Saturday, 5 September 2009

နီးလျက်နဲ့ဝေး



ကျွန်မ အလုပ်ပြီးလို့ လမ်းမပေါ်ဆင်း လိုက်တယ် ဆိုရင်ပဲ လမ်းမပေါ်က မီးအလင်းရောင်တွေ လင်းထိန်နေတာ ကြည့်ရင်း ကျွန်မ အိမ်ပြန်တော်တော်နောက်ကျနေပြီပဲရယ်လို့ စိတ်ထဲမှာ တွေးမိလိုက်တယ်... မေမေ တစ်ယောက်လဲ ကျွန်မကို လည် တဆန့်ဆန့်နဲ့ မျှော်နေလောက်ပြီ ... လမ်းမရဲ့အလင်းရောင်တွေ ဘယ်လောက်ပဲ လင်းနေပေမဲ့ ကျွန်မကို မျက်လုံးတစ်စုံ ကြည့်နေ သလို စိတ်မှာ ခံစားလိုက် ရတာမို့ ကျွန်မဘေးဘီကို လိုက်ရှာ ကြည့်မိတယ် ... သေချာ တာပေါ့… ဒီမျက်လုံးတစ်စုံ ကျွန်မကို ဘယ်အချိန်ကတည်းက စိုက်ကြည့်နေခဲ့လဲ မသိနိုင်ဘူး... ကျွန်မ တွေ့ သွားတော့လဲသူ့ရဲ့ အကြည့်တွေ သူမကြည့်နေခဲ့သလို မူပိုင်ဟန်နဲ့ အနားကို လျှောက်လာပြီး
"ဟိတ်..ကောင်မလေး… ဘာလို့ အလုပ်ကို လောဘတကြီး လုပ်နေရတာလဲ..ဒီ အချိန်ထိအောင်"
ကျွန်မကလဲ အားရ ၀မ်းသာနဲ့ သူမေးတာ မဖြေမိပဲ ကျွန်မ ပြောချင်တာ လက်လွတ်စပယ် ပြောတတ်တဲ့ အကျင့်အတိုင်း..
"ဟယ်.နင်ရောက်လာတာ အတော်ပဲ..ငါအိမ်ပြန် အရမ်းနောက်ကျလို့ မေမေ စိတ်ပူနေတော့မှာ"
သူ့ မျက်နှာ အပြုံးတစ်ချက် ပျောက်ကွယ်သွားမှပဲ ကျွန်မ ပြောလိုက်မိတာ ချက်ချင်း နောင်တရမိသွားတယ်...မတွေ့တာ အတော်ကြာပြီး အဝေးတစ်နေရာကနေ ရောက်လာတဲ့သူကို ဒါ့ထက်လေးနက်တဲ့ စကားနဲ့ ကြိုသင့်ပါရဲ့နဲ့ ကျွန်မ အိမ်ပြန်ဖို့ အဖေါ်မရှိလို့ လို့ပြောလိုက်မိ ပါလိမ့်… ကျွန်မရဲ့ အလိုက် မသိမှုကြောင့် ကျွန်မတို့ကြားက တိတ်ဆိတ်မှုကို ချက်ချင်းပဲ ပြောင်းလဲပစ်ဖို့
"ငါ.. နင့်ကို ခုလေးတင်ပဲ သတိရနေသေးတယ်.." လို့ပြောလိုက်မိတော့
"ဟုတ်လို့လား.." တဲ့ သူကလဲ ထုံးစံအတိုင်း ကျွန်မစကားဆို ဘယ်တုန်းကမှ အယုံအကြည် မရှိခဲ့တဲ့ လေသံနဲ့ ပြန်မေးလာတယ်... ကျွန်မကပဲ
"အင်း.. ဒါနဲ့ နင် ဘာမှ မစားရသေးဘူး မို့လား…ငါတို့ တစ်ခုခု ၀င်စားရအောင်လေ.." "အေး..ငါလဲ ခု ညနေ 5း00 နာရီ ဖလိုက်နဲ့ ရောက်တယ်ဟာ..ရောက်ရောက်ချင်း အိတ်တွေချပြီး နင်တို့အိမ်ဘက် ထွက်လာတော့ နင့်အမေက နင်အလုပ်က ပြန်မရောက်သေးဘူး ဆိုလို့ငါ နင့်အလုပ်ကို ဆက်လိုက်လာတာ.."
"ဟာ.. ဒါဆို အောက်မှာ စောင့်နေတာ နင်ကြာနေပြီပေါ့.. ငါဆင်းလာတော့ 7း00 နာရီ ရှိနေပြီ.. ဖုန်းတော့ မဆက်လိုက်ဖူးဟာ.. ငါဆင်းလာမှာပေါ့..."
"ဒါနဲ့ နင်ဘာစားမလဲ.. ငါကတော့ ကော်ဖီဆိုရပြီ.. နင် ဗိုက်ဆာနေလား.."
"အင်း.. ငါလဲ နင်မရှိလို့ အပြင်မှာ ကော်ဖီမသောက်ရတာ ကြာနေပြီ..ကော်ဖီဆိုင်ပဲ ထိုင်မယ်လေ.. ဒီနားမှာပဲ ရှိတယ်.."
ဆိုင်ရောက်တော့ ကောင်တာမှာ ကော်ဖီသွားယူပြီး စားပွဲမှာ ပြန်လာထိုင်ရင်းနဲ့ ဗူးလေးတစ်ခု စားပွဲပေါ်တင်လာတယ်....
" Happy Birthday ပါ " တဲ့... ကျွန်မ အရမ်း အံ့သြောသွားတယ်… သေတော့မှာပဲ… ကျွန်မ ကိုယ့် မွေးနေ့တောင် ကိုယ် မေ့နေတဲ့ အဖြစ်...  ကျွန်မကပဲ ဗူးလေးကို အံ့သြောတကြီး ကိုင်ကြည့်ရင်း
"ဘာတွေလဲဟင်.."
"ဖွင့်ကြည့်လေ… ဘာမှ အထူးအဆန်း မဟုတ်ပါဘူး.." ကျွန်မ ဖွင့်ကြည့် လိုက်တော့ ကျွန်မ ကြိုက်တတ်တဲ့ အဆိုတော်တွေရဲ့ သီချင်းခွေတွေ...
"ငါလဲ အဲဒီ အခွေ ၀ယ်မလို့ လုပ်နေတာ အတော်ပဲ.."
"အေးပါ..ငါလဲ ခွင့်ရလို့ ပြန်ရမယ်လဲ ဆိုရော ငါ ပြန်ရောက်မဲ့ နေ့က နင့်မွေးနေ့နဲ့ တိုက်နေတော့ အရမ်းဝမ်းသာ သွားတယ်… ဒီလဲရောက်ရော မွေးနေ့ရှင်က အလုပ်တွေ တအားကြိုးစားပြီး သူ့မွေးနေ့တောင် သူမေ့နေခဲ့တယ်တဲ့..ရယ်စရာကောင်းတယ်နော်.."
"ကဲပါ .. ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့မွေးနေ့ကို သတိရပေးတဲ့ အတွက်ရော ငါကြိုက်တဲ့ အခွေတွေ ၀ယ်လာပေးတဲ့ အတွက်ရော ကျေးဇူး တင်တယ် ဟာ.. ဟုတ်ပြီလား.."
"တော်ပါတော့ဟာ… ငါ့ကို နင့် ကျေးဇူးတွေနဲ့ ဖိမသတ် ချင်စမ်းပါနဲ့.."လို့ ပြောတော့ နှစ်ယောက်သား ပြိုင်တူ ရယ်မော မိကြပြန်တယ်..
"ဟဲ့.. နင့် ကော်ဖီတွေ အေးကုန်ပြီ..သောက်လိုက်အုံးလေ.." ဆိုတော့ ကျွန်မ ကယောင်ကတန်းနဲ့ ကျွန်မ သိပ်ကြိုက်တဲ့ ကော်ဖီတွေကို အရသာခံဖို့ မေ့လို့ တကြိုက်တည်း မော့သောက်နေမိတယ် .. နင် ပြန်လာတာ တအား ၀မ်းသာတာပဲလို့ ပြောလိုက်ရမလား .. မဟုတ်သေးပါဘူး စဉ်းစားရင်း ကျွန်မ သူ့ ကို ကြည့်လိုက် မိတော့ ကျွန်မကို စိုက်ကြည့်နေတဲ့ သူ့ မျက်လုံးတွေထဲက တစုံတရာကို တွေ့လိုက်သလိုမို့ ...
"ဟင်.. နင် ငါ့ကို တစ်ခု ခု ပြောစရာရှိ နေသလားဟင်.. " သေတော့မှာပဲ.. ကျွန်မ ဒါ့ထက် အဆင်ပြေမဲ့ စကားတွေ ဘာလို့ မရွေးချယ်တတ်နေတာလဲ...
"ရှိတော့ ရှိတယ် .. ဒါပေမဲ့ အရေးတကြီး မဟုတ်ပါဘူး .." ဆိုပြီး ငြိမ်နေပြန်တော့ ကျွန်မကပဲ "ဟဲ့..ပြောလေ.." ဆိုတော့
"အင်း.. အရင်တစ်ခါ နင့်ကို ပြောတဲ့ ကောင်မလေးနဲ့ ငါ ပြတ်သွားပြီ.. အခုတစ်ယောက် ထပ်တွေ့ ထားတယ်ဟာ... အဲဒီ ကောင်မလေးက ချာတိတ်ကလေးပါ.. ဒါပေမဲ့ ငါနဲ့ ပညာ အရည်အချင်း သိပ်မကွာဘူးဟ ... သူလဲ ၁၀ တန်း ကျလို့ ပြန်ဖြေထားတယ် .... သူ့ အဖေက ငါတို့ ဆိုဒ်ထဲမှာ အသက်အကြီးဆုံး ပျော်ပျော်နေတတ်တော့ လူချစ်လူခင် အရမ်းပေါတယ် ... သူတို့ သားအမိ အလည်လာတုန်းက တွေ့တာ... လိုက်ပို့ရင်းနဲ့ … သူ့နံမည်အရင်းက သီရိဇော် တဲ့.. ဒါပေမဲ့ သူ့ အိမ်နဲ့ ငါကတော့ မီးမီး ပဲ ခေါ်တယ်..."
ကျွန်မတို့ နှစ်ယောက်သား အပြန်လမ်း တစ်လျှောက် အတွေးကိုယ်စီ တိတ်ဆိတ်နေကြ ပြန်တယ်… သူကတော့ ဘာတွေ စဉ်းစားနေခဲ့တယ် မသိနိုင်ဘူး... ကျွန်မကတော့ တိတ်တိတ်ကလေး စဉ်းစား နေမိတယ်... ဟိုး မိုင်ပေါင်းများစွာဝေးလှတဲ့ နေရာကနေ လာခဲ့တဲ့ သူတစ်ယောက်က ကျွန်မမွေးနေ့ကို အမှတ်ရပြီး အမှတ်တရ လက်ဆောင် ပေးဖို့ သက်သက်လာခဲ့တာလား... ဒါမှမဟုတ် သူနဲ့ လိုက်ဖက် ညီလှတယ် ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိကြောင်း လာပြောခဲ့တာလား… ကျွန်မကတော့ အတွေးပေါင်း များစွာနဲ့... ကျွန်မ နားမလည်နိုင်ခဲ့ဘူး.. ကျွန်မတို့ နှစ်ယောက်ကြားက ဖြတ်တောက်လို့ မရတဲ့ သံယောဇဉ်ကြိုး တစ်ချောင်းတော့ ရှိနေခဲ့ပါရဲ့နဲ့ ဝေးကွာစေခြင်း အကြောင်းအရင်းမှန်က ဘာကလဲ... ဘာကြောင့်လဲ.. ဆိုတာ ကျွန်မလဲ မစဉ်းစားတတ်တော့ပါ ... လိုက်လဲ မမီတော့ပါ....

ဒီထဲမှာ ပါတဲ့ နံမည်နဲ့ အကြောင်းအရာတွေ အားလုံးက စိတ်ကူးယဉ်သက်သက်ပါ.....

ဒီပုံလေးကို ဒီဆိုဒ် ကလေးကနေ ကူးယူ အသုံးပြုပါတယ်.....

5 comments:

maylay said...

ရေးအုံးလေဟယ် ဖတ်ရတာ နောက်ဆက်ရှိသလိုမျိုးဖြစ်နေတယ်။ သူတွေးတာလေး ဒီတိုင်းလေးနဲ့မရပ်စေချင်ဘူး။ ကျေးဇူးနော် လင်း ဝတ္ထုလေးက ကောင်းတော့ ဆက်ရေးခိုင်းတာ။ ကျန်းမာပျော်ရွှင်ပါစေ

Anonymous said...

ဟင်... ပြီးသွားပြီလားဟ... တန်းလန်းလေးဖြစ်နေတယ်..

k

လင်းကြယ်စင် said...

ပြီးသွားပြီ သူငယ်ချင်းတို့ရေ ..ဆက်မရေးခိုင်းနဲ့တော့ .. မွေးနေ့လက်ဆောင်
လာပေးပြီး အဲလိုပြောပြီး ပြန်သွားတာပဲလေ ...

လင်းကြယ်ဖြူ said...

ဘယ်လိုပင်ဖြစ်စေကာမူ..
ကျွန်တော်ကတော့ Happy Birthday ပါလို့..
ပျော်စရာတွေအများကြီးရောက်လာမှာပါ...
လင်းကြယ်ရေ...
ခင်တဲ့
လင်းကြယ်..ဟဲ..ဟဲ..း-)

သူရိန် said...

စာရေးဆရာမဂျူးကို သဘောကျပြီး ကိုရီယားကားတွေကို မလွတ်တမ်း အားပေးတတ်သူလို့ ထင်မြင်မိက လင်း လည်းမသိမသာ ကြော်ငြာ နိုင်သော စာရေးကောင်းသူတစ်ယောက်လို့ မှတ်ချက်ချလိုက်သည်။ :)