Monday, 30 November 2009

အဖြူရောင် သံစဉ်များ အပိုင်း (၁)

                     
                          “ ပြန်တွေ့ပြီ...” ဆိုတဲ့ သူငယ်ချင်းအကြောင်းကို အရင်ဆုံးရေးလိုက်ပြီ … Nick Name လေးပေးပြီး ရေးရင် ကောင်းမယ်ထင်တယ် … “ A ” ပေါ့နော … တကယ်တမ်း ပြောရင် အဲဒီ သူငယ်ချင်းလေး “A ”ကြောင့်မို့ ကျွန်မတစ်ယောက် ဒီနေ့ဒီအချိန် ဘလော့ဂ်ပေါ်မှာ မတောက်တခေါက် စာတွေနဲ့ ခြေချနိုင်ဖို့ အားသစ်တွေ မွေးဖွားပေးခဲ့သူလို့ ဆိုရင်လဲ မမှားဘူး .. ဘာလို့လဲ ဆိုတော့ ကျွန်မတို့ အထက်တန်း ကျောင်းသားဘ၀ နံရံကပ်စာစောင်တွေ ကဗျာတွေ စာစီစာကုံးတွေ ပြိုင်ရင် ကျွန်မကိုလဲ မဖြစ်မနေ ၀င်ပြိုင်နိုင်ဖို့ အထောက်အကူပြု စာအုပ်တွေ ရှာပေးရင်း သူကိုယ်တိုင်လဲ ၀င်ပြိုင်ရင်း ကျွန်မနဲ့ ပထမ နေရာကို လုကြရတာလဲ အမောပေါ့ …( အဟက် ကြုံတုံးလေး ကြွားတဲ့သဘော ...းD )

                        အဲလိုနဲ့ ကျွန်မ တစ်ယောက် ကျောင်းစာတင်မက အပြင်စာတွေကိုလဲ ဖတ်ဖို့ စိတ်ဝင်စားလာတဲ့ အခါ မှတ်မှတ်ရရ ကျွန်မ ၆တန်းနှစ် လောက်ပေါ့ ... အိမ်က စာအုပ်ဗီရိုကြီးကို ဖွလိုက်တာ … ပထမဆုံး စဖတ်ဖြစ်တဲ့ ၀ထ္တုစာအုပ်ကို ခုထိသတိရ နေတုန်း ...  ယုဝတီ ခင်စိန်လှိုင်ရေးတဲ့ “ စိန်စီတဲ့ တေးတစ်ပုဒ် ” ပါ … ပထမဆုံး ဖတ်ဖူးတဲ့ ၀တ္ထုဖြစ်သလို အရမ်းလဲ ဖတ်လို့ သဘောကျ သွားမိတယ် … အဲလိုနဲ့ ကျွန်မတို့ အိမ်မှာ စာအုပ်တော်တော်များများ ရှိတာလေးတွေကို တစ်အုပ်ပြီး တစ်အုပ် လိုက်ဖတ်နေမိတယ် … ယောနသံစဉ်ဆိုတဲ့ စာအုပ်ကိုလဲ နားမလည် တလည်နဲ့ ဖတ်တာ မှတ်မိတယ် .. ပြီးတော့ “ဘေဘီလုံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်” တို့ “သောကကင်းဝေးနေနိုင်ရေး” တို့ အဲလိုစာအုပ်တွေလဲ နားမလည်သေးပေမဲ့ ဆွဲယူ ဖတ်မိဖူးတယ် … (တွေ့တာဆွဲဖတ်ကြည့်လိုက်တယ် ပြောတာပါ ..း) “ သောကကင်းဝေးနေနိုင်ရေး ”ကို ဖတ်ဖူးတာတော့ ဟိုးငယ် ကတည်းကပဲ … ဒါပေမဲ့ စိတ်ထဲ မစွဲလို့လား … ကိုယ်တိုင်ကပဲ စိတ်မထား တတ်သေးလို့လား မသိဘူး … ခု အသက်တွေသာ ကြီးလာတယ် သောကကင်းဝေးအောင်လဲ မနေတတ်သေးဘူး ...း)

                        စိတ်ထဲစွဲခဲ့တဲ့ စာအုပ်ကတော့ ခုနပထမဆုံး ဖတ်ဖူးတဲ့ စိန်စီတဲ့ တေးတစ်ပုဒ်ထဲက ဇာတ်ကောင် မိန်းကလေး နံမည် ခိုင် ပါခဲ့တာက စလို့ နောက်ပိုင်း ခိုင်ပါတဲ့ စာအုပ် တော်တော် များများ ကိုလဲ ပြန်စဉ်းစား ကြည့်တော့ ကိုယ်နဲ့ ဘာမဆိုင် ညာမဆိုင် အရူးထပြီး ကြိုက်နေခဲ့ မိဖူးသေးတယ် … ( “တက္ကသိုလ် ဘုန်းနိုင်ရေးတဲ့ သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မည် ခိုင်” ရောအပါအ၀င် ပေါ့ …)

                          သူငယ်ချင်း “A” ပေါ့ … နဲနဲ အတန်းကြီးလာတော့ သူက အပြင်စာအုပ်ဆိုင်ကနေ သူဖတ်ပြီး ကောင်းတယ် ဆိုတာလေးတွေ ပြန်ငှားလာပြီး ပေးဖတ်တယ် … ကျွန်မရဲ့ ဖေဖေကလဲ ကျွန်မကို ကျောင်းစာအုပ်ကလွဲလို့ အပြင်စာအုပ်ကိုင်တာတွေ့ရင် လုံးဝ မကြိုက်ခဲ့သလို ပေးလဲ မဖတ်ခဲ့ဘူး … တစ်ခါလဲ ကျွန်မကဆိုးတာလား ၊ ကျွန်မဖေဖေကဆိုးတာလား ဝေဖန်ကြည့်ပေါ့ ..နော .. “A” ငှားလာပေးတဲ့ စာအုပ်ကလေးကို ကျောင်း စာအုပ်ကြားထဲမှာ ညှပ်လို့ အပြင်ကလှမ်းကြည့်ရင်တော့ ကျောင်းစာအုပ် ဖတ်နေသယောင် ဖတ်နေရင်း စာအုပ်ထဲ ဈာန်ဝင်သွားလိုက်တာ ကျွန်မဖေဖေ အနားဘယ်အချိန်က ရောက်လာမှန်း မသိလိုက်ဘူး… သိလိုက်တဲ့ အချိန်ကြတော့ “A” ရဲ့ စာအုပ်ကလေး လမ်းပေါ်က မိုးထဲမှာ ကြွက်စုတ်ကလေး ဖြစ်နေရှာပေါ့ …“ A” ခမျာလဲ စာအုပ်ဖိုးသွား လျော်တာကိုတောင်မှ အဲဒီဆိုင်က နောက်လုံးဝ ပေးမငှားတော့ဘူး လို့ ပြော လွှတ်တာ ခံခဲ့ရတယ် တဲ့ …

                      အဲလို အခက်အခဲတွေ အများကြီးကြားကနေ ကျွန်မနဲ့ “A” စာအုပ်များစွာကို ရအောင်ငှားပြီး ရအောင် ဖတ်ခဲ့ဖူးတယ် … ဂျူး ၊ မိုးမိုး ( အင်းလျား ) ၊ တက္ကသိုလ် ဘုန်းနိုင် ၊ ငြိမ်းကျော် ၊ မောင်စိန်ဝင်း (ပုတီးကုန်း ) အင်း အများကြီးပဲ .. ထွက်သမျှ ငှားလာပေးတတ်တယ် …မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာစာအုပ်တွေ ထွက်တိုင်းဝယ်ပြီး ကျွန်မကို ပေးဖတ်တော့ ကျွန်မလဲ ကြိုက်ခဲ့တဲ့ ကဗျာတွေ အများအပြား … ငယ်တုန်းက ခိုးဖတ်ရလို့ ကြိုက်ခဲ့တဲ့ စာရေးဆရာတွေပေမဲ့ ခု အသက်ကြီး လာတော့ သိပ်ပြီး နုနုရွရွလေးတွေ ရေးထားရင် သိပ်မကြိုက်ချင်တော့ပြန်ဘူး … (အဟက် .. စာရေး ဆရာတွေက နုပျိုနေဆဲ …ကိုယ်ကရင့်ထော်သွားလို့ ဖြစ်လိမ့်မယ် … အသက်ကလဲ ရလာပြီကိုး …း)  အဲဒီအချိန်တုံးကဖတ်ပြီးရင်လဲ ဘယ် စာအုပ်ထဲ ဘယ်လိုဆိုပြီး နှစ်ယောက်သား ပြောကြရတာ အမော …

                         ခု ကြီးလာတော့ ကျွန်မ ဖေဖေစည်းကမ်းလုပ်တာ မှန်သင့်သလောက်မှန်မှန်းတွေ သိလာခဲ့ရတယ် … စာအုပ်တွေ ဖတ်ပြီး အရူးထခဲ့ဖူးတာတွေလဲ ရှိတာကိုး … ဘာမဆိုင် ညာမဆိုင် ကိုယ့်နံမည် ခိုင် မပါပဲနဲ့ ခိုင်ဆိုတဲ့ နံမည်ကို သဘောကျနေခဲ့တာတို့ … မောင်စိန်ဝင်း (ပုတီးကုန်း) ၀ထ္ထုတွေ ဖတ်ပြီး သူ့ဇာတ် ကောင်တွေလိုမျိုး အဝေးမှာ ကျောင်းသွားတက်ရင်းနဲ့ သူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင် ထိုင်တဲ့ အခါ “ ပေါ့စိမ့်” လို့ လှမ်းမှာပြီး ပေါ့စိမ့် လ္ဘက်ရည်ရဲ့ အရသာကို အဟုတ်ကြီး လုပ်ပြီး သောက်ခဲ့ဖူး တာတွေကို ခုနေပြန်တွေးကြည့်တော့ တော်တော် ရယ်ချင်စရာကောင်းလှတယ် ....

                           “A” အကြောင်းရေးတာ ကိုယ့်အကြောင်းပဲ ရောက်ရောက် သွားနေတယ် … အဲဒါ “A” ရဲ့ ကောင်းမှုနဲ့ ကျွန်မ အပြင်စာများစွာကို ဖတ်ခွင့်ရခဲ့သလို စာဖတ်ခြင်း ၊ စာရေးခြင်း ဗီဇပိုးတွေကိုလဲ ရရှိစေခဲ့တယ်လို့ ပြောရင်လဲ မမှားဘူးပေါ့ ... တရားဓမ္မတွေ စိတ်ဝင်စားအောင် ဆွယ်တဲ့မိတ်ဆွေကို ဓမ္မမိတ်ဆွေခေါ်ရင် “A” ကို ဘယ်လိုခေါ်ရမလဲ .. ကျွန်မသေခြာမသိဘူး ... (သိရင်လဲ ပြောခဲ့ပေးနော.. ) .. လောလောဆယ်တော့ ကျွန်မရဲ့ ပထမဆုံး “စာပေမိတ်ဆွေ” ပေါ့ .. အဲလိုခေါ်ရင်ရမယ်ထင်တယ် ... အဲလိုနဲ့ ဆယ်တန်းအထိ ကျောင်းစာတွေရော အပြင်စာတွေရော နပန်းလုံးရင်း ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်လဲ ကတိတွေ ကိုယ်စီပေးပြီး အထက်တန်းကျောင်းကလေးမှာ ခွဲခွာခဲ့ကြတယ် … တို့တွေ တစ်ယောက်နဲ့ တစ်ယောက်ဝေးသွား ရင်တောင် သတိရနေကြေး ပေါ့ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေတွေပဲ ရောက်ရောက် တစ်ယောက်ကို တစ်ယောက် ကူညီကြေး ဆိုတာတွေလဲ ပါရဲ့ …

                        ကျွန်မတို့ တွေးထားကြတဲ့အတိုင်း ဆယ်တန်းအောင်ပြီးတော့ နှစ်ယောက်သား တစ်ယောက် တစ်ကျောင်းစီ ၊ တစ်ယောက်တစ်မြို့စီ အဝေးကြီးတွေမှာ တက်ကြရတယ် … သူက သချာင်္ မေဂျာနဲ့ မြို့လေး တစ်မြို့မှာ ကျောင်းတက်နေချိန် ကျွန်မတစ်ယောက်လဲ ၀ါသနာပါလို့ မဟုတ်ပါပဲ ရွေးစရာလမ်း မရှိတော့ မျက်စိလည်လမ်းမှားပြီး အခြား ကျောင်းတစ်ကျောင်းမှာ ကျောင်း တက်ရတော့ စတက်တဲ့ အချိန် ကျွန်မမှာ မျက်စိသူငယ်နားသူငယ်နဲ့ ၀မ်းနည်းအားငယ်တဲ့ရက်တွေမှာ သူ့ဆီကို စာရေးပြီး ပြောရတာအမော …

                        ကျွန်မတက်ရတဲ့ ကျောင်းကလဲ ယောက်ကျားလေးကျောင်းလို့ ပြောလို့ ရလောက်အောင် ကျွန်မတို့ Section မှာ လူတစ်ရာလောက်ရှိတာ မိန်းကလေးက ဆယ့်နှစ်ယောက် လောက်ပဲ ပါခဲ့တယ် … ကျွန်မသူငယ်ချင်း “A” ကို ခုပြန်တွေးရင် ခုထိ ကျေးဇူးတင် နေခဲ့တယ် … တစ်ပါတ်တစ်ခါ စာမှန်မှန်ထည့်ပြီး အားပေးခဲ့လို့ ကျွန်မရဲ့ ကျောင်းတက် ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းတတ် လာခဲ့တယ် … နောက်ပိုင်း အပေါင်းအသင်းတွေ ရလာပြီး ပျော်တာမှ အပျော်လွန်ပြီး ကျွန်မ စာရေးတာတွေ ကျဲသွားတဲ့တိုင်အောင် မပြောင်းမလဲ တစ်ပါတ်တစ်ခါ ရေးနေတုံးပဲ … ကျွန်မ တကယ် အဆင်ပြေနေလား ၊ ပျော်နေလား ၊ ဘယ်လိုတွေ ဖြတ်သန်းနေလဲ ဆိုပြီး မိုင်ပေါင်းများစွာဝေးတဲ့ ကျွန်မရဲ့ကျောင်းကိုလဲ လိုက်လာ ကြည့်ဖေါ်ရခဲ့တယ် … တကယ့်ကို ကျွန်မအတွက် သူငယ်ချင်းကောင်း ပီသခဲ့သူပါ …

                      အဲဒီနောက်ပိုင်း ကျွန်မကျောင်းပြီးသွားတော့ ရန်ကုန်မှာ နှစ်နှစ်လောက် အလုပ်လုပ်နေခဲ့သေးတယ် … ကျွန်မတို့ အဲဒီကတည်းက လွဲချင်နေပြီ … ကျွန်မက တစ်နေရာပြောင်းတဲ့ အချိန် သူက လာရှာတော့ ကျွန်မက အဲဒီမှာ မရှိတော့ နောက် တစ်နေရာပြောင်း ၊ အဲဒီကနေမှ ခု ဒီနေရာရောက်သွားတဲ့ထိအောင် ဝေးသွားတဲ့နောက် ဘယ်လိုမှ လက်လှမ်းမမီကြတော့ပဲ အဝေးကြီး ဝေးကွာခဲ့ရတယ် …

                           ခုပြန် တွေ့တော့ ကျွန်မ အပြစ်တဲ့ … ကျွန်မ ခြေရာဖျောက်သွားလို့တဲ့ … ကျန်တဲ့ သူငယ်ချင်းများ အားလုံးလဲ ဒီလိုပဲ ၀ိုင်းစွပ်စွဲကြလေတော့ ကျွန်မ အဆိုးပဲ ထားလိုက်ပါတော့ … (အများနဲ့ တစ်ယောက်ကိုး ) (မေ့အပြစ်နဲ့ မေသာ ရှိပါစေ တော့ …………ဆိုတဲ့ သီချင်းပဲ အော်ဆိုလိုက်ရတော့မလို ….)

                          တကယ်တော့ ကျွန်မ သူငယ်ချင်းများကို စိတ်ထဲမှာ ရှိနေခဲ့ပေမဲ့ ကျွန်မမှာလဲ ပျော်ရာမှာ မနေရ ၊ တော်ရာမှာ နေရတဲ့ စကားပုံလိုပါပဲ မာန်တင်းပြီး နေ နေခဲ့ရတာတွေ ပြောပြရင် စိတ်ညစ်ကြမစိုးလို့ တွေ့ကြတဲ့အခိုက် ကျွန်မ သတိရနေခဲ့ကြောင်းနဲ့ ပျော်ကြောင်းတွေပဲ ရှာကြံပြောဖြစ်ပါတယ် … ကျွန်မသူငယ်ချင်းများ အားလုံးကို ဘယ်လိုပဲ ဝေးခဲ့ကြလဲ ခု အားလုံးကို ပြန်တွေ့နေကြပြီ ဆိုတော့ ပြန်ဆုံခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ရင်း ဘ၀အမောများ ကြားထဲက အားဆေးများကို အမြဲ သတိရနေခဲ့ပါတယ် …

                         ခုဆို ကျွန်မ သူငယ်ချင်း “A” က ပြောပါတယ် … “ ငါတို့ ခုမှ ပြန်အဆက်အသွယ် ရကြတာ ဆိုတော့ ထပ်ပြီး အဆက် အသွယ် အပြတ်မခံနိုင်တော့ဘူး ... နင်ရော ငါရော အားလို့ သတိရရင်ပဲ ဖြစ်ဖြစ် ဘာအခက်အခဲတွေ ရှိရင်ပဲ ဖြစ်ဖြစ် အဆက်အသွယ်လုပ်ဖို့ မမေ့ပါနဲ့တဲ့ ..” ကဲ … ကျွန်မ သူငယ်ချင်း ဘယ်လောက် ချစ်ဖို့ ကောင်းလဲ ဆို …

                             ဘလော့ဂ်လေး စရေးဖြစ်ကတည်းက“ A” ကို ခဏ ခဏ သတိရနေဖြစ်တယ် … ဘာလို့ဆို သူလဲ ၀ါသနာပါတတ်လေတော့ သူသာသိရင် ကျွန်မကို အပီအပြင် အားပေးမယ်ဆိုတာ သိနေလို့ … ဒါပေမဲ့ ခုတွေ့လို့ ပြောပြတော့ သူက အမှန်အကန် Business သမားကြီး ဖြစ်နေပြီး ကိုယ့်လိုမျိုး ဒီပေါ်မှာ အချိန်ပေးနိုင်တဲ့ပုံ မတွေ့တာမို့ အသာခပ်မဆိတ် နေလိုက်ပါတယ် … (ရှိတာတွေကို ရှိပါစေလေ … ဆိုပြီး ..) ဒီလောက်နှစ်တွေကြာတော့ မတွေ့နိုင်လောက်တော့ဘူး ထင်ထားခဲ့တဲ့ သူငယ်ချင်းလေးကို ပြန်တွေ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ပျော်မိပါတယ် … (သူ ရော ကိုယ်ရောပေါ့ … ) ကျွန်မရဲ့ သူငယ်ချင်းကောင်းလေး “A” အကြောင်း ပြောရင်တော့ ကုန်နိုင်ဖွယ်မထင် ... ဆိုတော့ ဤတွင် နိတ္ထိတံ လိုက်မယ်... နော ...

6 comments:

~ဏီလင်းညို~ said...

လင်းရေ...
ပို့စ်အသစ်လေးလာဖတ်တယ်ဗျာ...။
လင်းကြိုက်တဲ့..စာရေးဆရာတွေထဲက...မိုးမိုး(အင်းလျှား)၊ဂျူးနဲ့ ငြိမ်းကျော်ကို..ကျွန်တော်လည်းကြိုက်တယ်ဗျ...။ မောင်စိန်ဝင်းတော့..ဟိုတုန်းကတည်းက...သိပ်နုလွန်းလို့ မဖတ်ဖြစ်ခဲ့တာ...။ အဲ့ဒီလို..သူငယ်ချင်းမျိုးရခဲ့တာ...လင်းကံကောင်းတယ်လို့..ကျွန်တော်တော့မြင်မိရဲ့ဗျာ...။
ဆက်ရေးဦးနော့...။

ခင်မင်လျှက်...
ဏီလင်းညို

ညလင်းအိမ် said...

သူငယ်ချင်းကောင်းလေးပေါ့ဗျာ...
ခုလိုမျိုးဝေးကွာနေသည့်တိုင်အောင် အမှတ်ရနေတဲ့ သူငယ်ချင်းဆိုတာ ရှားတယ်ဗျ...
အားလုံးက တွေ့တုန်းလောက်ပဲ ခင်ဖို့ကောင်းတာ....
ငယ်ပေါင်းကြီးဖော်ကလွဲရင်ပေါ့...

ဟုတ်တယ်နော် တချိန်က စာဖတ်ချင်စိတ်ရှိလာအောင် တွန်းအားပေးခဲ့တဲ့
သူငယ်ချင်းက စာတွေသိပ်မရေးဖြစ်ပဲနဲ့ အစ်မက စာတွေရေးဖြစ်လာတယ်...
တကယ်ပဲ လူတစ်ယောက်ဟာ နောင်ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ပါလားနော်...

ခင်မင်လေးစားလျက်....

လင်းကြယ်ဖြူ said...

သူငယ်ချင်းကောင်းတစ်ယောက်ရတာ ကောင်းလိုက်တာနော..
ခဏခင်တဲ့ သူငယ်ချင်း ထက် စိတ်တူကိုယ်တူ ထာဝစဉ် ခင်မင်တွယ်တာရတဲ့ သူငယ်ချင်း...မျိုး ဆိုတော့ ပိုကောင်းတာပေါ့နော..
တော်တော်များများတော့ ခဏခင် သူငယ်ချင်းတွေအများကြီး တွေ့ဖူးပါတယ်..တွေ့နေရပါတယ်..သူငယ်ချင်းကောင်းတစ်ယောက်
အကြောင်းအခုလိုဖတ်ရတော့ ပျော်စရာပဲ
ဒီတော့ ဘော်ဒါလည်း
ပျော်ပါစေ
လေးစားစွာ
*.*.*

Anonymous said...

စာအုပ်စာပေတွေ ဖတ်ရှုဖို့ ကောင်းမွန်တဲ့ environment တစ်ခုကို ရလိုက်တာပဲနော်။
ညီ့တုန်းကလည်း ဒီလိုပါပဲ စာဖတ်ဖို့ ဝါသနာပါအောင် လှုံ့ဆော်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကြီးပြင်းခဲ့ရတာ။
စာတွေရဲ့လွှမ်းမိုးမှု အတော်ခံရပါတယ်။ ဒါကြောင့် စာရေးတဲ့သူတွေက ကိုယ်ရေးတဲ့စာအပေါ်မှာ တာဝန်သိပ်ကြီးလွန်းတာပေါ့။ စာဖတ်တဲ့သူတွေ အတွေးအမြင် အမှားတွေ မရအောင် စာရေးတဲ့သူမှာ တာဝန်ရှိပါတယ်။ ညီဖတ်ဖူးတဲ့ ဖက်ရှင်ဒီဇိုင်နာ ကိုတာတီးအကြောင်းဆို သူပြောပြတာ ဂျူးရဲ့စာတွေ ဖတ်ပြီး ဧည့်လမ်းညွှန်လုပ်ဖို့ အရူးထခဲ့ဖူးတယ်ဆိုတာကိုး။ ညီ့ဆရာပြောပြဖူးတာက သူတို့ငယ်တုန်းက herolism စာအုပ်တွေ တစ်အားထွက်တာတဲ့။ တစ်ကျွန်းသို့ ဆိုတဲ့ စာအုပ်(လင်းဖတ်ဖူးမယ်လားမသိဘူး) ဖတ်ပြီး ပဲခူးရိုးမထဲကို သွားဖို့ တောင်ငူကိုတောင်ရောက်နေခဲ့ပြီတဲ့။ မိဘတွေသိလို့ နောက်မှ အိမ်ပြန်ပါသွားကြတာဆိုပဲ။
စာတစ်လုံးရေးဖို့ အားထုတ်ရတဲ့ စာရေးသူတွေကို တကယ်ပဲ ချီးကျူးပါတယ်ဗျာ

အတော်ရှည်သွားပြီ :P

သိင်္ဂါကျော် said...

ငယ်ငယ်တုန်းက သူငယ်ချင်းလေးတွေကို သတိရသွားတယ်... internet မသုံးတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီလေ...

Unknown said...

လင်းရေ ညီမဖတ်ခဲ့တဲ့စာအုပ်တွေက ညီမစာရေးတဲ့အခါ အရမ်းအထောက်အကူပေးခဲ့တာကို ညီမအရေးအသားတွေကနေ မြင်နေရပါတယ်။ ညီမရဲ့ သူငယ်ချင်းလေးကတော့ စာပေအနှစ်တွေကို အခြေပြုမိလို့ ဒီလိုစီးပွားရေးပညာရှင်ဖြစ်လာတာလို့ပဲ ယူဆမိပါတယ်။စာပေဟာ လူမျက်စိဥာဏ်ကို ဖွင့်ပေးတဲ့ ပြူတင်းပေါက် တစ်စုံပဲလေ။ ကောင်းတယ်ညီမလင်းရေ။Sweet December မှာ ပျော်ရွှင်ချိုမြိန်ပါစေဗျာ။