Saturday, 14 November 2009

ရွက်လွှင့်ခြင်း ...



ဘ၀ တစ်လျှောက်
လှ .. အောင်တွေလဲ 
မလျှောက်တတ်လေတော့
ဘ၀ဇာတ်ရုံ ရုပ်သေးခုံပေါ်
ဇာတ်ဆရာ အလိုကျ ကလိုရာ ကစေတော့လို့
သူ့လက် ၀ကွက် ထိုးအပ်မိလိုက်တာ
သူ့လက်တွေ ကြိုးမရှုပ်ဖို့အရေး
ကျွန်တော် ဆိုတဲ့ အရုပ်ကလေး...
မင်းသား တစ်လှည့်
လူကြမ်း တစ်လှည့်
နောက်ပိုင်း တစ်လှည့်
လူပျက် တစ်လှည့်
လှည့်လိုက်ရတဲ့ အလှည့်
ချာချာကို လည်လို့.....
မင်းသားအလှည့် ကျွန်တော့်ခမျာ
ဇာတ်ဆရာ အလိုကျ ဟန်ပါပါ ပြုံးလို့ပေါ့...
လာပြန်ပြီ လူကြမ်း
သူ့ဇာတ်နာဖို့အရေး
ကြမ်းလိုက်စမ်း ခပ်ရမ်းရမ်းလေးပေါ့...
နောက်ပိုင်းမင်းသားလေး ကျွန်တော်
ဟစ်အော်လို့ သီကြွေး အလွမ်းတေးလေးတွေနဲ့
ရင်မဆန့်အောင် ငိုကြွေး
ဆွေးလို့တောင်မ၀သေး...
လုပ်ခိုင်းပြန်ပြီ လူပျက်တဲ့...
ကဲ... သူများ ပျော်ဖို့အရေး
ငိုချင်ရက်နဲ့ ဇာတ်ကွက်ကိုက
ကျွန်တော့် ဘဝ
ဘယ်တော့များမှ လှမှာပါလိမ့်.....

ဒီကဗျာလေးကို ချရေးထားပြီးမှ ကဗျာခေါင်းစဉ်ကို အမျိုးမျိုးတွေ တွေးနေမိတယ် ... နောက်ဆုံးတော့ ကိုယ့်ဆိုဒ်က သီချင်းနားထောင်ရင်းနဲ့ ခု ခေါင်းစဉ်လေးကို စဉ်းစားမိသွားတယ် ... ဆိုင်လား .. မဆိုင်လား မသိပေမဲ့ အဲဒီသီချင်းကိုလဲ သဘောကျတယ် ... ဘ၀ ဆိုတာလဲ မသေမချင်း လှုပ်ရှားရုန်းကန် နေကြရတာမို့ ရွက်လွှင့်နေရသလိုပဲလား လို့ ... တစ်ခါတစ်လေတော့လဲ လေပြေလေးနဲ့ဆိုတော့ ရွက်လွှင့်ရတာ ငြိမ့်လို့ပေါ့ ... အင်း ... မုန်တိုင်းနဲ့ တွေ့တော့လဲ ...........

8 comments:

မောင်သီဟ said...

လောကဇတ်ခုံပေါ်မှာ ကိုယ်တိုင်ကရတယ်
မင်းသားလား လူကြမ်းလား
ဇတ်ပို့လား ဇတ်ရံလား
လူရွှင်တော်လား မသေချာဖူး
ကျရာဇတ်ရုပ်ပေါ့ဗျာ
ဒါပေမယ့် ဝေလေလေတော့မဖြစ်ချင်ဖူး
ကဗျာလေးခံစားသွားပါတယ် မလင်းကြယ်စင်
း)

လင်းကြယ်ဖြူ said...

ဘ၀ ဆိုတဲ့ ဘဝ
အပြောလွယ်သလောက် အလုပ် က တကယ်
ခက်သလို ...
ခံစားမှုများစွာကို မွေးဖွားပေးတတ်သေးတယ်..
အကောင်းဖက်ကတွေးရင်တော့
ဆရာတစ်ပါးပဲ..ပညာတွေ အစုံပြတတ်လို့လေ..
ပျော်ပါစေ

khun said...

မရေ
ခွန်တို့တွေအကုန်လုံးဒီလိုချည်းဘဲနော်....
သူ့အလိုကျခွန်တို့တွေကနေကြရတယ်လေ
နိမ့်တချည်မြင့်တလှည့်နဲ့....

Unknown said...

လင်းရေ ပြန်ရောက်ရောက်ခြင်းကို ကဗျာလာဖတ်သွားတယ်။ဇာတ်ဆရာ အလိုကျ ကပြနေရာကနေ စိတ်တိုင်းကျ ကိုယ်ဘဝကို ချယ်မှုန်းနိုင်တဲ့ ဒါရိုက်တာဖြစ်နိုင်ပါစေ။ကဗျာလေးအတော်ကောင်းတယ်ဗျာ။

မေသစ္စာမောင် said...

ဟုတ်တယ်လင်းရေ
ငြိမ့် တစ်လှည့်
မငြိမ့် တစ်လှည့်ပဲ..။

~ဏီလင်းညို~ said...

လင်းရေ...
ကဗျာလေးကို..ခံစားသွားတယ်ဗျာ...။
မုန်တိုင်းထန်တော့လည်း...ရင်ဆိုင်ကြရမှာပေါ့...ကြိုးစားကြရမှာပေါ့နော့ဗျ...။
ဖတ်ရတာ..ကျေးဇူး...ပါခင်ဗျာ...

သိင်္ဂါကျော် said...

ဇာတ်ဆရာ အလိုကျ ကခဲ့ရတာချည်းပေါ့...
အနှစ် ၃၀ ရှိခဲ့ပြီ။

သူရိန် said...

ရောက်တဲ့ ဇာတ်ရုပ်မှာ ကြုံသလိုက ပီပြင်ဖို့တော့ လိုတာပေါ့နော...။ သဏ္ဍာန်လုပ်ရင် သရုပ်တူမှ ပရိတ်သတ် လက်ခံမယ်လေ...။ တုတာမှန်းသိသိကြီးနဲ့ မပီပြင်ပြန်ရင်လည်း လူကမကြိုက်တတ်ပြန်ဘူး။ ပွဲပြီးတော့လဲ ပတ်စာခွာ ဖျာသိမ်းပေါ့။