Friday, 18 September 2009
အလွဲများစွာ ကျွန်မကမ္ဘာ
လူ့လောက မရောက်ခင်
                               ကျွန်မမေမေက ကျွန်မအထက် သားသမီးလေးယောက်မွေးပြီးတော့ ကလေးထပ် မယူတော့ဘူးဆိုတဲ့ အစီအစဉ်နဲ့ ဆေးရုံကို သွားပြီး ကလေးမရတော့အောင် သွားလုပ် ပါတယ်..ဆရာဝန်က စမ်းသပ် စစ်ဆေးကြည့်ပြီးတော့ ခင်ဗျားသေချာအောင် စောင့်ကြည့်ပါအုံး ဆိုလို့ စောင့်ကြည့်ရင်းနဲ့ ကျွန်မတစ်ယောက် သူ့ဗိုက်ထဲမှာ ရှိနေမှန်းသိလို့ မလုပ်ဖြစ်တော့ပဲ လူ့လောကကို ရောက်ရှိ လာခဲ့ရပါတယ်.. ကျွန်မဖေဖေက ကျွန်မ ငယ်ငယ်အရမ်း ဂျီကျတဲ့အခါမျိုးဆို ” မင်း ကံကောင်းလို့ လူ့လောက ရောက်လာတာ သိပ်ပြီး ဂျီကန်မနေနဲ့ “ လို့လဲ ပြောတတ်သေးတယ် .. မမွေးခင်ထဲက လူ့လောကကို မမျှော်လင့်ပဲ လွဲမှားစွာ ရောက်လာ ခဲ့တယ်…
အနေအထိုင်
                               ကျွန်မ ငယ်ငယ်က အစ်ကိုတွေကြားမှာ ကြီးပြင်းခဲ့ရသူမို့ ယောက်ကျားလေးဖြစ်ချင် ခဲ့သေးတယ်… ကျွန်မကို မိဘတွေက သမီးလို့ခေါ်ရင်လဲ အရမ်းစိတ်ဆိုးတယ် .. သားသားရေ လို့ ခေါ်မှ ကျွန်မ ပြန်ထူးတယ် .. ယောက်ကျားလေးလို နေပြီး ယောက်ကျားလေး ဆော့တဲ့ ဘောလုံးကန်တာတို့ စွန်လွှတ်တာတို့လဲ သဘောကျခဲ့ဖူးတယ် .. ကျွန်မရဲ့ယောက်ကျားလေး ဖြစ်ချင်စိတ်ကို တွန်းအား ပေးတဲ့ ကပ်လျက် အထက်ကအစ်ကို တစ်ယောက်ကလဲ ကျွန်မကို ယောက်ကျားလေးပဲ ဖြစ်စေ ချင်ခဲ့ပြီး သူကိုယ်တိုင်လဲ ကျွန်မကို ညီလေးလို့ပဲ ခေါ်ခဲ့ဖူးတယ် .. ပြီးတော့ သူတတ်တဲ့အတတ် ပညာတွေဆို အကုန်သင်ပေးချင်စိတ်လဲ ရှိနေခဲ့ဖူးတယ်.. မှတ်မှတ်ရရ သင်ပေးတာလေးတစ်ခု ကတော့ သူ ၈တန်းနှစ် ကျွန်မ ၆တန်းနှစ်မှာ သူက ကွမ်းယာစခိုးစားကာစ ကျွန်မစားကြည့်မယ် ပူဆာလို့သူက စားဆိုပြီးကျွေးတာကွမ်းယာထဲမှာလဲ ဆေးရွက်ကြီးတွေ ပါတော့ ကျွန်မမှာ ချွေးသီးချွေးပေါက်တွေ ပြန်ပြီး အော့ချင်သလို အန်ချင်သလိုနဲ့ မရှူနိုင်မကယ်နိုင်ဖြစ်နေတာ လူကြီးတွေလဲ သိသွားရော ကျွန်မဖေဖေဆိုတာ ကလေးကို ဒီလိုလျှောက်လုပ်ရပါ့မလား ဆိုပြီး ဘာပြောကောင်းမလဲ ကျွန်မအစ်ကို ကို ငါးဒဏ်သားကျွေးလိုက်တာ..တော်တော်အီစလံဝေ သွားတယ် သူ့ခမျာ .. အဲဒီကွမ်းမူးတဲ့အရသာ ဘာနဲ့မှ မတူအောင် တော်တော်ဆိုး တာပဲ .. အဲဒီကတည်းက မှတ်သွားလိုက်တာ .. ကွမ်းစားကြည့်ဖို့ စိတ်ကူးမရှိတော့ဘူး ..ကျွန်မ ၈တန်းလောက်ထိအောင် ယောက်ကျားလေးစိတ် သိပ်မပျောက်ပါဘူး.. ကျွန်မဖေဖေမကြိုက်လွန်းလို့ ပြုပြင်ယူမှ ဟိုမရောက် ဒီမရောက်ဖြစ် နေခဲ့တယ်.. ”တော်တော်ကြည့်ရ ဆိုးတယ်ကွာ.. ဟိုမရောက် ဒီမရောက်နဲ့” လို့လဲ ပြောလေ့ ရှိပါသေးတယ်.. ဖြစ်တော့သာ မကြိုက်တာ ဖြစ်စေချင်ခဲ့တာ ကျွန်မဖေဖေပဲ ထင်တယ် ကျွန်မကိုဆို တော်တော်အရွယ်ရလို့ မိန်းကလေးပုံ ဖြစ်လာတဲ့တိုင်အောင် ဆံပင်ရှည် ပေးမထားခဲ့ဘူး..(အကြောင်းပြချက်ကတော့ ရည်းစားထားမှာစိုးလို့တဲ့..) ကျွန်မ စဉ်းစားကြည့်တာ ဘာမှလဲ မဆိုင်ဘူးနော်.ကျွန်မဆံပင်တွေ ဘယ်လောက်တိုအောင် ခေါ်သွားဖြတ်ပေးလဲဆို ကျွန်မငယ်ငယ်တုန်းက ဓါတ်ပုံတွေကိုကြည့်ရတဲ့ သူငယ်ချင်းတွေဆို ကျွန်မကို ပြောင်လွန်းလို့ ကျွန်မသူငယ်ချင်း တွေကို အိမ်ခေါ်လာလည်မယ်စိတ်ကူးရင် ဓါတ်ပုံတွေ ၀ှက်ရတာ အလုပ်တစ်ခု ဖြစ်နေခဲ့တယ် .. ကျွန်မသူငယ်ချင်းတွေကလဲ ကောင်းကောင်း ထောပနာပြုတတ်ကြတယ် .. “ နင့် ကေကရှေ့ တစ်လက်မ နောက်ပြောင်ကေနဲ့ “ တဲ့ .. ဖေဖေ့ကို စိတ်မဆိုးရဲတော့ ကျွန်မ ဖေဖေညှပ်နေကျ ဆံပင်ညှပ်ဆိုင်က လူကြီးကိုပဲ စိတ်ထဲကနေ အမျိုးမျိုးကြိမ်ဆဲ နေမိတယ်.. ကျွန်မ အခုတော့အိမ်နဲ့ ဝေးနေကတည်းက ကိုယ့်စိတ်ကြိုက် ကိုယ်လုပ်ချင်တာလုပ်လို့ ရပြီဆိုတော့ ပထမဆုံး ဆံပင်ကို ရှည်နိုင်သလောက်ရှည်အောင် ထားကြည့်တယ် .. ထားကြည့်ပြီးတော့လဲ ဘာမှတော့ မဟုတ်ပါဘူး.. ခုတော့ ခေါင်းလျှော်ရတာ အဆင်မပြေလို့ ဖြတ်ပစ်လိုက်တယ်..နိုင်နိုင်နင်းနင်းပဲ ထားလိုက်တော့တယ်..နောက်တစ်ခု ငယ်ငယ်ကမလုပ်ရတာ လုပ်ကြည့်တာ ရှိသေးတယ်…အိမ်ကနံနက် ၆း၀၀ နာရီ ထက် နောက်ကျပြီး အိပ်ယာထရင် မကြိုက်လို့ အမြဲ စောစောထရတယ်… အဲဒါတော့ အိမ်နဲ့ ပထမဆုံးဝေးလို့ ကျောင်းသွားတက်ရတဲ့ အချိန်မှာ စပြီးအတိုး ချကြည့်ပါတယ်.ကိုယ်စိတ်ကြိုက် ထချင်တဲ့ အချိန်မှ ထပါတယ်..အပြင်ဆောင်ဆိုတော့ အေးဆေးပဲလေ.. အကျိုးရလဒ်ကတော့ ၉း၀၀ နာရီတက်တဲ့ ကျောင်းမမီလို့ အတန်းထဲကိုကုပ်ချောင်းချောင်းလေး ၀င်ပြီး နောက်ဆုံးလွတ်တဲ့ခုံလေးမှာ ၀င်ထိုင်ရတာပဲ အဖတ်တင်ခဲ့တာပါပဲ … မလုပ်ခဲ့ရဘူးလို့ စိတ်ထဲမှာ ဖြစ်နေခဲ့ဖူးတာတွေကို လုပ်ခွင့်ရလို့ လုပ်ကြည့်တော့လဲ တကယ်တမ်းတော့ ဘာမှ မဟုတ်ပါဘူး.. စိတ်ထဲမှာ လွဲမှားနေတဲ့ စိတ်ကူးတွေကိုပဲ ပြန်တွေ့ရပါတယ်..တကယ်တမ်းတော့ ဘာမှမဟုတ်တာကို အဟုတ်လုပ်ပြီး စိတ်ထဲမှာ နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ လွဲမှားမှု တွေပါ…. ဒါပေမဲ့ ကိုလုပ်ချင်တာလေး လုပ်တဲ့ခဏတော့ စိတ်ချမ်းသာလိုက်တာ အမြတ်ဖြစ်မယ်...
အပြောအဆို
                               နဂိုက ဟိုမရောက် ဒီမရောက်ကြီးပြင်းခဲ့တဲ့ ကျွန်မ (အဲဒီ ကျွန်မ ဆိုတာကြီးကိုပဲ စဉ်းစားကြည့် တိုင်းစိတ်ပျက်မိတယ် ..) တစ်ခါမှ မပြောဖူးသလို သုံးဖူးတာလဲ ဒီဘလော့ဂ်စလုပ်မှ မြန်မာစာ မြန်မာ့စကားကို အလေးထားတဲ့အနေနဲ့ မသင့်တော်ပါဘူးလေ ဆိုပြီး ကျိတ်မှိတ် သုံးကြည့်ရတဲ့ အဖြစ်ပါ..ကျွန်မ ဆိုတာကို ဘာသာပြန်ကြည့်တိုင်း ကျွန် - မ လို့ ဖြစ်နေတော့ စိတ်ထဲမှာ သုံးရတာလဲ တော်တော် မကောင်းတဲ့ အဓိပ္ပါယ်ပဲလို့ စဉ်းစားမိနေတယ် ..(ကျွန်မ အမြင်ကို ပြောတာပါ ..သူများတွေ သုံးတာကိုလဲ ဘာမှ မပြောလိုပါ ..ကိုယ့်ခံစားချက် သက်သက်ကိုရေးလိုက်တာပါ..) အပြင်မှာ ဆိုရင်တော့ တတ်နိုင်သလောက် နံမည်ပဲ ထည့်ပြောလိုက်တယ်.. နံမည်ထည့်ပြောရ လောက်အောင် မရင်းနှီးသူများ ကိုကျတော့ မန္တလေးသူလဲ မဟုတ်ပါပဲနဲ့ မန္တလေးသူတွေပြောတဲ့ ကျနော် (ကျွန်တော်.. ကျွန်ဖြစ်ရတာချင်း တူရင်တောင်တော်တယ်ဆိုတော့ မဆိုးသေးဘူး စဉ်းစားရင်း) ဆိုတာကို ယောက်ကျားလေးစိတ်လဲ မပေါက်တော့ပဲနဲ့ သဘောတကျ သုံးကြည့်ခဲ့ဖူးတယ် ..ခုတလော ဖြစ်လာပြန်တာ နေသားတကျ သုံးနေရင်းကနေ မန္တလေး ရွှေမြို့တော်သူများ ကျနော်ပြောခြင်းရဲ့ အကြောင်းအရင်းဆိုပြီး ဖော်ဝပ်မေးလ်တွေ ၀င်လာပြန်တော့ သုံးရတာမင်းတုန်းမင်းကြီး အကြောင်း ကြားပြီး ကျောချမ်းလာလို့ မသုံးချင်ပြန်ဘူး .. နံမည်သုံးပြောလောက်အောင်ထက် ပိုရင်းနှီးသူများကိုတော့ စိတ်ရှင်းရှင်း နင် ၊ ငါ လို့ပဲ ချလိုက်တာပဲ.. အပြောအဆိုမှာလဲ အဲလိုပေါက်ကရတွေ စဉ်းစားပြီး ကဂျိုးကဂျောင်နဲ့ ကြီးပြင်း လာခဲ့ပြန်ပါတယ် .. (ကိုသားကြီး ပြောသလို ကျွန်မလဲ ကြီး ပြင်းတာပါ.. ကြီး ပျင်းတာမဟုတ်ပါဘူး..)
အစားအသောက်
                            ပြန်စဉ်းစားကြည့်တာ ကျွန်မ ငယ်ငယ်က အစားအသောက်လဲ တော်တော်ဂျီးများခဲ့ဖူးတယ် ကျွန်မတော်တော် အရွယ်ရနေပြီ ၁၀တန်းလောက် ရောက်တဲ့ထိအောင်လဲ ငရုတ်သီး လုံးဝ မစားဘူး.. မစားတာမှ ဟင်းကို အရောင်တင်ငရုတ်သီးနဲ့ ထည့်ချက်ရင်တောင် အိမ်ကို အမျိုးမျိုး ပြဿနာတွေ ရှာပြီး ဟင်းဖတ်ကို ရေဆေးစားရတာ အလုပ်တစ်ခု .. ဘယ်ကျမှ စ စားဖူးလဲဆို တော့ ကျွန်မ အိမ်နဲ့ဝေးလို့ကျောင်းသွားတက်တော့ ကျွန်မတက်တဲ့ ကျောင်းရဲ့ သုံးပုံ နှစ်ပုံက ရခိုင်လူမျိုးတွေ ရှိပါတယ် ..အဲဒီ မြို့ကိုရောက်မှ ပထမဆုံး ငရုတ်သီးစ စားတာ သဘောင်္သီးသုပ် သူတို့အခေါ် တောသုပ်တဲ့ …. မန်ကျည်းမှဲ့ ငရုတ်သီးစိမ်း ငပိတွေနဲ့ သုပ်ထားတာပါ .... ပဲမှုန့်မပါတာကို တောသုပ်ခေါ်တယ် ထင်ပါတယ်.. ငရုတ်သီးမစားဖူးတဲ့ ကျွန်မ စ စားတော့လဲ အဲဒါက စ စားတော့ ကျွမ်းပစ်ချင်လောက်အောင်ကို စပ်ပြီး ခေါင်းတစ်ခုလုံးလဲ တူနဲ့ထုထားသလို ခံစားရတဲ့ အစားအစာ.. ဒါပေမဲ့ ဘာက စွဲဆောင်ထားမှန်းမသိဘူး.. ကျွန်မပါးစပ်ထဲ တော်တော် အရသာ ရှိနေခဲ့ပြီး ရေခွက်ကြီး ဘေးချ မျက်ရည်တွေ နှာရည်တွေ သုပ်ပြီး ရအောင် စားခဲ့ဖူးတယ်.. အဲဒီမြို့လေးက အဲဒါကနေစပြီး ကျွန်မကို စွဲဆောင်သွားတာ ရခိုင်သူငယ်ချင်းတွေ သုပ်ကျွေးတဲ့ ရေခူသုပ် ၊ ကန်ဇွန်းရွက်သုပ် ပြီးတော့ ရခိုင်သုပ် ဆိုပြီး မုန့်ဟင်းခါးဖတ်ကို သုပ်တာရယ် (မုန့်တီသုပ်လဲ ခေါ်တယ် ထင်တယ်) အားလုံးက ငရုတ်သီး မပါရင် အစားအစာ မဖြစ်တဲ့ ရခိုင် အစားအစာတွေလဲ အဲဒီမြို့လေးရောက်မှ စားဖူးပြီး ၁၆နှစ်လောက် မစားခဲ့တဲ့ ငရုတ်သီးကို ကြိုက်နှစ်သက် သွားဖူးတယ် .. ပြီးတော့ နံနံပင်တို့ ကြက်သွန်ဖြူတို့ ကြက်သွန်နီတို့ အနံ့နဲနဲ ပြင်းတာတွေဆို စားမကြည့်ပဲနဲ့ မကြိုက်ဘူး ဆိုပြီး နှစ်တွေ အတော်ကြာတဲ့ထိအောင် စားကြည့်ဖို့ မကြိုးစားခဲ့ဘူး .. ခုတော့ စားတတ်နေပါပြီ.. အဲလို အနံ့ပြင်းပြင်းတွေကို မကြိုက်တဲ့ ကျွန်မက ကျွန်မတို့ တစ်အိမ်သားလုံး ခေါင်းမူးလောက်အောင် နံတယ် ပြောတဲ့ ဒူးရင်းသီး ကျတော့ ကြိုက်နေခဲ့ ပြန်သတဲ့.. ကျွန်မကပြီးကျ တစ်အိမ်သားလုံးကို ညစ်ကျယ်ကျယ်နဲ့ ပြောတတ် သေးတယ် .. ဒူးရင်းသီး မကြိုက်တာ တောသားမို့လို့ လို့.. (ကျွန်မ အိမ်က မိသားစုကိုပဲ ပြောတာပါ.. ကျန်တဲ့ သူငယ်ချင်းတွေကို ပြောဘူးနော်.. မကြိုက်ချင် မကြိုက်လို့ရပါတယ်..) ကျွန်မက ကိုယ့် ကိုယ်ကိုပဲ စဉ်းစားကြည့်တာပါ.. တလွဲတချော် ဖြစ်တာလေးတွေ ကိုပါ …. ကျွန်မ တစ်ယောက် မစားဖူးတဲ့ အရာတွေကို စားကြည့်ပြီးမှ ဆုံးဖြတ်ဖို့ စိတ်ကူးမရှိတဲ့ သူက အခု ရောက်ရှိနေတဲ့ နေရာက လူတွေရဲ့ စားသောက်မှုနဲ့ ချက်ချင်း သဟဇာတ မဖြစ်ခဲ့ပြန်ဘူး .. ကျွန်မတို့ဆီမှာ စွယ်တော်ရွက်တို့ ၊ ရွက်လှရွက်တို့ဆိုတာ ပန်းပင်အနေနဲ့ပဲ သိထားခဲ့ပြီး စွယ်တော်ရွက်ဆိုလဲ ငယ်ငယ်က စာအုပ်ကြားထဲ ညှပ်သိမ်းခဲ့ပြီး အခြောက်ခံပြီး သိမ်းထားမယ် .. ရွက်လှဆိုလဲ တစ်ခါတစ်ရံ ဘုရားပန်းတင်ဖို့ ဆိုပြီး သုံးမယ် .. အဲလို သိထားတဲ့ အရွက်တွေကို ဒီက သူတွေက ဟင်းလုပ်ပြီး စားပြန်တယ် .. သူတို့ဆီမှာ အရွက်ဟူသမျှ စားကောင်းတဲ့ အရာလို့ သတ်မှတ် ထားသလောက်နီးပါး ကျွန်မ နံမည်မခေါ်တတ်တဲ့ အရွက်တွေကိုလဲ အစိမ်းတစ်မျိုး ၊ ချက်လို့တစ်မျိုး စားကြပြန်တယ်.. ဍ ရွက် (ဒရင်ကောက်ရွက်) ဆိုတာလဲ ရှိသေးတယ် .. ၀က်သွေးတွေ ကိုလဲ အစိမ်းတွေနဲ့ ကျွန်မ နံမည် မသိတဲ့ အရွက်ပေါင်းစုံနဲ့ နယ်ပြီးလုပ်စားတဲ့ အစားအစာလဲ ရှိသေးတယ် ..အသား ငါးကတော့ ရှင်းတယ် ကြက် ၊၀က် ၊ငါး ၊ ကလွဲရင် ထူးထူးဆန်းဆန်းဆို ဘာမှ စားမကြည့်ဘူး .. ပင်လယ်စာ ဖြစ်တဲ့ ရေဘ၀ဲတို့ ဂဏန်းတို့ ခရုတို့ကို စိတ်ကူးထဲ စာကြည့်ရုံနဲ့တင် allergy ဖြစ်သွားလို့ တစ်ခါမှ စားကြည့်ဖို့ မကြိုးစားခဲ့ဖူးပါ.. ကျွန်မကိုယ်တိုင်က အဲလို ထူးထူးဆန်းဆန်းဆို စားလဲကြည့်ဖို့ စိတ်မကူးပဲနဲ့ စိတ်မ၀င်စား တတ်သူ ဆိုတော့ ( ကိုယ်သိထားတဲ့ အသုံးဝင်မှု ဥပမာ ..ပန်းပင် ဒါမှမဟုတ် ဘုရားပန်းလို့ လက်ခံထားတဲ့ အရွက်တွေကို စိတ်ကူးနဲ့ စားကြည့်တာ စိတ်ထဲမှာ တစ်မျိုးဖြစ်နေလို့) တစ်ခါမှ စားမကြည့်ပါ.. သူများကိုတော့ မဝေဖန်ပါ…. ကိုယ် စိတ်ရဲတာပဲ ကိုယ်စားသုံးပြီး လွဲနေတာ လေးတွေကို တည့်အောင် နေကြည့်ပါတယ်.. ခုတော့လဲ ကိုယ်နေတတ်သလို နေလိုက်တာ နေသားကျ လာပါ တယ်….
စိတ်ကူးယဉ်ကြည့်တဲ့ အကြောင်းအရာ
                      ကျွန်မကို စွဲဆောင်မှုတွေ အများကြီးပေးခဲ့တယ်လို့ပြောခဲ့တဲ့ မြို့လေးက ရာဇ၀င်တွေ သမိုင်းတွေနဲ့ ရှိနေပြီး သမိုင်းဝင် စေတီတွေလဲ တော်တော် များများရှိတဲ့မြို့၊ တောမကျ မြို့မကျနဲ့ ကျွန်မကိုတော့ တော်တော်လေးဆွဲဆောင်နိုင်ခဲ့တယ် (မြို့မကျလို့ ပြောရင် အဲဒီ မြို့သားစစ်စစ် တွေက စိတ်ဆိုးလိမ့်မယ်..ဆိုလိုချင်တာက မြို့တော်ကြီးတွေလို ဆူညံ ရှုပ်ယှက်ခတ်ပြီး နားမငြီး မျက်စိမနောက် တာကို ဆိုလိုခြင်းပါ..)ရန်ကုန် ၊မန္တလေးတို့လို မြို့တော်ကြီး မဟုတ်ပေမဲ့ ခေတ်ကို အမီလိုက်နိုင်တဲ့ မြို့ကလေးပါ..သဘောကျတဲ့ အဓိက အကြောင်းအရင်းကလဲ မြို့တော်ကြီး တွေလို ဆူညံမနေပဲနဲ့ ခေတ်နဲ့ အညီဘာမဆို ရရှိနိုင်တာလဲ ပါတယ် .. အစားအသောက်လဲ စားချင်တာ တော်တော်များများ အဆင်ပြေလို့ ညဈေးတန်းလေးလဲ ရှိတော့ ကျွန်မ စဉ်းစား ထားဖူးတာလေးတစ်ခု ရှိတယ် .. ကျွန်မအဲဒီမှာ နေခဲ့တုန်းက ကျွန်မ အသက်ကြီးလို့ အခြေချရင် အဲဒီမြို့လေးကို သွားနေမယ်လို့ စဉ်းစားဖူးတာ ရှိတယ် .. (ဇာတိမြေ မဟုတ်ပဲနဲ့ ကျွန်မကို ဘယ်လိုအချက်တွေက စွဲလမ်းစေတာလဲ ဆိုတာ ကျွန်မသေချာမသိဘူး..) အခုအနေအထား အတိုင်း သုံးသပ်ကြည့်တာ သေချာတာကတော့ အဲဒီမြို့ကို အသက်ကြီးရင်လို့ ပြောခဲ့တဲ့အတိုင်း မြို့အထွက်လေးမှာ ရှိတဲ့ ဘိုးဘွားရိပ်သာမှာ နေရတဲ့ အရွယ်ကျမှ ရောက်တော့မယ် ထင်တယ်.. အပြင်လက်တွေ့မှာတောင် လွဲမှားစွား ရပ်တည်မှုတွေ ရှိနေသေးတာ စိတ်ကူးယဉ်တာ ဆိုတော့ ပိုဆိုးတာပေါ့ ..(တစ်ခါတစ်လေ စိတ်ရှိလက်ရှိ သီချင်းတစ်ပုဒ် အော်ဆိုပစ်လိုက်တယ် ..လွဲလွဲ လေးပဲကောင်းပါတယ် ဆိုတဲ့ သီချင်းလေ ..)
စိတ်ကူးယဉ်ဖူးတဲ့ မြို့လေးမှာ ရှိတဲ့ အထင်ကရ ဘုရားပုံတွေပါ ...
                                အလွဲများစွာနဲ့ကျွန်မက အဲဒီမြို့လေးမှာလဲ အလွဲများစွာနဲ့ ဖြတ်သန်း ခဲ့ဖူးပါသေးတယ်.. အဲဒါတော့ လာမေးလဲ ပြောပြဘူး ..ဘာလို့လဲဆိုတော့ ကိုယ့်လက်ကို လှမ်းဆိတ်သလို ဖြစ်နေမှာပေါ့..(စကားပုံပြင်ထားတာ မိန်းကလေးဆိုတော့ ဒီစကားပုံပဲ သင့်တော်တယ်မို့လား..) နောက်ထပ်လဲ ဘာတွေလွဲအုံးမယ် မသိသေးပါ .. ကိုယ့်ကိုယ်ကို ဟန်မကျတာလေးတွေ ပြန်ကြည့်ကြည့်တာပါ .. ကျွန်မစဉ်းစားကြည့်မိတာ မမွေးခင်ကတည်းက လွဲမှားစွာ လူ့လောက ရောက်လာတဲ့ ကျွန်မ သေရင်တော့ တည့်တည့်လေး သေချင်တယ် .. တည့်တည့်လေး သေဖို့ဆိုတာ ခုအနေအထားနဲ့ တော်တော်လေး အလှမ်းဝေးပါသေးတယ် .. အနေတတ်မှ အသေတတ်မှာလေ.. အဲဒီ အနေတတ်ဖို့ အတွက် စိတ်ကလေး ထားတတ်ဖို့ အရင်ကြိုးစား ကြည့်ပြန်တော့ စိတ်ထားတတ်ဖို့ ဆိုတာလဲ တရားရှိပြီး တရားသိမှလေ ….. တရားမသိသေးပဲ သေသွားခဲ့ရင်တော့ ကျွန်မရဲ့ ထုံးစံအတိုင်း လွဲလွဲလေးပဲ သေမှာပဲနော် .. အဲဒီတော့ စဉ်းစားကြည့်မိတာ တရားလေးသိပြီးမှ သေချင်တယ်… အယူတွေ လွဲမှားပြီး မသေချင်လို့ပါ …အဲဒါကလဲ ကိုယ်တိုင်က တရားသိအောင် ကြိုးစားရမှာလေ.. တရားသိနေလို့ ရေးထားတာ မဟုတ်ပါ ... သိအောင် ကြိုး စားဖို့ ကိုယ့်ကိုယ်ကို သတိပေးတာပါ …( ကျန်တာတွေ လွဲရင်လွဲပါ ..သေရင် မလွဲဘူးဆို ကျေနပ်စရာပါ ..)
15 comments:
khun said...
မလင်းရေ
ပို့စ်အသစ်နဲ့တန်းတိုးတာနဲ့ဖတ်သွားပါတယ်။
လူတိုင်းမှာအလွဲတမျိုးမဟုတ်တမျိုးတော့ရှိမယ်
ထင်ပါတယ်။
ဆန္ဒတွေပြည့်ဝပါစေနော်။
ခွန်သဒ္ဒါ
Anonymous said...
Which font do u use for this post?
I can't read the post but can read comment? \\
Any font changes?
K
မိုးစက်ပွင့်လေး said...
လာရောက်ပါတယ် မမရေ...မမတောင်းတဲ့ဆုတွေပြည့်ပါစေ...ညလေးဆို မမထက်တောင်ဆိုးခဲ့မလားပဲ.. ဟီးဟီး...
လင်းငယ် said...
ဖတ်သွားတယ်... ပို့စ်လေးလည်း ကြိုက်တယ်.. ဒူးရင်းသီး လည်း အရမ်းကြိုက်တယ်.. ဒါနဲ့ လင်းကို စွဲဆောင်နေတဲ့ မြို့လေးက ဘယ်မြို့လည်း လုပ်ပါဦးသိချင်လို့.. စပ်စုတယ်ထင်လည်း ခံရမှာပဲ... အသေမလွဲချင်တာကတော့ အကောင်းဆုံးပါပဲ။ သေခြင်းတရာဆိုတာ မျက်စိတစ်မှိတ်လျှပ်တစ်ပျတ် အတွင်းကို ဖြစ်သွားနိုင်တယ်ဆိုတော့ အမြဲတမ်းတရားလေးနဲ့နေတာကောင်းပါတယ်.... အားပေးနေမယ်..
Nyi Nyi said...
စိတ်ရှည်ရှည်နဲ့ရေးထားတော့စိတ်ရှည်ရှည်နဲ့ဖတ်သွားကြောင်းပါ....
Anonymous said...
စိတ်ရှည်ရှည်နဲ့ ဖတ်သွားတယ်လင်းရေ။ အားလုံးဟာ အလွဲတွေနဲ့ တွေ့ဖူးနေဖူးနေမှာပါ။ လွဲခဲ့တာတွေကို ခုချိန်ကျ ပြန်ပြီး ရယ်ချင်စရာဖြစ်နေပြီး ဖြစ်မှဖြစ်ရလေလို့ မှတ်ချက်ချရတာတွေ။ ဒီလိုသာဖြစ်ခဲ့ရင် လို့တွေးမိတာတွေ ဖြစ်လာရော။ ဟုတ်တယ်နော် ။ သေတတ်အောင် နေတတ်ဖို့ တို့တွေလည်း ကြိုးစားရမယ်။ ကဲ ဆက်ရေးနော်သယ်ရင်း။ (ဝင်ကြည့်ရင်းအသစ်နဲ့တိုးလို့ မေးလ်မဝင်ဘဲ ဒီတိုင်းမန့်သွားတယ်) ကျန်းမာပျော်ရွှင်ပါစေ ခင်တဲ့ maylay
လင်းကြယ်ဖြူ said...
တရားလေးနဲ့ နေ တော့ အကောင်းဆုံးပေါ့ဗျာ..
အဲ့ဒီ့မြို့ လေးက သေးငယ် ကျဉ်းမြောင်းပေမယ့်..
တကယ်ကို ပျော်စရာကောင်းတယ်ခင်ဗျာ..
အိမ်နီးနားချင်း မိတ်ဆွေကောင်းဆိုတာ ကျွန်တော့တစ်သက်မှာ အဲ့ဒီ့မြို့လေး
မှာက လွဲရင် နောက်ထပ်မကြုံဖူးဘူး...
စိတ်ရင်းကောင်းတဲ့မြို့လေးပေါ့နော..
လွဲတတ်တဲ့လူတွေရှိလို့ ပြုပြင်တတ်တဲ့သူတွေပေါ်လာတာ..ဒီတော့ လွဲတဲ့သူဆိုတာ ပြုပြင်တတ်သူတွေထက် ပိုပြီး အစဉ်လာကြီးမားတယ်..
ဆက်ထိမ်းထား..ဂုဏ်ဒြပ်တွေကို...ဟဲ..ဟဲ..း-)
ပျော်ပါစေ
လင်းကြယ်စင် said...
Hi,
K
I use zawgyi-one font type in Microsoft word and then copy-past to publish post . I also have some HTML errors occurred .I want to upload so ticked of stop showing HTML errors for the body of this post .So I can't change anymore .Sorry for that and I'll not use this way next time.
Thanks for u want to read my post and sorry for that.
Linn
Anonymous said...
Hi Linn,
Now I m trying to copy , paste ur post in word and change font but in vein.
Can u pls email me this post? I'd like to read it and I think I'll love it.
Best,
k
Anonymous said...
ဖတ်ပြီးသွားပြီ.. ကိုယ့်နည်း ကိုယ့်ဟန်နဲ့.......။ :)
ုk
Anonymous said...
ငါလေ နင့်စာတွေကို တစ်ပိုဒ်ချင်းကူး.... အရင်တစ်ခါ အဲလို ဖတ်မရဖြစ်ဖူးတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ကောမန့်ဘောက်စ်ထဲသွားထည့်မှ ဖတ်ရတာ..
ငါ့ဘဝမှာ အဲလောက်ပင်ပန်းခံဖတ်တာ ဒီတစ်ပုဒ် ပထမဆုံးပဲ... ။
ဖတ်ပြီးတော့လည်း ပင်ပန်းခံရကျိုးနပ်ပါတယ်ဟာ....
ခင်ဝမ်းရဲ့ သီချင်းလေးတစ်ပုဒ်ဖွင့်နားထောင်ရင်းဖတ်လိုက်တာ....
အရမ်းလွမ်း သွားတယ်...
ဘာသီချင်းလည်းသိလား ခေါင်းစဉ်ပြောမပြတော့ဘူး၊ စာသားရွတ်ပြမယ်
"ပြန်သင့် မပြန်သင့်၊ ဆုံးဖြတ်ခွင့် မရှိတော့တဲ့၊.......မှာဆောင်း"
K
linn said...
သူငယ်ချင်း K ရေ...
အရမ်းကျေးဇူးတင်တယ် .. နင့်ရဲ့ အားပေးမှုက ငါ့အတွက် ခွန်အားပါ..
နင့်လို သူငယ်ချင်းဟောင်း သူငယ်ချင်းကောင်းမျိုး ငါ့ဘ၀မှာ မရှိမဖြစ် လိုအပ်ပါတယ်လို့ ပြောရင် နင့်ရဲ့ အပင်ပန်းခံမှုကို ပြေပျောက်စေချင်ပါတယ်.. ငါ့ရဲ့ ရှားပါးလှတဲ့ သူငယ်ချင်း ငါးယောက် အကြောင်း တစ်ယောက်ချင်းစီရဲ့ ကောင်းတာလေးတွ မကောင်းတာလေးတွေ ပို့စ်လေး တစ်ပုဒ်ရေးရင်း ဂုဏ်ပြုပါ့မယ် ..ကြောက်နဲ့နော် ..(နံမည် ထည့်ရေးဘူး ဟဟး))) )
သူရိန် said...
ကဲပြည်သူ ဖြစ်ချင်တဲ့ လင်းကြယ်စင်ရေ... MS-word ကနေ copy လုပ်ပြီး paste လုပ်တဲ့ အခါ Edit Html Tab မှာ paste လုပ်ပါ။ ပြီးတော့မှ Compose Tab မှာ Fix လုပ်ပါ။ အဆင်ပြေပါလိမ့်မယ်။ WYSIWYG editor ပေါ်မှာ paste လုပ်ရင် hidden code တွေ ပါသွားပါရော... blogger က support မလုပ်တော့ error တက်ရော... :)
သားကြီး said...
“ကျွန် - မ” လို့မသုံးနှုန်းချင်ရင်
“ရှင်-မ”လို့သုံးနှုန်းကြည့်ပါလား ဟဲဟဲ
အကြံပေးတာ
သားကြီးတို့ငယ်ငယ်ကတည်းကငရုတ်သီးစားတယ်ကွယ် ငရုတ်သီးတောင်မှ ကုလားအော်သီးကို ကုလားလိုမအော်ဘဲနဲ့
ခပ်တည်တည်ကြီးစားပစ်တာ
မိုးမျှော်သီးလည်းစားတာပါပဲ ထမင်းဝိုင်းကထလာရင် ရည်စားလင်နောက်လိုက်ပြေးသွားလို့ ငိုထားတဲ့အတိုင်းပဲ မျက်ရည်တွေ နှပ်တွေ တရှုးရှုးတရှဲရှဲနဲ့ :P
ဒူးရင်းသီးလည်းကြိုက်ပါတယ် ကြုံရင်ဝီစကီနဲ့မြည်းမလားလို့ :P
သားကြီး said...
ညီမရေးတဲ့အလွဲကို
ကင်းမှီးကောက်ထောင်ပြီး တလွဲဖတ်သွားပါကြောင်း :P