Saturday, 28 November 2009

ပြန်တွေ့ပြီ...


                       

                       ကျွန်မတစ်ယောက် အလုပ်တာဝန်နဲ့ ဒီနေရာကို ရောက်သွားလိုက်တာ ရှိစုမဲ့စု သူငယ်ချင်းလေးတွေ အဆက်အသွယ် ပြတ်သွားခဲ့တယ် … အဆက်အသွယ် ပြန်ရကြတာလဲ မကြာကြသေးဘူး ...မကြာဆို တစ်နှစ်တောင် မပြည့်ချင်သေးဘူး … ဒါတောင် အကုန်ပြန်မတွေ့ပဲ ကျွန်မရဲ့ ငယ်ငယ်တုန်းက ကျောင်းတက်ဖော် သူငယ်ချင်း ပြောရရင် အပေါင်းအသင်း များများစားစား မပေါင်းတတ်တဲ့ ကျွန်မရဲ့ တစ်ယောက်တည်းသော သူငယ်ချင်း ၊ ကျွန်မရဲ့ အနွံတာတွေကို ခံခဲ့တဲ့ သူငယ်ချင်း ကျွန်မကိုဆို အမြဲပဲ ပေကပ်ကပ် ခေါင်းမာတတ်လွန်းလို့ ဘယ်အချိန် ဘယ်အခါတွေ့တွေ့ စိတ်မချစွာနဲ့ အဆင်ပြေရဲ့လား ဆိုတဲ့ မေးခွန်းကို ထိပ်ဆုံးက ထားမေးတတ်သူနဲ့ ကွဲသွားလိုက်တာ ဆယ်စုနှစ်တွေ လွန်လို့ နောက်ထပ် နှစ်တစ်ဝက် ကျိုးလုနီးနီး … ခုတော့ ပြန်တွေ့ပြီ …..

                         ကျွန်မရဲ့ ဖုန်းနံပါတ်ကို ကျွန်မရဲ့ ဆွေတော်မျိုးတော်တွေနဲ့ သွားတွေ့လိုက်လို့ ရပြီး ကျွန်မကို ဖုန်းဆက်လာတယ် … ဖုန်းထဲမှာ ကျွန်မကို “ ငါ.. ဘယ်သူလဲ သိလား ” တဲ့ ကျွန်မရဲ့ နံမည် အပြည့်အစုံခေါ်ပြီး ဖုန်းဆက်လာသူ ဆိုတော့ တော်တော် ခေါင်းပူအောင် စဉ်းစား ကြည့်လိုက်မိတယ် … ဒါပေမဲ့ ကျွန်မ မျှော်ခဲ့ဖူးတဲ့ အချိန်တွေ ကျော်လွန်မှ ပေါ်လာသူဆိုတော့ ဘယ်လိုမှ အဖြေက ထွက်မလာတဲ့ အဆုံး သူကပဲ “ ငါ ….. လေ ” ဆိုပြီး ဖြေလိုက်မှပဲ ကျွန်မလဲ တအံ့ တသြော ဖြစ်သွားတော့တယ် … အဲဒီသူငယ်ချင်းအကြောင်းကို သိပ်မကြာသေးတဲ့ ကာလတစ်ခုမှာပဲ ပို့စ်တစ်ပုဒ်ကို အခြေခံလို့ အခြား သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်ကြသေးတယ် … ကိုယ်တွေ့လား မေးလာလို့ပါ … ကိုယ်တွေ့ရယ်လို့ တော့မဟုတ်ဘူး .. ဒါပေမဲ့ အဲဒီ ပို့စ်ရေးတဲ့ အချိန်မှာ အဲဒီသူငယ်ချင်းကို သတိရပြီး သူပြောဖူးတဲ့ စကားတစ်ချို့ကို သတိရလို့ ထည့်သုံးမိကြောင်း နဲ့ အဲဒီသူငယ်ချင်းနဲ့ ကွဲသွားလိုက်တာ အတော်ကြာပြီ ဖြစ်ကြောင်းတွေ စီကာပတ်ကုံး ပြောပြနေမိသေးတယ် … မေးမိတာ တစ်ခွန်း ဖြေလိုက်တာ တော်တော်များများဆိုတော့ နားပူသွားရှာတဲ့ သူငယ်ချင်းက ညစ်ကျယ်ကျယ်နဲ့ ကျွန်မ မခံချင်အောင် ပြောလာတဲ့ စကား တစ်ခွန်းကလဲ (သူ့ရဲ့ လက်သုံးစကားအတိုင်း ပညာရှိများ တွေးကြည့်ရင် ပြေးကြည့် တာထက်မှန်တယ် ) ဆိုတဲ့ အဆိုကို မှန်အောင် ထောက်ခံလိုက်သလိုကို မှန်နေပြန်ပါတယ် …

                        ဒါပေမဲ့ ကျွန်မတစ်ယောက် သူငယ်ချင်း အပေါင်းအသင်းခင်တယ် ဆိုတာ သူတို့ရဲ့ စိတ်တွေကို ခင်ခဲ့တာလေ .. ပညတ်ချက်တွေကို ခင်ခဲ့တာ မဟုတ်လို့ ကျွန်မ အတွက်တော့ ဘယ်ပညတ်ချက်မျိုးက ဖြစ်ဖြစ် ကျွန်မတို့ရဲ့ ရှိခဲ့ဖူးတဲ့ သံယောဇဉ်တွေကို မချေဖျက်နိုင်လောက်ဖူးဆိုတာ ကိုယ့်ဘာသာ တွေးနေမိတယ် … ကျွန်မတို့ ပြန်တွေ့ကြတော့ သူတစ်ခွန်း ၊ ကိုယ်တစ်ခွန်း စကားတွေ ပြောမကုန်နိုင်ဘူး … မေးခွန်းတွေကလဲ အပြန်အလှန် တန်းစီလို့ … ဖုန်းထဲမှာ တစ်နာရီ နီးနီး လောက် စကားတွေ ပြောနေတော့ ကျွန်မသူငယ်ချင်းတော့ ပိုက်ပိုက်တွေ တော်တော်ကုန်တော့မှာပဲလို့ တွေးရင်း အားနာ ၊ အားနာပေမဲ့လဲ ပြောဖို့တွေကလဲ မကုန်နိုင်တာမို့ … နောက်နေ့တွေ အားမဲ့ အချိန်တွေ အပြန်အလှန်မေးရင်း ခဏ ရပ်နားထားလိုက်ရတယ် …

                        ကျွန်မရဲ့ ကျန်တဲ့ သူငယ်ချင်း အရင်းကြီးများလဲ စိတ်မကောက်ကြပဲ နားလည်ပေးကြနော် … ( တစ်ဆယ့်လေးနှစ်ကျော် တစ်ဆယ့်ငါးနှစ်နီးနီး ဝေးကွာခဲ့ကြတာကို ပြန်တွေ့ကြရတာ ဆိုတော့လေ …း) ကျွန်မ သူငယ်ချင်းပြောတဲ့ထဲက စကားလေး တစ်ခွန်းနဲ့တင် ကျွန်မကို ဒါလောက် အဆက်အသွယ်တွေ ပြတ်တဲ့ အထိ လိုက်မရှာပဲ နေနိုင်လိုက်တာလို့ ထင်နေခဲ့မိတဲ့ ကျွန်မရဲ့ သံသယလေးလဲ ပါးလျ ပြေပျောက်ခဲ့ရတယ် …  “ ငါ .. နင် နဲ့ အဆက် အသွယ် ရမလားလို့ နင် နေခဲ့ဖူးတဲ့ မြို့ငယ်လေးဆီရောက်တိုင်း တွေ့သမျှလူကို မေးရတဲ့ အကြောင်း …ဘယ်သူကမှ မသိတဲ့ အကြောင်းနဲ့ ခုဒီတစ်ခေါက် တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ ဆွေမျိုး အရင်းကြီးများနဲ့ သွားတွေ့ပြီး ဖုန်းနံပါတ်ကလေး ရလိုက်တာ ဒီကမ္ဘာမှာ ငါလောက်ပျော်တဲ့သူ မရှိနိုင်တော့ဘူး ”  လို့ တွေးမိကြောင်း ပြောလာပါတယ် ... ကဲ … တွေ့လား ... ကျွန်မတို့တွေ အခြေအနေချင်းတွေ ၊ အနေအထားခြင်းတွေ ခြားသွားလဲ တစ်ယောက်အပေါ် တစ်ယောက်ထားခဲ့ဖူးတဲ့ သံယောဇဉ်တွေ မှေးမှိန်မသွားဘူး ဆိုတာ တွေ့လိုက်ရလို့ အတိုင်းမသိ ပျော်နေမိပါတယ် …

                         ကျွန်မမှာလဲ စုစုပေါင်းမှ သူငယ်ချင်းအရင်းရယ်လို့ လက်တစ်ဘက်ချိုး ရေလို့ ရနိုင်ယုံလောက်ပဲ ရှိခဲ့တာပါ … ရှိခဲ့ဖူးတဲ့ သူငယ်ချင်း အားလုံးနဲ့ ခုဆို အဆက်အသွယ် မပြတ် ပြန်တွေ့နေကြပြီ … ကျွန်မ တစ်ယောက် ခုတလော အလုပ်တွေလဲ ရှုပ် ၊ စိတ်တွေလဲ ရှုပ်နေခဲ့ရပါတယ် … အဆိုးထဲက အကောင်း တစ်ခုက ကျွန်မ ဒီလို ဖြစ်နေချိန်မှာ ကျွန်မရင်နဲ့ ရင်းပြီး ခင်ခဲ့ရသလောက် ကျွန်မအပေါ်မှာလဲ တုန့်ပြန်မှု အားကောင်းစွာနဲ့ ကျွန်မကို တစ်ယောက်တစ်မျိုး အားပေးဖေးမခဲ့တဲ့အတွက် ကျွန်မရဲ့ သူငယ်ချင်းများကို ကျေးဇူး အရမ်းတင်ကြောင်း ပြောချင်မိတယ် … ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မစိတ်ရော လူရော အားငယ်စွာ ရပ်တည်နေချိန်မှာ သူငယ်ချင်းအားလုံး တစ်ယောက်တစ်မျိုး အားပေးလာကြတော့ ကိုယ့်ဘ၀ ကိုယ် ထင်သလောက် မဆိုးသေးပါဘူးလို့ တွေးရင်း ၀မ်းသာပီတိတွေလဲ ဖြစ်မိတယ် … ခုလိုဆိုတော့လဲ ရှိစုမဲ့စု သူငယ်ချင်းလေးတွေ ကျွန်မဘေးမှာ မားမားမတ်မတ် ရပ်တည်နေကြတဲ့ စိတ်ကလေးတွေကို လှမ်းတွေ့လိုက်ရတော့ ဘ၀က နေပျော် ၊သေပျော် ဖြစ်သွားပြန်ပေါ့ ….

                          ဒုက္ခများမြောင် လူတို့ဘောင်မှာ နစ်မြုပ်လို့ နေတဲ့ ကျွန်မ သူငယ်ချင်းတွေကို တမ်းတရင်း အချိန်တွေကို ကုန်လွန်ဖြတ်သန်းဖို့ ကြိုးစားနေမိပြန်တယ် ... ဆိုတော့ နောက်ရက်တွေ ကျွန်မရဲ့ ချစ်စရာကောင်းသော သူငယ်ချင်းများရဲ့ ကောင်းမွေ ဆိုးမွေ ခံယူရတာလေးတွေ စာစီကုံးရင်း သူငယ်ချင်း K ကိုလဲ ပို့စ်တစ်ခုမှာ ပြောခဲ့ဖူးသလို တစ်ယောက်ချင်းစီ အကြောင်းလေးတွေ ရေးမယ်လို့ စိတ်ကူးထားပါတယ် ... အဟဲ ... မျက်ခုံးတွေ လှုပ်နေကြလောက်ပြီ ... ( ကလောင်စွမ်းကို ကြောက်ရင် ကြိုပြီးလာဘ်ထိုးဖို့တော့ လိုလိမ့်မယ် ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူများတော့ နေနိုင်ပါတယ်...)

11 comments:

ညလင်းအိမ် said...

သူငယ်ချင်းဆိုတာ ဒီလိုပါပဲဗျာ...

သူငယ်ချင်းတယောက်ချင်းစီရဲ့အကြောင်းကို စောင့်မျှော်နေပါမယ်ဗျာ...

~ဏီလင်းညို~ said...

လင်းရေ...
လင်းကံကောင်းတယ်လို့ ကျွန်တော်တော့ထင်တယ်...အဲ့ဒီလို..သူငယ်ချင်းမျိုးတွေရှိခဲ့ရတာ...။
ဆက်ရေးပါဦး...

ခင်မင်အားပေးလျှက်...

Anonymous said...

ငါ့အကြောင်းရေးရင် ကောင်းတာလေးတွေ ရွေးရေးချင်စိတ်ပေါ်ပါစေ၊

လင်းရေ ၊ နေရာချင်းဝေးနေလို့ သတင်းစကားမေးရုံပဲ တတ်နိုင်တဲ့ ငါ့ကိုယ်ငါ အားမရပါဘူး၊ ငါ့သူငယ်ချင်း အစစ အရာရာ အဆင်ပြေ၊ ပျော်ရွှင် စိတ်ချမ်းသာပါစေ၊

K

လင်းကြယ်ဖြူ said...

ဒါကြောင့်ပေါ့
သူငယ်ချင်း ဆိုတဲ့ စကားလုံးဟာ
မိတ်ဆွေ ဆိုတဲ့ စကားလုံးထက် ပိုပြီး အဓိပ္ပါယ်ရှိတယ်
လေးနက်တယ် လို့ .....
ချစ်ခင်ရသူများနဲ့ အချိန်တိုင်း
ပျော်ပါစေ
*.*.*

မောင်သီဟ said...

သူငယ်ချင်းနဲ့ပြန်ဆုံတာသိရလို့ထပ်တူဝမ်းသာမိပါတယ်
ဗျာ

Anonymous said...

အချစ်ဆုံးသူငယ်ချင်းနဲ့ ဆယ်စုနှစ်ကျော် ဝေးပြီး ပြန်တွေ့ရတဲ့ အရသာ ကျွန်တော် မကြုံဖူးပေမဲ့ ဘယ်လို ခံစားရမလဲဆိုတာ ကျွန်တော်နားလည်မိတယ်

ပျော်ရွင်ပါစေ မလင်း

သူရိန် said...

ပျော်နေတာကို မြင်ရလို့ ပျော်လိုက်တာ လင်း.... အမြဲ ပျော်ပါစေ။

Anonymous said...

သူငယ်ချင်းဆိုတာနဲ့
ကိုယ်ငိုတဲ့အချိန်မှာ ပခုံးတစ်ဖက်
ကိုယ်နဲ့အတူ အေးအတူပူအမျှ
သေဖော်ရှင်ဖက်
ဆိုးတိုင်ပင်ကောင်းတိုင်ပင်
မောင်နှမလို သားချင်းလို
မိတ်ရင်းတွေမို့ စိတ်ထဲမှာ သူငယ်ချင်းဆိုတာနဲ့ နွေးထွေးလုံခြုံမှုကို ရသွားတတ်တယ်။

ညီကိုယ်တိုင်လည်း သူငယ်ချင်းတွေ ပျောက်ဆုံး နေကျမို့ ကိုယ်ချင်းစာပြီး လိုက်ပါ ၀မ်းသာမိသွားတယ်.

Unknown said...

သူငယ်ချင်းတွေမှာ သာတာနာတာမရှိနိုင်ဘူး။ မနာလိုမှုကင်း အရှင်းစိတ်ကလေးတွေနဲ့ တစ်ဦးပေါ်တစ်ဦးခင်မင်ခဲ့ကြသူမို့ ဘယ်လောက်ပင်ဝေးကွာခဲ့ကြလဲ တစ်ဦးပေါ်တစ်ဦး တိုက်ဆိုင်မှုတွေရှိတိုင်း ပြန်အောင့်မေ့ သတိတရရှိနေတတ်စမြဲဆိုတာ ယုံကြည်မိပါတယ်ဗျာ။

မေသစ္စာမောင် said...

သူငယ်ချင်း အပေါင်းအသင်းခင်တယ် ဆိုတာ သူတို့ရဲ့ စိတ်တွေကို ခင်ခဲ့တာ...ဆိုတာလေးကိုထောက်ခံပါတယ် လင်းရေ။
ဒါကြောင့်လည်း အခုဆို ဒီသူငယ်ချင်းတွေကို မြတ်နိုးခင်တွယ်တတ်လာပြီလေ..။

မြတ်မွန် said...

ဟုတ်တယ် လင်းရေ..မတွေ့ကြတဲ့ သူငယ်ချင်းတွေ ပြန်တွေ့လိုက်ရတဲ့ ခံစားချက် ကိုမွန်လဲ နားလည်တယ်။ တပါတ်လောက် မတွေ့ရင်တောင် ပြောစရာတွေ တော်တော်များနေပြီလေ နှစ်တွေများကြီး မတွေ့ရတဲ့ သူတွေတော့ ပိုလို့ ပြောစရာတွေ များကြီးပေါ့။
ခင်တဲ့
မြတ်မွန်