရောသွားတယ် … ချစ်သယ်ရင်း လေးရေ … ဒါပြီးရင် ခွင့်တင်ပါတယ်… ၂၄ ရက်နေ့အထိ နာ မအားပါဘူး… အရှုပ်တွေ လုပ်နေပါ တယ်.. သြော် မဟုတ်.. အလုပ်တွေ ရှုပ်နေပါတယ် … ဘလော့ဂ်ရေးခြင်း၊ လည်ခြင်းတွေ ခဏ နားပါမယ် … ရတဲ့အချိန်လေး စီဘောက်စ်လေးတော့ လာချောင်းကြည့်ပါ့မယ် …


1. What is your name : လင်း (သိပြီးသားကို အင်္ဂလိပ်လို မေးလိုက် ၊ဗမာလို မေးလိုက်နဲ့ သူ့ဆီမှာ အလုပ် လျှောက်တာ ကျနေတာပဲ)
2. A four Letter Word : လွမ်းလောက်လို့လား ( မောင်စိန်ဝင်း (ပုတီးကုန်း) ရေးတာထင်တယ် .. ငယ်ငယ်က ဖတ်ဖူးတယ်..

3. A boy's Name : လင်းကြယ်ဖြူ ၊ လင်းငယ် ( လွင်မိုးတော့ ကြည့်မရတော့လို့ …)
4. A girl's Name : လင်းကြယ်စင် ( ဘလော့ဂ် နံမည် ဟုတ်ဘူးနော် …)
5. An occupation : လူမှုဝန်ထမ်း ( အဟုတ်မထင်နဲ့ သူများ accident ဖြစ်လို့ သွားကြည့်လိုက်တာ သွေးလဲ မြင်ရော မူးလဲသွားရော…း) အဲ မှန်တယ်ထင်ရင် ကိုယ့်ထမင်းကိုယ်စားပြီး ရှေ့နေလိုက်တဲ့ လူမှုဝန်ထမ်း တော့ ခဏခဏ ၀င်လုပ်မိလို့ ခေါင်းမပေါက်ရုံတမယ်…..)
6. A color : လင်းတဲ့ အရောင် ( လရောင်အလင်းလေးကိုလဲ အေးချမ်းလို့ သဘောကျတယ်… )
7. Something you'll wear : လီနင်ချည် အင်္ကျီ (အေးလို့ ၀တ်ရတာ တကယ်အဆင် ပြေတယ် … အကုန်လာ မေးပြီးတော့ လက်ဆောင်များပေးမလားလို့ တစ်ခါတည်း ကြော်ငြာ ၀င်သွားတာ …)
8. A food : လမုန့် ( ဟိုတလောက လာကျွေးနေလို့ လိုက်စားလိုက်သေးတယ် ..)
9. Something found in the bathroom : လပ်(စ်) ဆပ်ပြာ
10. A place : လွိုင်လင်၊ လင်းခေး ( ရှမ်းပြည်နယ်ထဲမှာ ရှိတယ်.. )
11. A reason for being late : လမ်းတွေ ပိတ်နေလို့ပါ.. :D
12. Something you'd shout : လိုက်မကြည့်နဲ့ !!!!!! ( အဟက် …တစ်မျိုးမထင်နဲ့… လမ်းထွက်လိုက်ရင် ပိုက်ဆံချေးချင်လို့ စောင့်နေတဲ့သူတွေကို ပြောတာ… )
13. A movie title : လမင်းသစ်ပင်
14. Something you drink : လိုင်ချီးစ်ဖျော်ရည် (တကယ်တမ်းတော့ မကြိုက်ဘူး … အနံ့ကြီး ကိုပဲ ခံစားလို့ မရဘူး… လီမွန်တီး သောက်ပြီးသားမို့ အပြောင်းအလဲ ဖြစ်အောင် ကြိတ်မှိတ် သောက်လိုက်တယ်…)
15. A musical group : လေဇီးကလပ်(ဗ်) { Lazy Club}
16. An animal : လင်းတ (လဒ) { တဂ်တဲ့ အကောင်ပြောတာ …သြော်..မှားလို့ မုန်းတဲ့ အကောင် ပြောတာ..}
17. A street name : လသာ ၊ လမ်းမတော် (ပြည်တွင်းဖြစ်ကိုပဲ အားပေးတယ်…)
18. A type of car : လန်ခရူဆာ ( Landrover မစီးချင်တော့လို့ Landcruser ထုတ်စီးတားD)
19. The title of a song : လာချင်ရင် အနီးလေး ( ပြောတော့ ပြောရှာတယ်… အသံသိပ် မထွက် လို့ ဆိုတဲ့
L ဆိုင်းဇီ ပြန်ဆိုထားတာ) လမ်းမကြီးရဲ့ဘေး ( ၀ိုင်းစုခိုင်သိန်း ဆိုထားတာ … မိန်းကလေး အဆိုတော် သိပ်မကြိုက်တဲ့ ကိုယ်က ခုတလော နားထောင်ပြီး တကယ်ကြိုက်နေတာ …)
20. A verb : လုနေသည် …(အချိန်တွေကို …)


                                ကဲ သယ်ရင်းရေ … ကျေနပ်သင့်ပြီ… မကျေနပ်ရင် နာ့ကို အသေသာ လာသတ် လှည့်ပါ တော့ … သိတဲ့ဟာတွေဆို ပိုလဲ ဖြေထားပေးတယ် ... သူကရေးလာတယ် …မေးလ်ထဲမှာ အရင်တစ်ခေါက် အင်္ဂလိပ်လိုရေးပြီးတော့ ကျန်တဲ့သူငယ်ချင်းတွေကို ပြန်မတဂ်လို့တဲ့… ဒီတစ်ခေါက် တဂ်ဖြစ်အောင် တဂ်ပါ ဆိုလာတော့ ချစ်သူငယ်ချင်း စကား အလေး ထားသော အားဖြင့် တဂ်လိုက်ပြီ ….. လူကြီး စာတွေပဲ ရေးပြီး တည်တည်တံ့တံ့ လုပ်နေတော့ တဂ်ချင်ပေမဲ့ မတဂ်ရဲတဲ့ အခင်ဆုံး သူငယ်ချင်းကြီးကို မတဂ်တော့ပါဘူး … ဒါကလေးဘွဲ့ ခံထားတဲ့ ကလေးမသာ (သြော် ... မဟုတ် ကလေးသာသာလေးတွေကိုပဲ တဂ်လိုက်ပြီ..)


၁။ လင်းငယ် (ဘုရားစာတွေ ဖတ်ပြီး ဘုန်းကြီးမ၀တ်ခင် ဒုက္ခပေးချင်လို့ပါ..)
၂။ လင်းကြယ်ဖြူ (ခုတော့ပျောက်နေတယ် .. အင်္ဂလိပ်လိုသူများတဂ်ထားတာ တွေ့လို ဗမာလို တဂ်ပါတယ် …) {ကြိုပြောထားတယ်နော် လ သမားတွေ နာ့ထဲက လာခိုးချနဲ့…}
၃။ အိမ်  ( ပြိုင်ပွဲလုပ်ပြီး သူပေးတဲ့ဆု သူပြန်ရတယ် ဆိုပြီး စိတ်ကြီးဝင်နေတဲ့ အိမ်ကလေးရေ … စဉ်းစားပါအုံး “ အ ” နဲ့ စတာတွေ ကျန်ခဲ့ရင် လာအော်မှာ…ရေးပြီးမှ တင်မဲ့အချိန်ပဲ သွားကြည့်လိုက်တော့ သူများတဂ်လို့ ရေးပြီးနေပြီ… ဇွဲတော့ မလျှော့ပါ … အင်္ဂလိပ်စာလုံး “ E ” ကလေးတွေ စဉ်းစားပြီး ရေးပါအုံး အိမ်ကလေးရေ … အဟက် .. ကျန်တဲ့ စာလုံးလေး လာအော်ချင်လို့ပါ…)
၎။ ချစ်တီး ( အားအားယားယား အာပြဲကြီးနဲ့ အိမ်တကာလှည့်အော်နေတဲ့ ဗုဒ္ဓရိပ်အောက် နေပါတယ် ဆိုတဲ့ အမှန်အကန် ချစ်တီး ကလေး )
၅။ ချမ်းလင်းနေ ( C for Chan တော့ တွေ့ထားတယ် …ဗမာလိုလေးပေါ့ကွယ်..မပြန်ခင် နှိပ်စက်ချင်လို့ပါ …)
၆။ သီဟ (ရင်ဘတ်ကြီးနဲ့ အပြည့်စဉ်းစားပေတော့ကွယ်…)
၇။ ညီညီ (လွဲတတ်ပါတယ် ဆိုတဲ့ လင်းကို ဇောက်ထိုးဖြစ်တဲ့ စကားပုံတွေ ဘလော့ဂ် ရအောင်လို့ စိမ်ခေါ်ထားသူ… ခရီးသွားပြီး ပြန်လာလို့ အားရင် ဒါလေးကို အရင်စဉ်းစား လိုက်ပါအုံးကွယ် … အင်္ဂလိပ်စာ ကျွမ်းသူဆိုတော့ အပိုဆုအနေနဲ့ နှစ်မျိုးလုံးရေးပေးပါ ..း)
၈။ ခွန်သဒ္ဒါ ( သူတို့ဆီမှာ အေးနေပြီ ဆိုတော့ ပျင်းနေမှာ စိုးလို့ …)
၉။ မေလေး (မအားလို့ နားနေရာ ရှာထားပါတယ်ဆို ဘယ်ရမလဲ တဂ်လိုက်ပြီ…)
၁၀။ သက်တန့် ( ဘလော့ဂ်ကျော်လို့ မရလို့ စိတ်ဓါတ်ကျနေရှာတဲ့ မောင်လေးကို အားနာပါးနာနဲ့ ကျော်ခွရခဲ့ရင် အတိုးနဲ့ နှစ်မျိုးလုံး ရေးပေးပါ …)
                                      
                                   ကဲ … အားလုံးမကျေနပ်ရင် သူငယ်ချင်း “ K ” ကိုသာ ၀ိုင်းပြီး အသေသတ်ကြပါ… ၂၄ ရက်နေ့ အထိ တကယ် မအားတော့ပါ …ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ…..

Tuesday 13 October 2009

L For Linn

လင်းရေ...
ဘလော့ဂါ မဟုတ်တဲ့ငါက ဘလော့ဂါကြီး နင့်ကို tag game တစ်ခု လုပ်ချင်လို့ပါ။ အားရင်ရေးပေးပါနော်။ ငါရေးထားတဲ့ tag game ပို့လိုက်ပါတယ်။
                                                                  ဆိုပြီး သူငယ်ချင်း K က တဂ်လာပါတယ် …သူက Face Book account ရှိသူဆိုတော့ ခုတလော Face Book မှာ တဂ်နေကြတာလေးကို ကျွန်မဆီ မေးလ်ပို့ပြီး ရေးလာ ပါတယ်… (သိပ်တော့ မကျေနပ်လှပါ ... ကျွန်မလို မဖြစ်ညစ်ကျယ် အလကားရတိုင်း ရေးချင်တာတွေ လျှောက်ရေးထားသူကို ဘလော့ဂ်ဂါကြီး ဆိုပြီး ပြောလိုက်ကတည်းက ဒါသက်သက်နောက်တာပဲ....)သူက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်ပြီး ကျွန်မရေးတာတွေ စိတ်ဝင်စားစရာ ကောင်းကောင်း မကောင်းကောင်း အရသာ ရှိရှိ ၊ မရှိရှိ အမြဲ ထိပ်ဆုံးကနေ လာရောက် အားပေးတတ်သူမို့ ကျွန်မလဲ သူ့ဆန္ဒလေးကို ဖြည့်ဆည်းပေးချင်လို့ ရေးလိုက်တာပါ … သူစိတ်ချမ်းသာ မှလဲ ဖြစ်မှာလေ… အဆိုလေးတစ်ခုလဲ ကြားဖူးထားတယ် … ဘယ်သူ စိတ်ချမ်းသာမှ ဘာငြိမ်းချမ်းတယ် ဆိုလားပဲ…. အဲဒီတော့ပေါ့ …(ဆားချက်တယ်လို့တော့ မထင်ကြစေချင်ဘူး…အမှန်တော့လဲ ဆားချက်သလို ဖြစ်နေတယ်…)

1. What is your name : Linn
2. A four Letter Word : Love
3. A boy's Name : Lwin Moe ( ဘလော့ဂ်ဂါ သူငယ်ချင်းထဲမှာ လင်းကြယ်ဖြူ၊ လင်းငယ် နှစ်ယောက်တောင်မှ ရှိတာဆိုတော့ မျက်နှာလိုက်တယ် ရှိမှာစိုးလို့ လွင်မိုးကို သနားသဖြင့် ထည့်သုံးထားပေးတာ…)
4. A girl's Name : Laie Laie
5. An occupation : Lecturer  ( တကယ် ဟုတ်ဘူးနော်…)
6. A color : Lavender
7. Something you'll wear : Long Coat
8. A food : Layer Cake
9. Something found in the bathroom : Lolane Shampoo
10. A place : London
11. A reason for being late : Lost track of time
12.Something you'd shout : Listen up! ( Lecturer ဆိုတော့ အဲလို အော်တား)
13. A movie title : L’amore Roast
14. Something you drink : Lemon tea
15. A musical group : Linkin Park ( ကျွန်မနားထောင်တာ မဟုတ်ပါ...ကိုသားကြီးရဲ့ ဘလော့ဂ်ထဲမှာ သူ့ အကြိုက်ဆုံးအဖွဲ့ဆိုပြီး တင်ထားတာ  သွားရှာလာတာ.း)

16. An animal : Lion ( ဒါလေးများ ..သူငယ်တန်းကတည်းက သင်ရတယ်နော..း)

17. A street name : Lancaster Park
18. A type of car : Landrover
19. The title of a song : Leave out all the rest (ကိုသားကြီးတင်ထားတဲ့ Linkin Park သီချင်းပဲ.. တစ်ခု သွား ရှာတာ နှစ်ခုရလာတယ် ..)

20. A verb : Look

ကဲ…သူငယ်ချင်းရေ .. ကျေနပ်နိုင်မယ် ထင်ပါတယ်…

Sunday 11 October 2009

ကြည့်မိသော သတင်းများ(၁)

                  
                                ကျွန်မ ခုတလော ဖျားချင်သလိုလို … ဘာဖျားလဲဆို လွမ်းဖျား ( home sick ဆိုတာမျိုး ဖြစ်မလားပဲ )   အိမ်သေးသေးလေး  ကိုတင်  မဟုတ်ဘူး … ကျွန်မ မေမေ  အပြင်  ကျွန်မကို       မွေးဖွားခဲ့တဲ့
“ မြန်မာနိုင်ငံ” ဆိုတဲ့ အိမ် အကြီး ကြီးကိုရော လွမ်းနေသလိုလို … အဲဒီတော့ ဖျားချင်ချင် ဖြစ်လာရင် သတင်းလေးတွေ ထိုင်ကြည့်မိတယ် … ကြည့်မိတော့ မြန်မာနိုင်ငံလို့ နားစွန်နားဖျား မကြားလိုက်နဲ့ ခေါင်းက အလိုလို ထောင်လာချင်တယ် … ကိုယ့်ရဲ့ မွေးမေမေနဲ့ မခြားတဲ့ အမိမြေကိုး … ဘာ သတင်းပဲ ဖြစ်ဖြစ် စိတ်ဝင်စားနေမိတယ် … ကျွန်မနဲ့ နီးစပ်တဲ့မြေက သတင်းဆိုရင် ပိုလို့ စိတ်ဝင်စားမိတယ် … ခု သတင်းလေးကတော့ ပြီးခဲ့တဲ့ လထဲကဆိုတော့ ကြာပါပြီ … ဒါပေမဲ့ နောက်သတင်း တစ်ခုပါ ကြည့်မိရင်းကနေ အကြောင်းအရာနှစ်ခု ဖြစ်လာတော့ ပို့စ်လေး တစ်ပုဒ်လောက် ရေးချင်စိတ် ဖြစ်မိတယ်… သိပြီးသားတွေလဲ ဖြစ်ချင်ဖြစ်မှာပါ … ခုဟာက ကျွန်မ တွေးမိတာလေးတွေ ရေးကြည့်တာပါ…


                                 ထိုင်းနိုင်ငံမှာမွေး ၊ ထိုင်းနိုင်ငံမှာကြီးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုက သားလေး မောင်သောင်းဒီ အကြောင်းပါ … ယိုးဒယားလိုပဲ မှည့်ထားတာပါ (Mong Thongdee – မောန်ထောဝ်းဒီ ) ဖြစ်မယ် … ဗမာလိုတော့ မောင်းသောင်းဒီပေါ့ … ထိုင်းနိုင်ငံမှာပဲ ကျောင်းနေပြီး ဂျပန်နိုင်ငံ စက္ကူလေယာဉ်ခေါက် ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရပေမဲ့ သူ့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားမိဘက မွေးထား တာမို့ ထိုင်းနိုင်ငံသား မှတ်ပုံတင် မရှိလို့ passport အတွက်တောင် ခက်ခဲခဲ့ရတယ် … ပထမ မြန်မာကလေးမို့ မြန်မာနိုင်ငံ ကိုယ်စားပြုပဲ ယှဉ်ပြိုင်ခွင့်ပေးမဲ့ သတင်းတွေ ထွက်လာခဲ့သေးတယ် … ကျွန်မတောင် အဲဒီ အချိန်က စဉ်းစား နေမိသေးတယ် … တရားမ၀င် အလုပ်သွားလုပ်တဲ့ မိဘများရဲ့ ကလေးမို့ မြန်မာပြည်ကရော ကြည်ကြည် ဖြူဖြူ ပြန်လက်ခံပြီး သူ့အိပ်မက်တွေ အကောင်အထည် ဖေါ်ခွင့်ရနိုင်ပါ့မလားပေါ့… နောက်ဆုံး ထိုင်းဝန်ကြီးချုပ်ရဲ့ ကောင်းမှုကြောင့် သွားခွင့်ရပြီး ယှဉ်ပြိုင် ခွင့်ရခဲ့တယ် … ထိုင်းနိုင်ငံမှာ စက္ကူလေယာဉ်လေးကို လေပေါ်မှာ 12 စက္ကန့်အကြာ ပျံသန်းနိုင်ခဲ့တာမို့ ဂျပန်နိုင်ငံကို သွားရောက်ယှဉ်ပြိုင်ဖို့ အရွေးချယ်ခံခဲ့ရပါတယ် … အစမ်း လေ့ကျင့်စဉ်မှာ 16.45 စက္ကန့်ကြာပြီး ၀င်ရောက်ယှဉ်ပြိုင်စဉ်မှာ 10.53 စက္ကန့် နဲ့ တတိယဆု ရရှိခဲ့ပါတယ် … ပထမများရခဲ့ရင် ၀န်ကြီးချုပ်က သူ့ကို လာတွေ့ဖို့ အားပေးစကား ပြောထားခဲ့တာပါ … အခုလဲ သူတို့ရဲ့ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနက မောင်သောင်းဒီလေး ဘွဲ့ရတဲ့ ထိအောင် တာဝန်ယူပေးတဲ့ သတင်းကြားရတော့ ကလေးအတွက် ၀မ်းသာဂုဏ်ယူမိတယ် … သူ ပြိုင်ပွဲ မသွားပြိုင်ခင် သူ့စိတ်ခံစားချက်ကလေးတွေ ကြည့်ပြီး စိတ်မကောင်းလဲ ဖြစ်ရတယ် … သူ့ကို “ နိုင်ငံမဲ့ ” လို့ ပြောလိုက်တော့ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ၀ဲနေခဲ့ပါသတဲ့ … သွားစဉ် အချိန်ကလဲ temporary passport နဲ့ပဲ သွားခဲ့ရတာပါ … ခုတော့ ဒီကလေးက သူတို့နိုင်ငံက ဂုဏ်ထူးဆောင် ကျောင်းသားဖြစ်တဲ့ အတွက် နိုင်ငံသား တစ်ပိုင်း ဖြစ်သွားပြီလို့ မှတ်ယူလို့ ရတော့ နိုင်ငံမဲ့ ဆိုတဲ့ စကားလုံးလေး ပျောက်သွားတာမို့ သူ့အတွက် ၀မ်းသာပီတိ ဖြစ်မိတယ် … ထိုင်းနိုင်ငံသား ဖြစ်ချင်တဲ့ သူ့အတွက်ကလဲ ထိုင်းနိုင်ငံသား ဖြစ်တာသည်သာ သူ့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်မတော့ ထင်မိတယ် … ဒီလိုတော်တဲ့ ကလေးဖြစ်နေတဲ့ အတွက် သူ့မှာ စိတ်ကူးတွေ ၊ မျှော်လင့်ချက်တွေ ရှိနေခဲ့တယ် … သူ့စိတ်ကူးတွေ အကောင် ထည်ဖေါ်နိုင်ဖို့ ဆိုတာလဲ ဒါမှ ဖြစ်မှာလေ … ကျွန်မ ထင်တယ် … လူတိုင်းနီးပါး ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုးကိုပဲ ချစ်ပြီး ကိုယ်ရေမြေမှာပဲ နေချင်ကြမှာပဲ … ဒါပေမဲ့ လူတိုင်းဟာ ကိုယ့်အကြောင်း နဲ့ကိုယ် ကိုယ့်ဘ၀ အသက်ရှင်ရပ်တည်မှုတွေ အတွက် ပုံစံအမျိုးမျိုးနဲ့ ရုန်းကန်နေကြရတယ် … မောင်သောင်းဒီလို ကလေးတွေနဲ့ မိဘတွေလဲ အပါအ၀င်ပေါ့ … တရားဝင် နေထိုင်ကြတာ ရှိသလို တရားမ၀င်တွေလဲ အများကြီးပဲ … တရားမ၀င် ရပ်တည်ရတဲ့ အခါ ကိုယ့်ဆီ ပြန်မယ် ဆိုတော့လဲ မလွယ် သူများဆီမှာ နေရတော့လဲ ကျီးလန့်စာစား တော်တော် စိတ်မကောင်းစရာတွေ တွေ့ရပြီး နိုင်ငံမဲ့ ဆိုတဲ့ နံမည်လေးတွေလဲ အလိုအလျောက် ရကြရတယ် … မောင်သောင်းဒီလေး ရွေးချယ်မှုကို အားလုံး နားလည်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ် …. အဲဒီသတင်းတွေ (Thai channel ) တွေက လွှင့်တုန်းက ကြည့်လိုက်ရတာပါ …
                                 မောင်သောင်းဒီလေး အကြောင်း ဖတ်ချင်ရင် ဒီမှာ ဖတ်နော် ...

                             ခေါင်းစဉ်ကိုကြည့်ပြီးလဲ ၀မ်းနည်းပက်လက် မဖြစ်ကြနဲ့အုံး … အဲလိုမျိုးတွေ တကယ်အများကြီးပါ … စိတ်မကောင်းတာကလွဲလို့ ကိုယ်လဲ ဘာမှ မတတ်နိုင်တဲ့ အကြောင်းတရားတွေ ဖြစ်နေတယ် …


                              


                             နောက်သတင်းတစ်ခု ( dvb ) ကနေ October 5 ရက်နေ့က ကြည့်လိုက်ရတယ် … ဒီသတင်းကလဲ 4 လ ပိုင်းကတည်းက ဆိုတော့ တော်တော် ကြာပါပြီ … ကျွန်မက ဟိုးတစ်နေ့ကမှ ကြည့်လိုက်ရတာ … ပြန်ရှာဖတ်တော့ ပြီးခဲ့တဲ့ 4 လပိုင်းကတည်းက ဖြစ်နေတယ် … အဲဒါကတော့ Energy Globe ဆုကို ( Fire ) အတွက် မြန်မာနိုင်ငံက ရရှိ သွားကြောင်း တွေ့လိုက်ပါတယ် … မြန်မာနိုင်ငံ ဆိုပေမဲ့လဲ အဲဒီနေရာကလဲ ထိုင်း ၊မြန်မာ နယ်စပ်မှာ ရှိပြီး ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ နေရာလေးပါ … ဆေးခန်းလေး ဖွင့်ထားပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည် စခန်းအတွက် အဓိက ဖွင့်ထားတာပါ … နေရောင်ခြည် စွမ်းအင်သုံး (Solar) ကို အသုံးပြုပြီး မီးအလင်းများလဲ ရရှိလို့ အခြား အရေးပေါ် ခွဲစိတ်မှုတွေလဲ အောင်မြင်စွာ ဆောင်ရွက်နိုင်သလို ဆေးသိုလှောင်မှု စနစ်အတွက်လဲ ကောင်းစွာ အထောက်ကူ ပြုနိုင်ခဲ့ပြီး အကျိုးများစွာ ဖြစ်ထွန်းခဲ့တဲ့ အတွက် (Energy Globe – Fire ) ဆုကို မြန်မာနိုင်ငံ နံမည်တပ်ပြီး ရရှိခဲ့ပါတယ် … ( Earth , Fire , Water , Air , Youth ) ဆိုပြီး ငါးဆု ရွေးချယ်ပေးအပ်ပြီးချိန်မှာ ( World Energy Globe ) ဆုကို တစ်ခါတည်း မဲပေးစနစ်နဲ့ အားလုံးအပြီးမှာ ထပ်မံရွေးချယ် ကြေငြာ ပါတယ် … မြန်မာနိုင်ငံကပဲ အားလုံးထဲမှာ 35% နဲ့ ဆုရရှိခဲ့ပြန်ပါတယ် … ကျွန်မလဲ ကြည့်နေရင်းနဲ့ (ကျွန်မတို့ မြန်မာနိုင်ငံကို သနားလို့များ မဲတွေ ထည့်နေကြသလားလို့ ) ကပေါက်တိကပေါက်ချာ တွေးမိရင်း ကိုယ့်ကိုယ်ကို ရယ်ချင်မိတယ် … သြော် … ကျွန်မကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုင်တာတွေ မဆိုင်တာတွေ အသာထားလို့ မြန်မာနိုင်ငံလို့ ခေါင်းစဉ်တပ် တပ်ပြီး ဆုရရှိတာကို ကျေနပ်ပီတိတွေ ဖြစ်နေမိသေးတယ် … မောင်သောင်းဒီလေးလဲ အခြေအနေအရ ထိုင်းနိုင်ငံသား ဖြစ်ချင်ပေမဲ့ အမှန်တကယ် မြန်မာမိသားစု (ရှမ်းတိုင်းရင်းသား) တွေကနေ ပေါက်ဖွားပြီး ကမ္ဘာသိ ထိုင်းနိုင်ငံသား ၊ မြန်မာလူငယ်လေး အဖြစ် ၀မ်းသာ ဂုဏ်ယူမိတယ် … မြန်မာနိုင်ငံလို့ ကြားလိုက်တဲ့ သတင်းတွေကြည့်ပြီး တွေးမိတာလေးတွေ ရေးလိုက်တာပါ…
                                      Energy Globe ဆုပေးတာလေးကို အသေးစိတ် ကြည့်ချင်ရင် ဒီမှာ ၀င်ကြည့်နော် … (Video ကြည့်ချင်ရင်ပေါ့ ) အားရင် အချိန်လေးပေးပြီး ကြည့်ကြည့်ပါ… ကိုယ်စားပြု ဆုတက်ယူတဲ့ အမျိုးသမီး ကျေးဇူးတင် စကားပြောရင်း ပြုံးပျော်နေတာ ကြည့်ပြီး အလွမ်းတွေပြေ သွားသလိုလိုပဲ …

စာဖတ်ကြည့်ချင်ရင် ဒီမှာ ၀င်ဖတ်ကြည့်နော် ....

Tuesday 6 October 2009

ဖေဖေ



မေမေက ကျွန်မ အတွက် လမင်းကြီးဆိုရင်
ဖေဖေက နေမင်းကြီး ဖြစ်လိမ့်မယ်…
အမြဲတမ်း အလင်းရောင်တွေကို ပေးခဲ့တဲ့ ဖေဖေ
ခဏပဲ ဖြစ်ဖြစ်လွမ်းခွင့်တော့ ပေးပါ…
ဟိုး ငယ်ငယ်တုန်းကလဲ ဖေဖေ့ မျက်နှာ
ကမ္ဘာလုပ်ပြီး ပတ်သွားနေခဲ့ဖူးတယ်…
ခု တစ်ယောက်တည်း လျှောက်သွားရတဲ့အခါ
သမီးခြေလှမ်းတွေ အလဲလဲ အပြိုပြိုနဲ့
အားတင်းထားရတယ်ဖေဖေ…
ကျွန်မစိတ်ဓါတ်တွေ တစ်စစီ ပြိုကျပျက်စီးရင်လဲ
ဖေဖေပဲ တစ်စစီ ပြန်ကောက်ဆက်လို့
သမီးကို ပြန်ကောက်တပ်ပေးဖူးတာ သမီးမေ့မရပါ …
ကျွန်မ အသက်တွေသာ ကြီးလာတယ်…
စိတ်ဓါတ်တွေ မရင့်ကျက်နိုင်တဲ့ သမီး တစ်ယောက်ကို
ဘယ်နေရာရောက်ရောက် စိတ်မချတတ်တာ
ဖေဖေ့ အမှားမဟုတ်ပါ…
အသက်တွေ ကြီးလာပြီး
စိတ်ဓါတ်တွေ မရင့်ကျက်တဲ့ သမီးကလဲ
ဖေဖေ့ ရှေ့ရောက်ရင်
လောကကြီးအကြောင်း မသိတဲ့
ပီဘိ ကလေးငယ်လေးပါ…
ဖေဖေကလဲ ခွင့်လွှတ်အပြုံးတွေနဲ့
သမီးကို ရင်ခွင်ထဲမှာထား
ဆံပင်လေးကို သပ်ပေးလိုက်တဲ့အခါများ
လောကကြီးက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင်
သာယာနေပြန်ရော ဖေဖေ …
ဘယ်နေရာတွေပဲ ရောက်ရောက်
ဘယ်လောက်ကောင်းတဲ့ အစားတွေပဲ စားစား
ဘယ်လောက်ကြီး တိုးတက်ပါတယ်ဆိုတဲ့ ကမ္ဘာကိုပဲ သွားရပါစေ …
ဖေဖေ ရင်ခွင်လောက် သာယာပြီး လုံခြုံနိုင်တဲ့နေရာ
သမီး ရှာလို့ မတွေ့သေးပါ ...
မှတ်မိနေသေးတယ်ဖေဖေ…
ဟိုး….. မြို့ငယ်လေးဆီကနေ
လောကကြီးအကြောင်း ဘာမှမသိတဲ့
သမီး ကျောင်းသွားတက်တော့
စိတ်မချတဲ့ မျက်လုံးအစုံ
မျက်ရည်တွေ ၀ဲနေတာ
မြင်ယောင်နေတုန်းပဲ… ဖေဖေ
အဲလိုပဲ ဖေဖေ ခင်းပေးတဲ့ လမ်းပေါ်လျှောက်ရင်း
ဖေဖေ ဖြစ်စေချင်တဲ့ ပညာတတ် နံမည်လေးရလို့
အလုပ်ခွင်ထဲ ရောက်လို့ သွားပြန်တော့လဲ
ဖေဖေ့ရဲ့ မျက်လုံးထဲက အရင်တုန်းကလိုပဲ
မပြောင်းမလဲ စိတ်မချတတ်နေတုန်းဆိုတာ
သမီး သိနေတယ် … ဖေဖေ
သမီးကို မရိုက်ရက်ခဲ့တဲ့ဖေဖေ
လောကဓံရိုက်ချက်တွေ ခါးစည်း ခံနေရတော့
ရင်ထဲ မချိအောင်ပဲ… ဖေဖေ
မချိပေမဲ့ ဖေဖေ
လူတိုင်း တစ်နေ့ သွားရမဲ့လမ်း
ဖေဖေ့ သမီးဆိုတဲ့ ပီဘိကောင်မလေး
ပိုလို့ မစွမ်းတာ ခွင့်လွှတ်ပါ … ဖေဖေ...
ခုတော့ သမီးတစ်ယောက်တည်း
ဖေဖေမပါပဲ လျှောက်တဲ့လမ်း
ဆူးခင်းလမ်းကို ကြုံလဲ ပြုံးပြုံးလေးနဲ့ ဟန်လုပ်လို့
ဖေဖေ သင်ပေးထားတဲ့
လောကနီတိလေးကို ရင်မှာထား
သမီး လျှောက်သွားနေရတယ်…ဖေဖေ
ပန်းခင်းလမ်းနဲ့ တွေ့တော့လဲ
ဖေဖေပြောတဲ့ ဘ၀မီးပွိုင့်ကြီးကို သတိရလို့
စိမ်းပြီးရင် ၀ါ ၊ ၀ါပြီးရင် နီမှာ သဘာဝမို့
တအား မပျော်ရဲ ခဲ့ပါဘူးဖေဖေ…
စိတ်တွေ ဆောက်တည်ရာမရတဲ့အခါ
ငိုစရာ ဖေဖေ့ရင်ခွင်မရှိတော့ပေမဲ့
ဖေဖေ သင်ပေးတဲ့ လောက သင်ခန်းစာတွေ
ရင်ထဲ ထည့်လို့ လျှောက်သွားနေတတ်ခဲ့ပြီ … ဖေဖေ …
ကဲ … ဒါဆို … ဖေဖေ …
သမီးကို စိတ်မချတဲ့ မျက်လုံးတွေ စုံမှိတ်သွားတဲ့ အခိုက်
ဖေဖေ သွားမဲ့လမ်း အကောင်းဆုံး ဖြစ်မဲ့လမ်းကို
ဖြောင့်ဖြောင့်တန်းတန်း လျှောက်လို့လှမ်းပါ… ဖေဖေ…
သမီးလဲ ဘုရားရှိခိုးတိုင်း ဆုတောင်းလို့
ဖေဖေသွားမဲ့လမ်း ဖြောင့်တန်းပါစေ…
ကောင်းရာ မွန်ရာ ရောက်ပါစေ …
ရှိခိုးဦးခိုက် ကန်တော့လိုက်ပါတယ်…ဖေဖေ


                          ကဗျာထဲက ကျွန်မကို စိတ်မချတတ်တဲ့ ကျွန်မရဲ့ဖေဖေ ကျွန်မကို စိတ်ချလက်ချ ထားပစ်ခဲ့တာ ဒီနေ့ဆို ရှစ်လ တင်းတင်းပြည့်သွားပြီ… ကျွန်မရဲ့ နောင်မှရတဲ့ နောင်တလေး အကြောင်းပါ... ကျွန်မလိုမျိုး မကြုံရအောင်ပါ … ကျွန်မ ဖေဖေ နေမကောင်းဘူးလို့ အိမ်က ဖုန်းဆက်လာတော့ အမြဲတမ်း ကျန်းမာရေး ကောင်းတတ်တဲ့ သူဆိုတော့ အရမ်းကြီးဖြစ်တယ်လဲ မထင်ထားခဲ့ဘူး… ကျွန်မ ဖေဖေက အသက်သာ ၇၅နှစ် ရှိလာတယ် … အဖျားအနာ သိပ်မရှိခဲ့ဘူး… သူ့ကိုယ်သူလဲ အမြဲ လူငယ်လေး တစ်ယောက်လိုပဲ နံနက် မိုးလင်းရင် လ္ဘက်ရည်ဆိုင်လေး ထိုင်လိုက်ရမှ ( အိမ်က ဘယ်လောက်ကောင်းတဲ့ ကော်ဖီမျိုးပဲ ဖျော်ဖျော် ဆိုင်က လ္ဘက်ရည်ကမှ ပိုပြီး အရသာရှိတာလို့ ထင်တတ်သူပါ..) လ္ဘက်ရည်ဆိုင် ထိုင်တဲ့ အရသာကိုပဲ ကြိုက်တာလား … လ္ဘက်ရည်ကိုပဲ ကြိုက်တာလား ကျွန်မ သေချာမသိခဲ့ဘူး… ကျွန်မ သိတာတော့ ကျွန်မရန်ကုန်ကို ပြန်ရောက်တဲ့ အချိန်တိုင်း လ္ဘက်ရည်ဆိုင်ထိုင်ဖို့ မဲဆွယ်လေ့ ရှိတယ် .. ရန်ကုန်မှာ တစ်နေရာရာ မသွားလိုက်နဲ့ .. သွားလိုက်လို့ ဘယ်မြို့နယ်ထဲက Lucky Seven လ္ဘက်ရည်ဆိုင်ပဲ တွေ့တွေ့ ထိုင်လိုက်ချင် သေးတယ် … ဆူးလေ နား အကြောင်းကိစ္စ ရှိလို့ သွားရင်လဲ မင်္ဂလာ လ္ဘက်ရည်ဆိုင်ထိုင်ရအောင် ဆိုပြီး မမေ့မလျော့ သတိပေးတတ်တယ် … (အဲဒီလောက် လ္ဘက်ရည်ဆိုင် ထိုင်ချင်သူ) နေမကောင်း ဖြစ်နေတဲ့ ကြားကတောင် လ္ဘက်ရည်ဆိုင် သွားချင်တယ် ပြောလို့ ကျွန်မရဲ့ အစ်မနဲ့ သူ့မြေးကို ခေါ်ပြီး ရွှေဂုံတိုင်က “Lucky Seven” လ္ဘက်ရည်ဆိုင် သွားပြီး ပြန်လာလို့ အိမ်လဲ ရောက်ရော မူးလဲ သွားတာ သတိလစ် သွားခဲ့တယ်တဲ့ … အဲဒီ အချိန်ထိလဲ ကျွန်မ မရောက်သေးဘူး… မနက်ပိုင်းဖြစ်လို့ ဖုန်းဆက်ပြီး ညပိုင်းကျ သတိပြန် ရလာတော့ သိပ်စိတ်မပူခဲ့မိဘူး … နောက်နေ့ ကျလဲ ကျွန်မနဲ့ ဖုန်း ပြောနိုင်သေးတယ် ဆိုတော့ ကျွန်မလဲ ခပ်ပေါ့ပေါ့ ပေါ့… ကျွန်မ အစ်မတော် တွေကိုတော့ မပေါ့ဖို့ ဆေးခန်း သွားပြဖို့တွေ တိုက်တွန်းရင်းနဲ့ ဖုန်းနဲ့ပဲ ကျွန်မ မှာနေခဲ့မိတယ် … ဆေးခန်း သွားပြတော့ လိုအပ်တာတွေ စစ်ဆေးပြီး ဆရာဝန်က ဆေးရုံတက်ဖို့ တိုက်တွန်းပါတယ် … ဖေဖေကလဲ ကျွန်မ အဖေပီပီ ခေါင်းမာစွာနဲ့ ပေကပ်ပြီး မတက်ခဲ့ဘူး… အိမ်မှာ ဆေးသောက်ရင်းနဲ့ မသက်သာပဲ သူ့ဝေဒနာတွေ နာကျင်တဲ့အခါ ညဆို မအိပ်နိုင်ပဲ ကယောင်ကတန်းတွေ အော်နေခဲ့တယ်ဆိုပြီး အိမ်က ဖုန်းဆက်လာပါတယ် …(ကျွန်မကို ဒုက္ခများတယ် .. မမှာနဲ့လို့ ပြောတဲ့ ကြားထဲက ) ကျွန်မ အစ်မက လာရင် ကောင်းမယ်ဆိုမှ အလုပ်တွေ ကမန်းကတန်း ဖြတ်ပြီး ရောက်သွား ပါတယ် … ကျွန်မရောက်တယ် ဆိုရင်ပဲ ရောက်ကြောင်း ပြောပြီး “ ဖေဖေ ဆေးရုံတက်မှ ဖြစ်မယ် … အိမ်မှာ ဒီလို ဝေဒနာကြီးကို ခံစားနေလို့ ဘယ်ဖြစ်မလဲ … ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသ မှုတွေ ခံယူလိုက်မှ နေကောင်းမှာပေါ့ ” ဆိုပြီး ကျွန်မ ပြောတော့ နှစ်ခွန်း မတိုက်တွန်းလိုက်ရဘူး … ချက်ချင်း တက်မယ် ဆိုတော့ သင်္ကန်းကျွန်း စံပြဆေးရုံကြီးမှာ တင်ဖြစ်တယ် … ဆေးရုံ ရောက်တဲ့ညပဲ သတိလစ်သွားလိုက်တာ ဆရာဝန်တွေ အတော်ဂရုစိုက်ပြီး ကုသလိုက်တာ နှစ်ရက်လောက် နေတော့ ပြန်သတိရလာပေမဲ့ တစ်ခါတစ်လေလဲ ကျွန်မတို့တွေကို ကောင်းကောင်း မသိသလိုပဲ … ကျွန်မရဲ့ အစ်မကလဲ မောင်နှမတွေ အကုန်စုံလင်စွာ ရောက်လာကြပေမဲ့ မပြောနဲ့ …ဘယ်သူဘယ်ဝါ ဆိုတာတွေကို … ခုချိန်မှာ ဘုရားစာရွတ်ပေး ၊ ဘုရားတရားကြောင်းပဲ ခေါင်းထဲ ရောက်ပါစေဆိုလာတော့ သူပြောတာလဲ မှန်ပါတယ်ဆိုပြီး ဘာမှ ပြောဖို့ အခွင့်အရေး မရှိခဲ့ဘူး … စံပြဆေးရုံကလဲ သူတို့အပိုင်းက ဒါလောက်ပဲ တတ်နိုင်တယ် … ရန်ကုန် ဆေးရုံကြီးမှာ ထပ်သွားပြပါ ဆိုလာတော့ ကျွန်မတို့ ရန်ကုန်ဆေးရုံကြီးကို ရွှေ့ခဲ့ရပြန်တယ် … အဲဒီမှာ ဆေးသွင်း ဆေးတိုက်နေရင်း တစ်ပါတ်လောက်နေတော့ ကျွန်မတို့ကို စိတ်ချလက်ချ ထားပြီး ထွက်သွားခဲ့ပြီ … အဲလိုနဲ့ ရန်ကုန်မှာ ဆေးရုံတက်တာ နှစ်ပါတ်လောက်နဲ့ ရက်လည်ပြီးလို့ လလည်ဆွမ်းသွတ်တဲ့ အထိနေလိုက်တာ နှစ်လလောက် ကြာသွားတယ် … အဲဒီ နှစ်လကို ဖေဖေရှိနေတုန်း နေမကောင်းစ ဖြစ်ကတည်းက သွားလိုက်ရင် ကျွန်မဖေဖေနဲ့ စကားတွေ ပြောရအုံးမှာ … ခုတော့ ကျွန်မပေးတဲ့ အချိန်နောက်ကျလို့ စကားပြောခွင့် မကြုံခဲ့ဘူး.. အကြောင်းပြချက် ကတော့ အလုပ်မအားလို့ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့ … စဉ်းစားကြည့်တော့ နောင်တတွေ တပွေ့တပိုက်နဲ့ အလုပ်ဆိုတာ ကိုယ်မသေမချင်း လုပ်ရမဲ့အရာပဲ ဆိုတာ နားလည် လိုက်ရတယ် … အချိန်ကာလကို မခွဲခြမ်းတတ်တော့ နောင်တဆိုတဲ့ အရာတွေကိုပဲ လက်ခံ ရရှိလိုက်ရပါတယ် … ( ကျွန်မဖေဖေ ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းရင်း….. သီတင်းကျွတ် အခါသမယမှာ ပိုလို့ သတိရနေမိတယ်…)

ပုံလေးကို  ဒီဆိုက် ကနေ ကူးယူအသုံးပြုပါတယ် ..