Friday, 18 December 2009

နောက်ကြည့်မှန်ကို ရှေ့ထားကြည့်မိခြင်း ...



                          သူငယ်ချင်း K က စာအုပ်တစ်အုပ် ရှဲ လိုက်တာ … ကိုယ်တိုင်လဲ ခုရက်မအားနေတာနဲ့ ဒေါင်းထားပြီး မဖတ်ဖြစ်နေတာ .. စိတ်ထဲမှာတော့ ဖတ်ချင်တဲ့ ဆန္ဒရှိနေခဲ့တယ် … ကိုယ့်ရဲ့ ဆိုက်ကိုလို့ ပြောရမလားပဲ … စာအုပ်တွေ ဖတ်ချင်လို့ ဒေါင်းထားတာတွေ အများကြီး ရှိခဲ့ပေမဲ့ ဖတ်ပြီးတာတွေ ရှိသလို လက်စမသတ် နေတာတွေလဲ အများကြီး … ဘာလို့ဆို ကိုယ်ကအချိန်ပေးပြီး မဖတ်နိုင်တာတစ်ကြောင်း ၊ screen ပေါ်မှာ ဖတ်ရတာ လက်ထဲမှာ စာအုပ်ကိုင်ပြီး ဖတ်ရသလောက် အရသာမရှိတာက တစ်ကြောင်းနဲ့ စာအုပ်ဆိုတော့ ရတဲ့အချိန်လေး ကောက်ကိုင်ပြီး ဖတ်လိုက် ဆိုတော့ ဖတ်ဖြစ်တယ် .. အဲလိုနဲ့ ဖတ်ချင်တဲ့ စာအုပ်ရှိရင် ရန်ကုန်လူကြုံ ရှိတိုင်း မှာရတာ အလုပ်တစ်ခု … ခုလဲ အဲလိုပါ … ကိုယ့်ဘာသာမအားရတာနဲ့ စာအုပ်ကလေးကိုင်ပြီး ဇိမ်နဲ့ ဖတ်ချင်ရတာနဲ့ ပေါင်းပြီး ဒေါင်းထားပြီး မဖတ်ဖြစ်သေးတာ ..ဖတ်မိတော့ လက်က မချနိုင် (အော..မှားလို့ ) မျက်စိက မခွာနိုင် ဖြစ်သွားတယ် … နိုင်ငံရေးဆန်ဆန်ရေးမယ်  ထင် ထားတာ … စာအုပ်ကို .. ဒါပေမဲ့ ဖတ်လိုက်တော့မဟုတ်ပဲ သူ့အရေးအသားမှာ သဘာဝလေးတွေရော ရသလေး တွေရော ရောပြီး ချပြသွားတာ … ထင်ထားတာထက် ဖတ်လို့ အရမ်းကောင်း နေ ခဲ့တယ် …

                          ကျေးဇူးပါ သူငယ်ချင်း “K” … မဆုမွန်ဆိုဒ်မှာ မှာဝယ်လို့ရကြောင်း တစ်ခါ ဖတ်မိတော့ အစောကတည်းက မှာချင်နေခဲ့တာ … စာအုပ်ဖတ်နေရင်းနဲ့ ခုတလောလေးပဲ အဓိပ္ပါယ်တိတိကျကျ မသိတဲ့ စကားပုံလေးကို ပြောနေကြအတိုင်း ပြောမိတာ .. အဲဒီစာအုပ်ထဲမှာ ပါတော့မှ ကိုယ့်ဘာသာ ရယ်ချင်မိတယ် …

                         ဒီရက်ထဲပဲ ဘလော့ဂ်ပေါ်က မောင်ငယ်တစ်ယောက်နဲ့ စီဘောက်စ်မှာ ပြောရင်းနဲ့ ခင်ရာက နားလည်ခွင့်လွှတ်လို့ရတဲ့ လိမ်ခြင်းတစ်မျိုးနဲ့ ကိုယ့်ကို လိမ်ထားခဲ့တာ အမှတ်တမဲ့ မရည်ရွယ်ပဲ သိလိုက်တဲ့ တစ်ရက်မှာ (သူပေးလာတဲ့ အကြောင်းပြချက်က သိပ်ခိုင်လုံနေတာရယ် … ကိုယ့်ကို ရည်ရွယ်ပြီး လိမ်ထားတာ မဟုတ်ပဲ သူ့အကြောင်းနဲ့ သူလိမ်ရတာဆိုတော့ ကိုယ်က နားလည်ခွင့်လွှတ်နိုင်တဲ့ အနေအထားလဲ ရှိတာမို့ ခေါက်ထားဖို့ စဉ်းစားလိုက်တယ် .. အဲဒီကိစ္စကို (ဒါပေမဲ့ လူဆိုတော့ သိတယ်မို့လား … ကိုယ်ခံရကလှည့်ဆိုတော့ နဲနဲတော့ အစာမကြေဘူးပေါ့ ..) အဲဒါနဲ့ မေးလ်ပို့ဖြစ်တယ် … { စိတ်မဆိုးပေမဲ့ ကျွဲမြီးတိုနေတဲ့ အကြောင်းကို (စိတ်မဆိုးဘူး ဆိုသော်ငြားလဲ ကျွဲမြီးတိုတဲ့ လေသံလားမသိ ..) အဟက် .. ကိုယ့်ကိုယ်ကို ပြန်စမ်းကြည့်နေမိပြီ .. (တိုဖို့ အမြီးမပေါက်သေးတာတော့ အမှန်ပါတဲ့ ..) ဆိုပြီး အစာမကြေတာလဲ သိစေချင် တကယ်ကြီးလဲ စိတ်ဆိုးတာ မဟုတ်ခဲ့ဘူးဆိုတာကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် အဲဒီစကားပုံလေး သုံးရင်း ရေးမိတယ် ... တကယ်လဲ ကိုယ်က စဉ်းစားကြည့်တော့ စိတ်ဆိုးစရာ အကြောင်းလဲ ဟုတ်မနေခဲ့တော့လေ … သုံးလိုက်တဲ့ စကားပုံကြားဖူးနေကျ သုံးရမဲ့နေရာမို့သာ သုံးလိုက် တယ် … အဓိပ္ပါယ်တိတိကျကျ သိမနေခဲ့ဘူး …( ၀န်ခံတာပါ … မြန်မာစာကျွမ်းကြောင်း ကြွားထားမိတဲ့ သယ်ရင်း တစ်ယောက်ကိုလဲ ခပ်ရှက်ရှက်နဲ့ ပြေးမြင်ယောင်မိသေး..)

                       အဲဒီစာအုပ် ဖတ်လိုက်မှ သိတာ .. “ တစ်ခါက လယ်ကူလီ တစ်ယောက်က ကျွဲ နှစ်ကောင်နဲ့ လယ်ထွန်နေခဲ့တယ် တဲ့ ... အဲဒါနေ့လည် ထမင်း ပို့ချိန်ကျော်လာတဲ့ အထိ ထမင်းလာမပို့တော့ သူလဲဆာနေပြီး ဘာမှလဲ စားစရာက လဲ မရှိနေတော့ ကျွဲ အမြီးဖြတ်ပြီး မီးဖုတ်စားလိုက်တယ်တဲ့ ...စားပြီးမှ လယ်ပိုင်ရှင် ထမင်းထုပ်နဲ့ ရောက်လာပြီး ဗိုက်ဆာလို့ စိတ်ဆိုးနေပြီလား ဆိုတော့ လယ်ကူလီက အေးဆေးပဲ ပြန်ဖြေပါတယ် .. စိတ်မဆိုးပါဘူး ..ကျွဲမြီးတော့ နဲနဲတိုသွားတယ်တဲ့ ...” (သူ့မူရင်းက ဒီက လာတာကိုး ဆိုပြီး ဖတ်ပြီး ရယ်မိပါတယ် ...)

                         နောက်တစ်ခု သဘောကျတာလေးလဲ ဖတ်ရတယ် ... ဇာတ်ကောင်က တောရွာလေး တစ်ရွာမှာ ဇာတ်မြှုပ်လာနေရတော့ ဖတ်စရာစာအုပ် မရှိလေတော့ သူနေတဲ့ ဘုန်းကြီးကျောင်း က ဘုန်းကြီးရဲ့ မှန်ဘီရိုထဲရှိတဲ့ ဓမ္မကျမ်းထူထူကြီးများကျတော့လဲ ဖတ်ဖို့ရာကျ ပြန်တော့ ဉာဏ်မမီဘူး လျှောက်လေတော့ ဘုန်းကြီးက ဒါမဆန်းပါဘူးတဲ့ ... လောကုတ္တရာကို လောကီပျော်တစ်ယောက်က စူးစမ်းဖို့ ၀န်လေးတာသဘာဝပဲတဲ့ ... မစင်ထဲမှာ လောက်ဟာပျော်တယ်တဲ့ ... ရွှေပန်းကန်ပေါ် ရေဆေးပြီး တင်ရင် သူသေမှာဆိုပြီး မိန့်တယ်တဲ့ ... (ကိုယ့်လိုပေါ့ ..ဆိုပြီး တွေးမိလို့ပါ ...း)

                          နောက်တစ်ခု ဇာတ်ကောင် မိန်းကလေး ဒန့်သလွန်သီးတွေ သယ်လာတာမြင်တော့ စာရေးဆရာသော်တာဆွေ တစ်ယောက် ဒန့်သလွန်သီးတွေ ရောင်းတဲ့ အဖြစ်ရေးတာဖတ်ဖူးလား ဆိုပြီး ဇာတ်ကောင်ယောက်ကျားလေးက ပြောပြတာလေး သဘောကျမိသေး ... အဲဒါလည်ရောင်းလေတော့ သူ့အိမ်ဘေးက မိန်းမတစ်ယောက်က မေးဝယ်တယ်တဲ့ ... ဥပမာ တစ်ကျပ်ဖိုးလေးတောင့်ဆိုပါတော့ ... အဲဒီမိန်းမက ကိုဆွေရယ် အချင်းချင်းတွေပဲ မရဘူး ငါးတောင့်ထားဆိုတော့ အားနာလို့ ယူပါပေါ့ ... နောက်တစ်ယောက် ခေါ်ဝယ်တော့လဲ ကဲ ဟိုတစ်ယောက်ကတော့ လေးတောင့်ဆိုတာကို ငါးတောင့် ရအောင် ဆစ်ဝယ်သွားတော့ ခင်ဗျားလဲ ယူလိုက်ငါးတောင့်ပဲဆိုပြန်တော့ ဟာ .. ဘယ်ရမလဲ ကျွန်မတို့ ဒါလောက်ခင်တာ ခြောက်တောင့် ပေးရမယ်ဆိုပြီး အနိုင် ကျင့်လေတော့ ပေးခဲ့ရပြန်ရော .. အဲလိုနဲ့ နောက်တစ်ယောက်ကျတော့ ခုနစ် တောင့်ပေးရမယ်ဆိုပြီး ဖြစ်ပြန်ရော ... နောက်ထပ်တစ်ယောက် ကျပြန်တော့လဲ ရှစ်တောင့်ပေးရမယ်ဆိုပြီး အနိုင်ကျင့်ပြန်လေတော့ သူတို့ကျေနပ်အောင် ပေးခဲ့ ရပြန်ရော ... အဲဒါကိုမှ ဇာတ်သိမ်းလိုက်တော့ ရှစ်တောင့်မရလို့ မကျေနပ်တဲ့သူနဲ့ ခြောက်တောင့်ရတဲ့လူကလဲ ခုနစ်တောင့်မရလို့ မကျေနပ်နဲ့ ၀ိုင်းပြီးရန်တွေခံရ သတဲ့ ... သူ့မှာလဲ အားလုံးကျေနပ်တဲ့နှုန်းနဲ့ ကျေနပ်အောင် ရောင်းခဲ့ပေးပါလျှက် နဲ့ လူသဘာဝ မကျေနပ်နိုင်ကြတာလေးကို ထည့်ရေးထားတာ ...

                      နောက်တစ်ခု သဘောအကျဆုံးနဲ့ ကိုယ်နဲ့ အကိုက်ညီဆုံး ဥပမာလေးတစ်ခုလဲ ဖတ်ရတယ် ... တစ်ခါကမျောက်တစ်ကောင်ဟာ တောရကျောင်းနားမှာ နေရင်း တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ ပါးစပ်က ဒုက္ခ ၊ ဒုက္ခ လို့ ရေရွတ်နေတာ နားမလည်နိုင်လို့ ဘုန်းကြီးကို သွားမေး လျှောက်တယ်တဲ့ ... ဘုန်းကြီးက မျောက်နားလည်အောင်ပြောရမှာ ဆို တော့ကာ ကဲ နောက်နေ့ လာခဲ့ဆိုပြီး ချိန်းလိုက်ပြီး ဂုံနီအိတ် တစ်လုံးထဲ အစာ မကျွေးပဲ ခွေးဆိုးတစ်ကောင် ထည့်ချည်ထားလိုက် တယ်တဲ့ ... နောက်နေ့ မျောက် ရောက်လာတော့ မင်းသိချင်တဲ့ ဒုက္ခ ဒီအိတ်ထဲမှာ ရှိတယ် ... ဒါပေမဲ့ ဒါကို သစ်ပင် မရှိတဲ့ ကွင်းပြင်ထဲကျမှ ဖွင့်ကြည့်လို့ မှာလိုက်လေတော့ မျောက်လဲ အိတ်ကြီးကို မနိုင်မနင်း ဒရွတ်တိုက်ဆွဲပြီး သယ်သွားတယ်တဲ့ ... အထဲက ခွေးဘယ်လောက် ဒေါသတွေ ထွက်နေမလဲ ဆိုတာ နဲ့ ကွင်းပြင်ထဲရောက်လို့ ဖွင့်ကြည့်လိုက်တော့ ထွက်လာတဲ့ ခွေးနာ နဲ့ ပြေးတက်စရာ သစ်ပင်မရှိတဲ့ မျောက်အဖြစ်ကို တွေးကြည့် တာနဲ့ တွေးစရာတွေလဲ အများကြီး ကျန်ခဲ့တယ် ... (တစ်ခါတစ်လေ လူတွေက ကိုယ်တိုင်အပါအ၀င်ပေါ့ မျောက်လိုပဲ ဒုက္ခကို ရှာဖွေပြီး သိချင်တဲ့ သဘောလေးတွေလဲ ရှိကြတာ ဆိုတော့လေ ...)

                         စာအုပ်အစမှာ သဘာဝတရားလေးတွေနဲ့ ဥပမာ ပေးပြီး ဇာတ်အိမ် တည်သွားတာ တကယ်ပဲ တစ်ခါတည်းပြီးအောင် ဖတ်ချင်တဲ့ စိတ်ပေါ်သွားတယ် ... ပြီး ကြည်နူးဖွယ် သနားဖွယ် ရသတွေ အမျိုးမျိုးထည့်လို့ ရေးထားတဲ့ နိုင်ငံရေး သမားတစ်ယောက်ရဲ့ အတွေးအမြင် အရေးအသား ပေါ့ပေါ့ပါးပါးလေးတွေ ဖတ်ရတော့ တကယ်စိတ်ထဲ ချီးးကျူးမိတယ် ... အဲဒါနဲ့ မနေ့ညက ပြီးအောင် ဖတ်ပြီး မအားနေတဲ့ ကြားက ချရေးထားချင်တာနဲ့ ရေးဖြစ်သွားတဲ့ ပို့စ်လေးပါ ... ဘာ ရယ်မဟုတ်ပေမဲ့ သူ့ဘ၀တစ်စေ့တစ်စောင်းလဲ ဖြစ်နိုင်တာမို့ ဖတ်ပြီး အတွေးများရင်း ကိုယ့်ဘာသာမှတ်တမ်းတင်လိုက်တဲ့ သဘောပါ ...

                       စာလာဖတ်ပေးကြတဲ့ သူငယ်ချင်းများလဲ မကြာမီ ရောက် လာတော့မဲ့ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အားသစ် အင်သစ်တွေနဲ့ ရှေ့ဆက်လျှောက်နိုင်ပါစေ ... 
          
             ပြီးတော့ မြို့တော်ရွှေပြည်ကို ခေတ္တပြန်ပါမယ် ... ရန်ကုန်မှာ တစ်ခါမှ မသုံးဘူးလေတော့ အချိန်အားရရင်နဲ့ ကျော်တာ ခွတာတွေ လုပ်ပြီး သုံးတတ်ခဲ့ရင် အိမ်ကလေး အလွမ်းပြေ ၀င်ကြည့်မယ် ... အဆင်မပြေခဲ့ရင်တော့လဲ ပြန်ရောက်မဲ့ တစ်နေ့ကျမှ ပြန်တွေ့ ကြတာပေါ့ ... နော ...

11 comments:

ကိုရင်စည်သူ said...

မလင်း တကယ်သွားတော့မှာပေါ့နော်... ကြာဦးမှာလားဟင်။ အမ အိမ်ကိုလည်း စောင့်ရှောက်ပေးထားပါ့မယ်.. စိတ်ချသာသွား။
အိမ်ပြန်တဲ့ လမ်းခရီးမှာ အရာရာအဆင်ပြေချောမွေ့ပါစေ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ...

မောင်သီဟ said...

ပျော်ရွင်ဖို့ကောင်းတယ်အိမ်ပြန်ခရီးလေးဖြစ်စေဗျား
း) ကျော်နည်းခွနည်းလဲကျွန်တော်လဲသင်အုံးမှပဲ
း)

သိင်္ဂါကျော် said...

ပျော်ရွှင်သော အပြန်ခရီး ဖြစ်ပါစေ...

Anonymous said...

မှတ်သားစရာပါပဲဗျာ.. အဟေဟေ.. ကျွဲမြီးတိုဆိုတဲ့ စကားပုံကို သိနေပေမဲ့ အခုမှသေချာ သဘောပေါက်တာဗျ။ အောက်ကစာတွေကတော့ လူ့သဘော လူ့မနောတွေကို လေ့လာဖတ်ရူရင်း ငါလဲ အတူတူပါလားလို၊့ တွေးမိတယ်။ ကောင်းတယ်ဗျာ ရွာမပြန်ခင် တင်တဲ့ ပို့စ်မို့လား မသိဘူး ကောင်းတယ် အဟီ.. အရင်ပို့စ်တွေလဲ ကောင်းပါတယ်..

လင်းကြယ်ဖြူ said...

အိမ်အပြန် မှာ ဇိမ်ခံတော့ မယ်ဆိုပါလား...
မုန့်တွေ အများကြီး ၀ယ်လာခဲ့ပါခင်ဗျား...း)

အားလုံးအဆင်ပြေ ပြီး
ပျော်ပါစေနော....

~ဏီလင်းညို~ said...

လင်းရေ...
ကျွဲမြီးတိုဥပမာကို..အခုမှပဲ သိရလို့ကျေးဇူးဗျာ...။
ထပ်ပြောမယ်...ကျေးဇူးးးး
(မြန်မြန်ပြန်လာခဲ့နော်...၊ နောက်ပြီးတော့လည်း မုန့်ဝယ်ခဲ့အူး..ဟ...)

ခင်မင်တဲ့
ဏီလင်းညို

သူရိန် said...

ပျော်ရွှင်ပါစေ။

Anonymous said...

သူငယ်ချင်း..
အဆင်ပြေပါစေဟေ့..၊


K

ညလင်းအိမ် said...

အစ်မလင်းရေ စကားပုံလေးတွေက ဗဟုသုတရတယ်...
ပြန်တော့မှာလားဗျ... ပျော်နေတယ်ထင်ပါ့....
ပြန်လာရင် မုန့်ဝယ်ခဲ့နော်...
ပျော်ရွှင်စရာ အိမ်ပြန်ခရီးလေး ဖြစ်ပါစေဗျာ...

ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်

khun said...

မလင်းရေ
ပြန်လာရင်မုန့်ဝယ်လာခဲ့နော်...
အစစအရာရာအဆင်ပြေပါစေ...မရေ

ခွန်သဒ္ဒါ

Anonymous said...

မုန့်ဝယ်ခဲ့ပါ