Sunday, 13 December 2009

နွယ် ...


အလှပေါ် အယဉ်ဆင်နိုင်ဖို့
ပင်မြင့်ပေါ်ကို တက်တဲ့ နွယ်
ဒီနွယ်လဲ အပြစ်မဆိုသာ
သူမြဲနိုင်ဖို့ ...
ပင်မအစာအဟာရတွေ စားသုံး
ရုန်းမရတဲ့ ပင်စည်
ဝုန်းကနဲ မလဲပေမဲ့
ယိုင်နွဲ့ချင်ရှာပြီ .....

ကိုယ်ထဲက စိတ်ကို မိုးနိုင်ဖို့
စိတ်ထဲကို ၀င်တဲ့နွယ်
ဒီနွယ်လဲ အပြစ်မဆိုသာ
သူမြဲနိုင်ဖို့ ...
စိတ်အစာအဟာရတွေ စားသုံး
ရုန်းမရတဲ့ ကိုယ်
စိတ်ထောင်းလို့ ကိုယ်ကြေခဲ့
ယိုင်နဲ့ချင်ရှာပြီိ …..

( နဲ့တာနော ... နွဲ့တာမဟုတ်ပါ ...)

ဘာမှ မဟုတ်ပါဘူး ... တစ်ချို့ နွယ်ပင်တွေ သစ်ပင်ကို သေလုမျောပါး ဖုံးအုပ် ၀ါးမြိုသွားတာတွေ့ဖူးလို့ ... သံယောဇဉ်ဆိုတဲ့ နွယ်လဲ အဲလိုပဲ ဖြစ်မယ် ထင်တယ် ...

Wednesday, 9 December 2009

အဖြူရောင် သံစဉ်များ အပိုင်း (၃)

                        
                         ကျွန်မသူငယ်ချင်းလေး “K” အကြောင်းပေါ့ …“K” က ကျွန်မပေးထားတဲ့ Nick Name မဟုတ်ဘူး … သူ့ဘာသာပေးထားတာ … ပေးရတဲ့ အကြောင်းကလဲ သူ့မှာ ဘလော့ဂ်မရှိတာမဟုတ် … ရှိပါတယ် … ဒါပေမဲ့ စာရေးဖို့မဟုတ် စာဖတ်ဖို့အတွက် များလှစွာသော လင့်များကို ချိတ်ပြီး တစ်နေ့ တစ်နေ့ အသစ် တက်လာသမျှ ဘလော့ဂ်တိုင်းနီးနီးကို အပြေးအလွှားသွားဖတ်နိုင်တဲ့ အထိ စာဖတ်အားကောင်းသူပါ … တစ်ခါတစ်လေလဲ ဖတ်ပြီး ပေါက်ကရတွေလဲ မန့်တတ်သေးသမို့ ဘလော့ဂ် မရေးပေမဲ့ သူ့ကို သိနေကြ ပါတယ် … ပြီးတော့ ကျွန်မရဲ့ “K” က ning site တစ်ခု မှာတော့ ပို့စ်အနဲအပါးရေးပြီး လူသိများလို့မို့  နေရာတကာ ပါလေသူကြီး ဖြစ်မှာ ကြောက်တာမို့ “K” နံမည်ပေးပြီး လာနေတာပါ …

                        ကျွန်မ ဘလော့ဂ် ရေးဖြစ်သွားတဲ့ အကြောင်းအရင်းကလဲ သူ့ကြောင့်ပါ … ကျွန်မ စာတွေ မရေးရေးအောင် သူရေးတဲ့ ပို့စ်တွေထဲမှာ ကျွန်မကို သတင်းမှားတွေနဲ့လဲ ဖွတတ်သေးတယ် … ကျွန်မကျောင်းတုံးကတည်းက စာတို ပေစ ပေါက်ကရတွေ ရေးလေ့ရှိတော့ တစ်ခုခုဆို အဲဒီဆိုဒ် ပေါ်မှာ ကျွန်မရေးခဲ့တဲ့ ကဗျာတွေ တင်လိုက်ရမလား ဆိုတာနဲ့ချည့် ခြိမ်းခြောက်လေ့ ရှိတယ်… အဲလိုပြောလာတိုင်း ကျွန်မရေးခဲ့ဖူးတဲ့ ပေါက်ကရ အပိုင်းအစတွေကို မမှတ်မိလေတော့ ကြက်သီးထမိတာ အခါခါ … သူ့ပို့စ်တစ်ခုမှာ ကျွန်မကို ကောင်းကောင်း နှိပ်ကွပ်ထားတာလဲ ရှိသေး … အဲလိုတွေ ဆိုတော့ ကြောက်ရတယ် ပြောပါတော့ … (လက်သံ ကိုယ့်ထက်ပြင်းလေတော့ …) အမှန်တော့ ကျွန်မကို စာပြန်မရေး ရေးအောင် လုပ်နေခဲ့တာပါ … ကျွန်မသူ့ကို အဲလိုတွေ ရေးရပါ့မလား သွားအော်လေတော့ သူက ကျွန်မ စာပြန်ရေးအောင်လို့ stimulate လုပ်နေခဲ့တာပါတဲ့ …

                       အဲလိုနဲ့ ကျွန်မလဲ အဲဒီ ning site မှာ စာအနဲအကျဉ်း ရေးဖြစ်သွားတယ် … ရေးမိ လာတော့ တဖြည်းဖြည်းနဲ့ ဘလော့ဂ်လေး ရေးချင်စိတ်ပေါ်လာတာနဲ့ မှတ်မှတ်ရရ သူ့မွေးနေ့အမီ ပြင်ဆင်ရင်း Birthday Wish ပို့ရင်းကနေ ကျွန်မလင့်ကလေးကို ပို့လိုက်တော့ အားရ၀မ်းသာနဲ့ အားပေးရှာတယ် … ကျွန်မက စာရေးချင်လို့ ရေးတာကလွဲရင် ဘာမှ မသိခဲ့ဘူး … ဘလော့ဂ်ပေါ်မှာ သူက ကျွန်မ လင့်ကို ချိတ်ပြီိး လည်ပေးနေခဲ့သေးတာ … ကျွန်မ စီဘောက်စ်မှာ ဟိုလူ ဒီလူ ပြန်လာအော်တော့ ကိုယ်က ဘာမသိ ညာမသိ ကြောင်တောင်တောင်နဲ့ … အဲဒီကျမှ စကားတွေ အချိတ်အဆက်မမိတော့ပဲ သူပြောတာ ကိုယ်မသိ ကိုယ်ပြောတာသူမသိတွေ ဖြစ်ကုန်တဲ့ အထိ … (သူ့စေ တွေက ကိုယ့် ဝေတွေ ဖြစ်ကုန်ရော …) အဲဒါကြောင့် ကျွန်မသူငယ်ချင်းလေး “K” က ဒီဘလော့ဂ် ရဲ့ ဇာတ်လိုက်ကျော်ဆိုလဲ မမှားဘူး … ဘာပဲပြောပြော ကျွန်မကို ထွက်ပေါက် ကလေးရှာပေးတဲ့ အတွက်ရော နားခိုစရာ အိမ်လေးတစ်လုံး ရှာပေးတဲ့ အတွက်ရော “K” ကို ကျေးဇူးတင်မိတယ်…

                        ဒီသူငယ်ချင်းလေးက ငယ်ငယ်ကတည်းက သူငယ်ချင်း မဟုတ်ခဲ့ပေမဲ့ သူနဲ့လဲ စိတ်တူ ကိုယ်တူလေးတွေ အများကြီး ရှိခဲ့တယ် … ဆယ်တန်းအောင်ပြီး ယောင်လည်လည်နဲ့ ရောက်လာရတဲ့ ကျောင်းမှာ သူက ဆရာကြီးလုပ်ပြီး သြ၀ါဒခြွေခဲ့တာတွေကိုလဲ အမှတ်ရနေမိတယ် … ကျွန်မပြောခဲ့သလို ယောက်ကျားလေးကျောင်းမှာ ကျောင်းသားနဲ့ ကျောင်းသူကို သူအချိုးချထားတာ ရှိတယ် …7:1 ဆိုပဲ … အဲဒီတော့ Lab အခန်းထဲ ၀င်တဲ့အခါဆို လူခွဲလိုက်ရင် ယောက်ကျားလေး 7ယောက်ကြားမှာ မိန်းကလေး ကိုယ် တစ်ယောက်ပဲ ပါနေခဲ့လေတော့ မျက်စိသူငယ် နားသူငယ်နဲ့ ပေါ့ … အဲဒီ အချိန်တွေတုံးက Lab အခန်းထဲ မှာ ကွန်ပျူတာဆိုတာ မြင်သာမြင် မကြင်ရတဲ့ဘ၀ … ကိုရွှေသကောင့်သားတွေ ကြားလဲ ကိုယ်က မတိုးနိုင်ဘူးကိုး … အဲဒီတော့ “K” က ပြောတယ်… ကျောင်းတက် တဲ့ အချိန်မှာ အကုန်လုံးကို ရိုသေသမှုနဲ့ ကိုတွေ မတွေ တပ်ခေါ်မနေ နဲ့ … ခပ် တည်တည်နဲ့ နင် ၊ငါ နဲ့ သာချ … ဒါမှ ပို ရင်းနှီးပြီး ကိုယ်လဲ သိပ်ပြီး အနေမခက်စေဘူးပေါ့တဲ့ … သူပြောခဲ့တာမှန်တယ် … ကျွန်မတို့ကျောင်းမှာ ဒါလောက် ယောက်ကျားလေး များတာ အားလုံးကလဲ ကိုယ့်ထက် အသက်ကြီးသူက ခပ်များများ … ကျွန်မတို့နှစ်က မိန်းကလေးတွေက ဆယ်တန်းအောင် ပြီးကာစ တကယ့်ကို ဘာမသိညာမသိ လူကောင်သေးသေးတွေ ချည့်မို့ … နောက်ပိုင်း တရင်းတနှီး ရှိလာကြတဲ့ အခါ ကျွန်မတို့ မိန်းကလေးတွေကို ကျောင်းက ယောက်ကျားလေး အများစုကလဲ စ စရာ သတ္တ၀ါလေးတွေလိုပဲ သဘောထားခဲ့တာ … ကိုယ့်ထက်ပုပု သေးသေးဖြစ်နေခဲ့တဲ့ ခု ဒေါက်တာ မမကြီး ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို အဲဒီအချိန်ကဆို မူကြို လာတက်တာလား စခံရတဲ့ အထိ … ကျောင်းတုံးက ဓါတ်ပုံတွေ ပြန်ကြည့်မိတော့လဲ အဟုတ်ကို အထင်ကြီးချင်စရာ ကောင်းမနေခဲ့တာ အမှန် … အဲဒီတုံးက စတိုင်လား … ကိုကိုကြီးတွေကို ကြောက်နေခဲ့တာလား မသိ … ကျွန်မတို့ မိန်းကလေး အားလုံး ရှပ်အင်္ကျီ တဖားဖားနဲ့ လွယ်အိတ်စလွယ်သိုင်း တွေနဲ့ မိတ်ကပ်ဆိုတာ ဝေလာဝေး သနပ်ခါးပါတဲ့ မျက်နှာက ခပ်ရှားရှား … ( အဲဒီတော့ … ကျွန်မရဲ့ “K” ပြောပြောနေခဲ့တဲ့ ရွာနားက ချောကလက် ရွာသား မစားချင်တာလဲ အပြစ်မဟုတ်ပါ …)

                          “K” နဲ့ ကျွန်မ Roll No. ကပ်လျက် မွေးနေ့လဲ နှစ်ရက်ပဲ ကွာတာမို့ ကျောင်းမှာ မွေးနေ့ပေါင်းလုပ်ဖူးတာလဲ သတိရနေမိတယ် … သီချင်း ကြိုက်တာ ကဗျာတွေ စာတွေ ကြိုက် တာလဲ တူနေခဲ့တာမို့ အဆက်အသွယ်ပြန်ရ ကြတော့လဲ ဘယ်တုံးကဘယ်လိုဆိုပြီး ပြောကြရတာ အမော … “K” တို့နဲ့လဲ အဆက်အသွယ်ပြတ်သွားလိုက်တာ ဆယ်စုနှစ်ကျော် … အဆက်အသွယ်မပြတ် ပြန်တွေ့ ကြတာ ပြီးခဲ့တဲ့ လေးလပိုင်းကမို့ တစ်နှစ်တောင် မပြည့်ချင်သေး …

                         ကျောင်းတုံးက ကျွန်မပေါက်ကရရေး ထားမိတဲ့ စာတိုလေးနဲ့ အတူ သူကပြန်ရေး ထားတဲ့ စာတိုလေး တစ်စောင်ကို စာအုပ်တစ်အုပ်ကြားက ပြန်တွေ့တယ် …95 ခုနှစ်ကစာလေးမို့ 14 နှစ်လောက်ကြာပြီ ဖြစ်တဲ့ စာကလေးကို တွေ့တော့ အံ့သြော ၀မ်းသာမိတယ် … ကလေးလက်ရေးလေး တွေနဲ့မို့ ခုတွေ့တော့ scan ဖတ်ပြီး အမှတ်တရ တင်ထားချင်တာ ဒါပေမဲ့ လောလောဆယ် scanner ကလဲ ပျက်နေတာမို့ အဆင်ပြေမှ ပြန်တင်မယ် …(အဟဲ ဖြတ် ၊ ညှပ်၊ ကပ် လုပ်ပြီးမှပါ… မကြောက်ပါနဲ့ သယ်ရင်းရယ် …) ကျွန်မ ပိုက်ပိုက်ကုန်သွားတဲ့ အကြောင်းနဲ့ ဘယ်သယ်ရင်းနဲ့ ဘာဖြစ်တာကို စိတ်ညစ်ပြီး ရေးထားမိမှန်းမသိတဲ့ စာတိုလေး … သူက တွေ့ပြီး ပြန်ရေးထားတာ သူ့ကြောင့်လား ဆိုပြီး သူ့ကြောင့် မဟုတ်ရင်လဲ ဘယ်သယ်ရင်း ကြောင့်လဲ ပေါ့ ... မျှဝေခံစားပေးမှာပေါ့တဲ့ … ပိုက်ပိုက်ပြတ်တာကတော့ စိတ်မပူပါနဲ့တဲ့ … မြန်မာ စကားပုံ တစ်ခု ကြားဖူးတယ်မို့လားတဲ့ “လူတော် နဲ့ ငွေ .. အတူ မနေ ” ဆိုပဲ … အဲလို ကျွန်မကို ရှာကြံပြီး နှစ်သိမ့်အားပေးတတ်တဲ့ သယ်ရင်းလေးပါ …

                        ခုပြန်တွေ့ကြတော့လဲ ကျွန်မရဲ့ စာရေးခြင်း အပေါ်မှာရော ကျွန်မ စိတ်ညစ်တတ် ခြင်းတွေ အပေါ်မှာရော တစ်ချိန်ကုန် အားပေးခဲ့တဲ့ သယ်ရင်းလေးမို့ ကျေးဇူးလဲ တင်မိသလို အမြဲလဲ လွမ်းနေမိပါကြောင်း …. (ကောင်းတာလေးတွေပဲ ရွေးရေးချင်စိတ်ပေါ်ပါစေ .. ဆိုလို့ ဒီတစ်ခါတော့ သနားသဖြင့် ဘာမှ မဖွသေးပါ … နောက်မှ အလျင်းသင့်သလို ပေါ့ …..)

Wednesday, 2 December 2009

အဖြူရောင်သံစဉ်များ အပိုင်း (၂)

HAPPY BIRTHDAY !

                        ဒီနေ့ ကျွန်မ သူငယ်ချင်းလေး မွေးနေ့ပေါ့ ... ကျွန်မ သူငယ်ချင်းတွေ အကြောင်း ရေးမယ်လို့လဲ ကြေငြာ ရော ကြောက်အား လန့်အားနဲ့ ဒီလို ပြောလာရှာတယ် …

thurein: တစ်ယောက်ချင်းစီ အကြောင်းလေးတွေ ရေးမယ်လို့ စိတ်ကူးထားပါတယ်....( မြှောက်ပင့် ရေးသားမှု ကိုသာ အလိုရှိပါတယ်....ဟီး)
7:17 AM me: ဟမ်..
ပြောထားတယ်လေ..
လာဘ်ထိုးဖို့တော့လိုလိမ့်မယ်... လို့
7:19 AM thurein: ဟီး...ဘာလိုချင်လဲ Cygnus တော့ မပေးနိုင်ဘူး ...
me: အဲဒါမှ အဲဒါပဲ ..
လုံးဝမလျှော့ဘူး
7:20 AM thurein: ဟားဟား

                          ဒီနေ့ ၊ ဒီရက်မို့ စိတ်ချမ်းသာပါစေတော့လို့ မကောင်းကြောင်းများ အကုန်    မဖေါ်သေးပါ… နောက် အလျင်းသင့်လျှင် သင့်သလို ဖေါ်ပါမည် ။ :D ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့ဆုတောင်းကလဲ ထည့်ချင်တယ် … အဖြူရောင်သံစဉ်များရဲ့ အပိုင်းကလဲ (၂) ဖြစ်နေတယ် … (၂ ) နဲ့ကို မလွတ်နိုင်ဘူး ရှိမယ် … မရည်ရွယ်ပါပဲ တိုက်ဆိုင်သွားတယ် … အမှတ်တရပေါ့ … ကျွန်မရဲ့ သူငယ်ချင်း အရင်းများထဲမှာ တိုက်တိုက်ဆိုင်ဆိုင် မွေးရက်တူတာ ခုသူငယ်ချင်းရယ် ကျွန်မရယ် .. သူငယ်ချင်း “ A ” ရယ် သုံးယောက် … အင်း ..ဒါ့အပြင် ဒီသူငယ်ချင်းလေးက ဟိုတလောလေးက ရှာဖွေ စုဆောင်းလာတာ ရှိသေးတယ် … ဒေးဗစ်ဘက်ဟမ်း တို့ ဘရစ်တ်နီစပီးယား တို့လဲ (၂) ဂဏန်း သမားဆိုပဲ … ( အဟဲ .. ပျော်စရာကြီးလို့ ကျွန်မက ပြောလိုက်မိသေးတယ် .. ) (၂) ဂဏန်း သမားများရဲ့ အမူအကျင့် အကြောင်း ရေးထာတာလေးတွေ ဖတ်လိုက်ရပါတယ် … အဲဒီတော့လဲ အနဲ နဲ့ အများ စိတ်တူ ကိုယ်တူ လေးတွေ ရှိတာပေါ့ … ( မကောင်းတဲ့ အကျင့်တွေက ခပ်များများ တူမယ်ထင်တယ် …းD ) ဒီသူငယ်ချင်းကတော့ ဘလော့ဂ်ဂါသူငယ်ချင်းကလဲ ဖြစ်ပြန် အပြင်မှာလဲ သူငယ်ချင်းအရင်း ဖြစ်နေခဲ့သူ… ဆိုတော့ Nick Name ပေးစရာ မလိုတော့ဘူးပေါ့ … လူတကာချစ်တဲ့ စူပါကော်ဖီမစ်စ်ပဲ သိကြမှာပါ … ကိုသူရိန် ပါ... ကောင်းကြောင်းတွေပဲ ရွေးပြောရရင်တော့ တကယ်ကောင်းခဲ့ပါတယ် … ကျွန်မကို အစ်ကိုတစ်ယောက်လို အမြဲဆုံးမ သွန်သင်ခဲ့သူပါ … “ ဆရာဆိုတော့ ဆရာလုပ်ချင်တဲ့ ဗီဇကလေးကလဲ ရှိပြီး ဆိုတော့လေ…” အစအနောက်သန်တယ် ထင်တယ်လို့ သူများမှတ်ချက်ချတာလဲ မှန်မှ မှန်ပါ … အဲဒါကြောင့် လူတကာချစ်တဲ့ စူပါကော်ဖီမစ်စ်လို့ နံမည်ပေးထားတာပါ … အဟဲ .. ဘလော့ဂ်ပေါ်မှာ အတည်ပေါက်ကြီး ၀င်နောက်နေခဲ့ပြီး နောက်မှ ကျွန်မရဲ့ သူငယ်ချင်း အရင်းကြီး ဖြစ်နေခဲ့သူပါ … အင်း … ပြီးတော့ လိုအပ်တာတွေလဲ အစစ အရာရာ ကူညီခဲ့ဖူးပြီိး စိတ်ညစ်တဲ့ အချိန်တွေတုံးမှာလဲ အားပေးကူညီခဲ့ဖူးသူမို့ ကျွန်မရဲ့ Essential Friends တွေထဲက တစ်ယောက်ပေါ့ …ကျွန်မကိုလဲ ရန်ကုန်မှာ မစားရ၀ခမန်း တစ်ချိန်ကုန် ကျွေးခဲ့တဲ့ သူငယ်ချင်းလေးဆိုတော့ ဒီနေ့ အမှန်အကန်မွေးနေ့ဆိုတော့ကာ အမှန်အကန် ၀ါးတီးဖွင့်ချင်မိသား … သို့ပေမဲ့ တစ်မြေစီ ခြားမို့ … အတိုးရော ၊ အရင်းရော မှတ်ထားပါကြောင်း …. ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ သူငယ်ချင်းလေး မွေးနေ့မှသည် ဘ၀တစ်လျှောက် ပျော်ရွှင်မှုများနဲ့ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာစွာ လျှောက်လှမ်းနိုင်ပါစေလို့ … ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် … (အံမယ်မင်း … Cygnus စီးရချည်သေးရဲ့ …းD )

                         သူငယ်ချင်းကို အမှတ်တရ ကဗျာလေးရေးပြီး ဆုတောင်းပေးလိုက်တာ ... သူ့လောက် ကဗျာက ကောင်းကောင်း ရေးတတ်တာ မဟုတ်လေတော့ စိတ်ထဲ ရှိသလိုပဲ ရေးလိုက်တယ် ... အမှတ်တရပေါ့ ...

Monday, 30 November 2009

အဖြူရောင် သံစဉ်များ အပိုင်း (၁)

                     
                          “ ပြန်တွေ့ပြီ...” ဆိုတဲ့ သူငယ်ချင်းအကြောင်းကို အရင်ဆုံးရေးလိုက်ပြီ … Nick Name လေးပေးပြီး ရေးရင် ကောင်းမယ်ထင်တယ် … “ A ” ပေါ့နော … တကယ်တမ်း ပြောရင် အဲဒီ သူငယ်ချင်းလေး “A ”ကြောင့်မို့ ကျွန်မတစ်ယောက် ဒီနေ့ဒီအချိန် ဘလော့ဂ်ပေါ်မှာ မတောက်တခေါက် စာတွေနဲ့ ခြေချနိုင်ဖို့ အားသစ်တွေ မွေးဖွားပေးခဲ့သူလို့ ဆိုရင်လဲ မမှားဘူး .. ဘာလို့လဲ ဆိုတော့ ကျွန်မတို့ အထက်တန်း ကျောင်းသားဘ၀ နံရံကပ်စာစောင်တွေ ကဗျာတွေ စာစီစာကုံးတွေ ပြိုင်ရင် ကျွန်မကိုလဲ မဖြစ်မနေ ၀င်ပြိုင်နိုင်ဖို့ အထောက်အကူပြု စာအုပ်တွေ ရှာပေးရင်း သူကိုယ်တိုင်လဲ ၀င်ပြိုင်ရင်း ကျွန်မနဲ့ ပထမ နေရာကို လုကြရတာလဲ အမောပေါ့ …( အဟက် ကြုံတုံးလေး ကြွားတဲ့သဘော ...းD )

                        အဲလိုနဲ့ ကျွန်မ တစ်ယောက် ကျောင်းစာတင်မက အပြင်စာတွေကိုလဲ ဖတ်ဖို့ စိတ်ဝင်စားလာတဲ့ အခါ မှတ်မှတ်ရရ ကျွန်မ ၆တန်းနှစ် လောက်ပေါ့ ... အိမ်က စာအုပ်ဗီရိုကြီးကို ဖွလိုက်တာ … ပထမဆုံး စဖတ်ဖြစ်တဲ့ ၀ထ္တုစာအုပ်ကို ခုထိသတိရ နေတုန်း ...  ယုဝတီ ခင်စိန်လှိုင်ရေးတဲ့ “ စိန်စီတဲ့ တေးတစ်ပုဒ် ” ပါ … ပထမဆုံး ဖတ်ဖူးတဲ့ ၀တ္ထုဖြစ်သလို အရမ်းလဲ ဖတ်လို့ သဘောကျ သွားမိတယ် … အဲလိုနဲ့ ကျွန်မတို့ အိမ်မှာ စာအုပ်တော်တော်များများ ရှိတာလေးတွေကို တစ်အုပ်ပြီး တစ်အုပ် လိုက်ဖတ်နေမိတယ် … ယောနသံစဉ်ဆိုတဲ့ စာအုပ်ကိုလဲ နားမလည် တလည်နဲ့ ဖတ်တာ မှတ်မိတယ် .. ပြီးတော့ “ဘေဘီလုံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်” တို့ “သောကကင်းဝေးနေနိုင်ရေး” တို့ အဲလိုစာအုပ်တွေလဲ နားမလည်သေးပေမဲ့ ဆွဲယူ ဖတ်မိဖူးတယ် … (တွေ့တာဆွဲဖတ်ကြည့်လိုက်တယ် ပြောတာပါ ..း) “ သောကကင်းဝေးနေနိုင်ရေး ”ကို ဖတ်ဖူးတာတော့ ဟိုးငယ် ကတည်းကပဲ … ဒါပေမဲ့ စိတ်ထဲ မစွဲလို့လား … ကိုယ်တိုင်ကပဲ စိတ်မထား တတ်သေးလို့လား မသိဘူး … ခု အသက်တွေသာ ကြီးလာတယ် သောကကင်းဝေးအောင်လဲ မနေတတ်သေးဘူး ...း)

                        စိတ်ထဲစွဲခဲ့တဲ့ စာအုပ်ကတော့ ခုနပထမဆုံး ဖတ်ဖူးတဲ့ စိန်စီတဲ့ တေးတစ်ပုဒ်ထဲက ဇာတ်ကောင် မိန်းကလေး နံမည် ခိုင် ပါခဲ့တာက စလို့ နောက်ပိုင်း ခိုင်ပါတဲ့ စာအုပ် တော်တော် များများ ကိုလဲ ပြန်စဉ်းစား ကြည့်တော့ ကိုယ်နဲ့ ဘာမဆိုင် ညာမဆိုင် အရူးထပြီး ကြိုက်နေခဲ့ မိဖူးသေးတယ် … ( “တက္ကသိုလ် ဘုန်းနိုင်ရေးတဲ့ သူငယ်ချင်းလိုပဲ ဆက်၍ ခေါ်မည် ခိုင်” ရောအပါအ၀င် ပေါ့ …)

                          သူငယ်ချင်း “A” ပေါ့ … နဲနဲ အတန်းကြီးလာတော့ သူက အပြင်စာအုပ်ဆိုင်ကနေ သူဖတ်ပြီး ကောင်းတယ် ဆိုတာလေးတွေ ပြန်ငှားလာပြီး ပေးဖတ်တယ် … ကျွန်မရဲ့ ဖေဖေကလဲ ကျွန်မကို ကျောင်းစာအုပ်ကလွဲလို့ အပြင်စာအုပ်ကိုင်တာတွေ့ရင် လုံးဝ မကြိုက်ခဲ့သလို ပေးလဲ မဖတ်ခဲ့ဘူး … တစ်ခါလဲ ကျွန်မကဆိုးတာလား ၊ ကျွန်မဖေဖေကဆိုးတာလား ဝေဖန်ကြည့်ပေါ့ ..နော .. “A” ငှားလာပေးတဲ့ စာအုပ်ကလေးကို ကျောင်း စာအုပ်ကြားထဲမှာ ညှပ်လို့ အပြင်ကလှမ်းကြည့်ရင်တော့ ကျောင်းစာအုပ် ဖတ်နေသယောင် ဖတ်နေရင်း စာအုပ်ထဲ ဈာန်ဝင်သွားလိုက်တာ ကျွန်မဖေဖေ အနားဘယ်အချိန်က ရောက်လာမှန်း မသိလိုက်ဘူး… သိလိုက်တဲ့ အချိန်ကြတော့ “A” ရဲ့ စာအုပ်ကလေး လမ်းပေါ်က မိုးထဲမှာ ကြွက်စုတ်ကလေး ဖြစ်နေရှာပေါ့ …“ A” ခမျာလဲ စာအုပ်ဖိုးသွား လျော်တာကိုတောင်မှ အဲဒီဆိုင်က နောက်လုံးဝ ပေးမငှားတော့ဘူး လို့ ပြော လွှတ်တာ ခံခဲ့ရတယ် တဲ့ …

                      အဲလို အခက်အခဲတွေ အများကြီးကြားကနေ ကျွန်မနဲ့ “A” စာအုပ်များစွာကို ရအောင်ငှားပြီး ရအောင် ဖတ်ခဲ့ဖူးတယ် … ဂျူး ၊ မိုးမိုး ( အင်းလျား ) ၊ တက္ကသိုလ် ဘုန်းနိုင် ၊ ငြိမ်းကျော် ၊ မောင်စိန်ဝင်း (ပုတီးကုန်း ) အင်း အများကြီးပဲ .. ထွက်သမျှ ငှားလာပေးတတ်တယ် …မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာစာအုပ်တွေ ထွက်တိုင်းဝယ်ပြီး ကျွန်မကို ပေးဖတ်တော့ ကျွန်မလဲ ကြိုက်ခဲ့တဲ့ ကဗျာတွေ အများအပြား … ငယ်တုန်းက ခိုးဖတ်ရလို့ ကြိုက်ခဲ့တဲ့ စာရေးဆရာတွေပေမဲ့ ခု အသက်ကြီး လာတော့ သိပ်ပြီး နုနုရွရွလေးတွေ ရေးထားရင် သိပ်မကြိုက်ချင်တော့ပြန်ဘူး … (အဟက် .. စာရေး ဆရာတွေက နုပျိုနေဆဲ …ကိုယ်ကရင့်ထော်သွားလို့ ဖြစ်လိမ့်မယ် … အသက်ကလဲ ရလာပြီကိုး …း)  အဲဒီအချိန်တုံးကဖတ်ပြီးရင်လဲ ဘယ် စာအုပ်ထဲ ဘယ်လိုဆိုပြီး နှစ်ယောက်သား ပြောကြရတာ အမော …

                         ခု ကြီးလာတော့ ကျွန်မ ဖေဖေစည်းကမ်းလုပ်တာ မှန်သင့်သလောက်မှန်မှန်းတွေ သိလာခဲ့ရတယ် … စာအုပ်တွေ ဖတ်ပြီး အရူးထခဲ့ဖူးတာတွေလဲ ရှိတာကိုး … ဘာမဆိုင် ညာမဆိုင် ကိုယ့်နံမည် ခိုင် မပါပဲနဲ့ ခိုင်ဆိုတဲ့ နံမည်ကို သဘောကျနေခဲ့တာတို့ … မောင်စိန်ဝင်း (ပုတီးကုန်း) ၀ထ္ထုတွေ ဖတ်ပြီး သူ့ဇာတ် ကောင်တွေလိုမျိုး အဝေးမှာ ကျောင်းသွားတက်ရင်းနဲ့ သူငယ်ချင်းတွေနဲ့ လ္ဘက်ရည်ဆိုင် ထိုင်တဲ့ အခါ “ ပေါ့စိမ့်” လို့ လှမ်းမှာပြီး ပေါ့စိမ့် လ္ဘက်ရည်ရဲ့ အရသာကို အဟုတ်ကြီး လုပ်ပြီး သောက်ခဲ့ဖူး တာတွေကို ခုနေပြန်တွေးကြည့်တော့ တော်တော် ရယ်ချင်စရာကောင်းလှတယ် ....

                           “A” အကြောင်းရေးတာ ကိုယ့်အကြောင်းပဲ ရောက်ရောက် သွားနေတယ် … အဲဒါ “A” ရဲ့ ကောင်းမှုနဲ့ ကျွန်မ အပြင်စာများစွာကို ဖတ်ခွင့်ရခဲ့သလို စာဖတ်ခြင်း ၊ စာရေးခြင်း ဗီဇပိုးတွေကိုလဲ ရရှိစေခဲ့တယ်လို့ ပြောရင်လဲ မမှားဘူးပေါ့ ... တရားဓမ္မတွေ စိတ်ဝင်စားအောင် ဆွယ်တဲ့မိတ်ဆွေကို ဓမ္မမိတ်ဆွေခေါ်ရင် “A” ကို ဘယ်လိုခေါ်ရမလဲ .. ကျွန်မသေခြာမသိဘူး ... (သိရင်လဲ ပြောခဲ့ပေးနော.. ) .. လောလောဆယ်တော့ ကျွန်မရဲ့ ပထမဆုံး “စာပေမိတ်ဆွေ” ပေါ့ .. အဲလိုခေါ်ရင်ရမယ်ထင်တယ် ... အဲလိုနဲ့ ဆယ်တန်းအထိ ကျောင်းစာတွေရော အပြင်စာတွေရော နပန်းလုံးရင်း ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်လဲ ကတိတွေ ကိုယ်စီပေးပြီး အထက်တန်းကျောင်းကလေးမှာ ခွဲခွာခဲ့ကြတယ် … တို့တွေ တစ်ယောက်နဲ့ တစ်ယောက်ဝေးသွား ရင်တောင် သတိရနေကြေး ပေါ့ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေတွေပဲ ရောက်ရောက် တစ်ယောက်ကို တစ်ယောက် ကူညီကြေး ဆိုတာတွေလဲ ပါရဲ့ …

                        ကျွန်မတို့ တွေးထားကြတဲ့အတိုင်း ဆယ်တန်းအောင်ပြီးတော့ နှစ်ယောက်သား တစ်ယောက် တစ်ကျောင်းစီ ၊ တစ်ယောက်တစ်မြို့စီ အဝေးကြီးတွေမှာ တက်ကြရတယ် … သူက သချာင်္ မေဂျာနဲ့ မြို့လေး တစ်မြို့မှာ ကျောင်းတက်နေချိန် ကျွန်မတစ်ယောက်လဲ ၀ါသနာပါလို့ မဟုတ်ပါပဲ ရွေးစရာလမ်း မရှိတော့ မျက်စိလည်လမ်းမှားပြီး အခြား ကျောင်းတစ်ကျောင်းမှာ ကျောင်း တက်ရတော့ စတက်တဲ့ အချိန် ကျွန်မမှာ မျက်စိသူငယ်နားသူငယ်နဲ့ ၀မ်းနည်းအားငယ်တဲ့ရက်တွေမှာ သူ့ဆီကို စာရေးပြီး ပြောရတာအမော …

                        ကျွန်မတက်ရတဲ့ ကျောင်းကလဲ ယောက်ကျားလေးကျောင်းလို့ ပြောလို့ ရလောက်အောင် ကျွန်မတို့ Section မှာ လူတစ်ရာလောက်ရှိတာ မိန်းကလေးက ဆယ့်နှစ်ယောက် လောက်ပဲ ပါခဲ့တယ် … ကျွန်မသူငယ်ချင်း “A” ကို ခုပြန်တွေးရင် ခုထိ ကျေးဇူးတင် နေခဲ့တယ် … တစ်ပါတ်တစ်ခါ စာမှန်မှန်ထည့်ပြီး အားပေးခဲ့လို့ ကျွန်မရဲ့ ကျောင်းတက် ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းတတ် လာခဲ့တယ် … နောက်ပိုင်း အပေါင်းအသင်းတွေ ရလာပြီး ပျော်တာမှ အပျော်လွန်ပြီး ကျွန်မ စာရေးတာတွေ ကျဲသွားတဲ့တိုင်အောင် မပြောင်းမလဲ တစ်ပါတ်တစ်ခါ ရေးနေတုံးပဲ … ကျွန်မ တကယ် အဆင်ပြေနေလား ၊ ပျော်နေလား ၊ ဘယ်လိုတွေ ဖြတ်သန်းနေလဲ ဆိုပြီး မိုင်ပေါင်းများစွာဝေးတဲ့ ကျွန်မရဲ့ကျောင်းကိုလဲ လိုက်လာ ကြည့်ဖေါ်ရခဲ့တယ် … တကယ့်ကို ကျွန်မအတွက် သူငယ်ချင်းကောင်း ပီသခဲ့သူပါ …

                      အဲဒီနောက်ပိုင်း ကျွန်မကျောင်းပြီးသွားတော့ ရန်ကုန်မှာ နှစ်နှစ်လောက် အလုပ်လုပ်နေခဲ့သေးတယ် … ကျွန်မတို့ အဲဒီကတည်းက လွဲချင်နေပြီ … ကျွန်မက တစ်နေရာပြောင်းတဲ့ အချိန် သူက လာရှာတော့ ကျွန်မက အဲဒီမှာ မရှိတော့ နောက် တစ်နေရာပြောင်း ၊ အဲဒီကနေမှ ခု ဒီနေရာရောက်သွားတဲ့ထိအောင် ဝေးသွားတဲ့နောက် ဘယ်လိုမှ လက်လှမ်းမမီကြတော့ပဲ အဝေးကြီး ဝေးကွာခဲ့ရတယ် …

                           ခုပြန် တွေ့တော့ ကျွန်မ အပြစ်တဲ့ … ကျွန်မ ခြေရာဖျောက်သွားလို့တဲ့ … ကျန်တဲ့ သူငယ်ချင်းများ အားလုံးလဲ ဒီလိုပဲ ၀ိုင်းစွပ်စွဲကြလေတော့ ကျွန်မ အဆိုးပဲ ထားလိုက်ပါတော့ … (အများနဲ့ တစ်ယောက်ကိုး ) (မေ့အပြစ်နဲ့ မေသာ ရှိပါစေ တော့ …………ဆိုတဲ့ သီချင်းပဲ အော်ဆိုလိုက်ရတော့မလို ….)

                          တကယ်တော့ ကျွန်မ သူငယ်ချင်းများကို စိတ်ထဲမှာ ရှိနေခဲ့ပေမဲ့ ကျွန်မမှာလဲ ပျော်ရာမှာ မနေရ ၊ တော်ရာမှာ နေရတဲ့ စကားပုံလိုပါပဲ မာန်တင်းပြီး နေ နေခဲ့ရတာတွေ ပြောပြရင် စိတ်ညစ်ကြမစိုးလို့ တွေ့ကြတဲ့အခိုက် ကျွန်မ သတိရနေခဲ့ကြောင်းနဲ့ ပျော်ကြောင်းတွေပဲ ရှာကြံပြောဖြစ်ပါတယ် … ကျွန်မသူငယ်ချင်းများ အားလုံးကို ဘယ်လိုပဲ ဝေးခဲ့ကြလဲ ခု အားလုံးကို ပြန်တွေ့နေကြပြီ ဆိုတော့ ပြန်ဆုံခွင့်ပေးတဲ့ ကံကြမ္မာကို ကျေးဇူးတင်ရင်း ဘ၀အမောများ ကြားထဲက အားဆေးများကို အမြဲ သတိရနေခဲ့ပါတယ် …

                         ခုဆို ကျွန်မ သူငယ်ချင်း “A” က ပြောပါတယ် … “ ငါတို့ ခုမှ ပြန်အဆက်အသွယ် ရကြတာ ဆိုတော့ ထပ်ပြီး အဆက် အသွယ် အပြတ်မခံနိုင်တော့ဘူး ... နင်ရော ငါရော အားလို့ သတိရရင်ပဲ ဖြစ်ဖြစ် ဘာအခက်အခဲတွေ ရှိရင်ပဲ ဖြစ်ဖြစ် အဆက်အသွယ်လုပ်ဖို့ မမေ့ပါနဲ့တဲ့ ..” ကဲ … ကျွန်မ သူငယ်ချင်း ဘယ်လောက် ချစ်ဖို့ ကောင်းလဲ ဆို …

                             ဘလော့ဂ်လေး စရေးဖြစ်ကတည်းက“ A” ကို ခဏ ခဏ သတိရနေဖြစ်တယ် … ဘာလို့ဆို သူလဲ ၀ါသနာပါတတ်လေတော့ သူသာသိရင် ကျွန်မကို အပီအပြင် အားပေးမယ်ဆိုတာ သိနေလို့ … ဒါပေမဲ့ ခုတွေ့လို့ ပြောပြတော့ သူက အမှန်အကန် Business သမားကြီး ဖြစ်နေပြီး ကိုယ့်လိုမျိုး ဒီပေါ်မှာ အချိန်ပေးနိုင်တဲ့ပုံ မတွေ့တာမို့ အသာခပ်မဆိတ် နေလိုက်ပါတယ် … (ရှိတာတွေကို ရှိပါစေလေ … ဆိုပြီး ..) ဒီလောက်နှစ်တွေကြာတော့ မတွေ့နိုင်လောက်တော့ဘူး ထင်ထားခဲ့တဲ့ သူငယ်ချင်းလေးကို ပြန်တွေ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ပျော်မိပါတယ် … (သူ ရော ကိုယ်ရောပေါ့ … ) ကျွန်မရဲ့ သူငယ်ချင်းကောင်းလေး “A” အကြောင်း ပြောရင်တော့ ကုန်နိုင်ဖွယ်မထင် ... ဆိုတော့ ဤတွင် နိတ္ထိတံ လိုက်မယ်... နော ...

Saturday, 28 November 2009

ပြန်တွေ့ပြီ...


                       

                       ကျွန်မတစ်ယောက် အလုပ်တာဝန်နဲ့ ဒီနေရာကို ရောက်သွားလိုက်တာ ရှိစုမဲ့စု သူငယ်ချင်းလေးတွေ အဆက်အသွယ် ပြတ်သွားခဲ့တယ် … အဆက်အသွယ် ပြန်ရကြတာလဲ မကြာကြသေးဘူး ...မကြာဆို တစ်နှစ်တောင် မပြည့်ချင်သေးဘူး … ဒါတောင် အကုန်ပြန်မတွေ့ပဲ ကျွန်မရဲ့ ငယ်ငယ်တုန်းက ကျောင်းတက်ဖော် သူငယ်ချင်း ပြောရရင် အပေါင်းအသင်း များများစားစား မပေါင်းတတ်တဲ့ ကျွန်မရဲ့ တစ်ယောက်တည်းသော သူငယ်ချင်း ၊ ကျွန်မရဲ့ အနွံတာတွေကို ခံခဲ့တဲ့ သူငယ်ချင်း ကျွန်မကိုဆို အမြဲပဲ ပေကပ်ကပ် ခေါင်းမာတတ်လွန်းလို့ ဘယ်အချိန် ဘယ်အခါတွေ့တွေ့ စိတ်မချစွာနဲ့ အဆင်ပြေရဲ့လား ဆိုတဲ့ မေးခွန်းကို ထိပ်ဆုံးက ထားမေးတတ်သူနဲ့ ကွဲသွားလိုက်တာ ဆယ်စုနှစ်တွေ လွန်လို့ နောက်ထပ် နှစ်တစ်ဝက် ကျိုးလုနီးနီး … ခုတော့ ပြန်တွေ့ပြီ …..

                         ကျွန်မရဲ့ ဖုန်းနံပါတ်ကို ကျွန်မရဲ့ ဆွေတော်မျိုးတော်တွေနဲ့ သွားတွေ့လိုက်လို့ ရပြီး ကျွန်မကို ဖုန်းဆက်လာတယ် … ဖုန်းထဲမှာ ကျွန်မကို “ ငါ.. ဘယ်သူလဲ သိလား ” တဲ့ ကျွန်မရဲ့ နံမည် အပြည့်အစုံခေါ်ပြီး ဖုန်းဆက်လာသူ ဆိုတော့ တော်တော် ခေါင်းပူအောင် စဉ်းစား ကြည့်လိုက်မိတယ် … ဒါပေမဲ့ ကျွန်မ မျှော်ခဲ့ဖူးတဲ့ အချိန်တွေ ကျော်လွန်မှ ပေါ်လာသူဆိုတော့ ဘယ်လိုမှ အဖြေက ထွက်မလာတဲ့ အဆုံး သူကပဲ “ ငါ ….. လေ ” ဆိုပြီး ဖြေလိုက်မှပဲ ကျွန်မလဲ တအံ့ တသြော ဖြစ်သွားတော့တယ် … အဲဒီသူငယ်ချင်းအကြောင်းကို သိပ်မကြာသေးတဲ့ ကာလတစ်ခုမှာပဲ ပို့စ်တစ်ပုဒ်ကို အခြေခံလို့ အခြား သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်ကြသေးတယ် … ကိုယ်တွေ့လား မေးလာလို့ပါ … ကိုယ်တွေ့ရယ်လို့ တော့မဟုတ်ဘူး .. ဒါပေမဲ့ အဲဒီ ပို့စ်ရေးတဲ့ အချိန်မှာ အဲဒီသူငယ်ချင်းကို သတိရပြီး သူပြောဖူးတဲ့ စကားတစ်ချို့ကို သတိရလို့ ထည့်သုံးမိကြောင်း နဲ့ အဲဒီသူငယ်ချင်းနဲ့ ကွဲသွားလိုက်တာ အတော်ကြာပြီ ဖြစ်ကြောင်းတွေ စီကာပတ်ကုံး ပြောပြနေမိသေးတယ် … မေးမိတာ တစ်ခွန်း ဖြေလိုက်တာ တော်တော်များများဆိုတော့ နားပူသွားရှာတဲ့ သူငယ်ချင်းက ညစ်ကျယ်ကျယ်နဲ့ ကျွန်မ မခံချင်အောင် ပြောလာတဲ့ စကား တစ်ခွန်းကလဲ (သူ့ရဲ့ လက်သုံးစကားအတိုင်း ပညာရှိများ တွေးကြည့်ရင် ပြေးကြည့် တာထက်မှန်တယ် ) ဆိုတဲ့ အဆိုကို မှန်အောင် ထောက်ခံလိုက်သလိုကို မှန်နေပြန်ပါတယ် …

                        ဒါပေမဲ့ ကျွန်မတစ်ယောက် သူငယ်ချင်း အပေါင်းအသင်းခင်တယ် ဆိုတာ သူတို့ရဲ့ စိတ်တွေကို ခင်ခဲ့တာလေ .. ပညတ်ချက်တွေကို ခင်ခဲ့တာ မဟုတ်လို့ ကျွန်မ အတွက်တော့ ဘယ်ပညတ်ချက်မျိုးက ဖြစ်ဖြစ် ကျွန်မတို့ရဲ့ ရှိခဲ့ဖူးတဲ့ သံယောဇဉ်တွေကို မချေဖျက်နိုင်လောက်ဖူးဆိုတာ ကိုယ့်ဘာသာ တွေးနေမိတယ် … ကျွန်မတို့ ပြန်တွေ့ကြတော့ သူတစ်ခွန်း ၊ ကိုယ်တစ်ခွန်း စကားတွေ ပြောမကုန်နိုင်ဘူး … မေးခွန်းတွေကလဲ အပြန်အလှန် တန်းစီလို့ … ဖုန်းထဲမှာ တစ်နာရီ နီးနီး လောက် စကားတွေ ပြောနေတော့ ကျွန်မသူငယ်ချင်းတော့ ပိုက်ပိုက်တွေ တော်တော်ကုန်တော့မှာပဲလို့ တွေးရင်း အားနာ ၊ အားနာပေမဲ့လဲ ပြောဖို့တွေကလဲ မကုန်နိုင်တာမို့ … နောက်နေ့တွေ အားမဲ့ အချိန်တွေ အပြန်အလှန်မေးရင်း ခဏ ရပ်နားထားလိုက်ရတယ် …

                        ကျွန်မရဲ့ ကျန်တဲ့ သူငယ်ချင်း အရင်းကြီးများလဲ စိတ်မကောက်ကြပဲ နားလည်ပေးကြနော် … ( တစ်ဆယ့်လေးနှစ်ကျော် တစ်ဆယ့်ငါးနှစ်နီးနီး ဝေးကွာခဲ့ကြတာကို ပြန်တွေ့ကြရတာ ဆိုတော့လေ …း) ကျွန်မ သူငယ်ချင်းပြောတဲ့ထဲက စကားလေး တစ်ခွန်းနဲ့တင် ကျွန်မကို ဒါလောက် အဆက်အသွယ်တွေ ပြတ်တဲ့ အထိ လိုက်မရှာပဲ နေနိုင်လိုက်တာလို့ ထင်နေခဲ့မိတဲ့ ကျွန်မရဲ့ သံသယလေးလဲ ပါးလျ ပြေပျောက်ခဲ့ရတယ် …  “ ငါ .. နင် နဲ့ အဆက် အသွယ် ရမလားလို့ နင် နေခဲ့ဖူးတဲ့ မြို့ငယ်လေးဆီရောက်တိုင်း တွေ့သမျှလူကို မေးရတဲ့ အကြောင်း …ဘယ်သူကမှ မသိတဲ့ အကြောင်းနဲ့ ခုဒီတစ်ခေါက် တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ ဆွေမျိုး အရင်းကြီးများနဲ့ သွားတွေ့ပြီး ဖုန်းနံပါတ်ကလေး ရလိုက်တာ ဒီကမ္ဘာမှာ ငါလောက်ပျော်တဲ့သူ မရှိနိုင်တော့ဘူး ”  လို့ တွေးမိကြောင်း ပြောလာပါတယ် ... ကဲ … တွေ့လား ... ကျွန်မတို့တွေ အခြေအနေချင်းတွေ ၊ အနေအထားခြင်းတွေ ခြားသွားလဲ တစ်ယောက်အပေါ် တစ်ယောက်ထားခဲ့ဖူးတဲ့ သံယောဇဉ်တွေ မှေးမှိန်မသွားဘူး ဆိုတာ တွေ့လိုက်ရလို့ အတိုင်းမသိ ပျော်နေမိပါတယ် …

                         ကျွန်မမှာလဲ စုစုပေါင်းမှ သူငယ်ချင်းအရင်းရယ်လို့ လက်တစ်ဘက်ချိုး ရေလို့ ရနိုင်ယုံလောက်ပဲ ရှိခဲ့တာပါ … ရှိခဲ့ဖူးတဲ့ သူငယ်ချင်း အားလုံးနဲ့ ခုဆို အဆက်အသွယ် မပြတ် ပြန်တွေ့နေကြပြီ … ကျွန်မ တစ်ယောက် ခုတလော အလုပ်တွေလဲ ရှုပ် ၊ စိတ်တွေလဲ ရှုပ်နေခဲ့ရပါတယ် … အဆိုးထဲက အကောင်း တစ်ခုက ကျွန်မ ဒီလို ဖြစ်နေချိန်မှာ ကျွန်မရင်နဲ့ ရင်းပြီး ခင်ခဲ့ရသလောက် ကျွန်မအပေါ်မှာလဲ တုန့်ပြန်မှု အားကောင်းစွာနဲ့ ကျွန်မကို တစ်ယောက်တစ်မျိုး အားပေးဖေးမခဲ့တဲ့အတွက် ကျွန်မရဲ့ သူငယ်ချင်းများကို ကျေးဇူး အရမ်းတင်ကြောင်း ပြောချင်မိတယ် … ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မစိတ်ရော လူရော အားငယ်စွာ ရပ်တည်နေချိန်မှာ သူငယ်ချင်းအားလုံး တစ်ယောက်တစ်မျိုး အားပေးလာကြတော့ ကိုယ့်ဘ၀ ကိုယ် ထင်သလောက် မဆိုးသေးပါဘူးလို့ တွေးရင်း ၀မ်းသာပီတိတွေလဲ ဖြစ်မိတယ် … ခုလိုဆိုတော့လဲ ရှိစုမဲ့စု သူငယ်ချင်းလေးတွေ ကျွန်မဘေးမှာ မားမားမတ်မတ် ရပ်တည်နေကြတဲ့ စိတ်ကလေးတွေကို လှမ်းတွေ့လိုက်ရတော့ ဘ၀က နေပျော် ၊သေပျော် ဖြစ်သွားပြန်ပေါ့ ….

                          ဒုက္ခများမြောင် လူတို့ဘောင်မှာ နစ်မြုပ်လို့ နေတဲ့ ကျွန်မ သူငယ်ချင်းတွေကို တမ်းတရင်း အချိန်တွေကို ကုန်လွန်ဖြတ်သန်းဖို့ ကြိုးစားနေမိပြန်တယ် ... ဆိုတော့ နောက်ရက်တွေ ကျွန်မရဲ့ ချစ်စရာကောင်းသော သူငယ်ချင်းများရဲ့ ကောင်းမွေ ဆိုးမွေ ခံယူရတာလေးတွေ စာစီကုံးရင်း သူငယ်ချင်း K ကိုလဲ ပို့စ်တစ်ခုမှာ ပြောခဲ့ဖူးသလို တစ်ယောက်ချင်းစီ အကြောင်းလေးတွေ ရေးမယ်လို့ စိတ်ကူးထားပါတယ် ... အဟဲ ... မျက်ခုံးတွေ လှုပ်နေကြလောက်ပြီ ... ( ကလောင်စွမ်းကို ကြောက်ရင် ကြိုပြီးလာဘ်ထိုးဖို့တော့ လိုလိမ့်မယ် ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူများတော့ နေနိုင်ပါတယ်...)

Saturday, 14 November 2009

ရွက်လွှင့်ခြင်း ...



ဘ၀ တစ်လျှောက်
လှ .. အောင်တွေလဲ 
မလျှောက်တတ်လေတော့
ဘ၀ဇာတ်ရုံ ရုပ်သေးခုံပေါ်
ဇာတ်ဆရာ အလိုကျ ကလိုရာ ကစေတော့လို့
သူ့လက် ၀ကွက် ထိုးအပ်မိလိုက်တာ
သူ့လက်တွေ ကြိုးမရှုပ်ဖို့အရေး
ကျွန်တော် ဆိုတဲ့ အရုပ်ကလေး...
မင်းသား တစ်လှည့်
လူကြမ်း တစ်လှည့်
နောက်ပိုင်း တစ်လှည့်
လူပျက် တစ်လှည့်
လှည့်လိုက်ရတဲ့ အလှည့်
ချာချာကို လည်လို့.....
မင်းသားအလှည့် ကျွန်တော့်ခမျာ
ဇာတ်ဆရာ အလိုကျ ဟန်ပါပါ ပြုံးလို့ပေါ့...
လာပြန်ပြီ လူကြမ်း
သူ့ဇာတ်နာဖို့အရေး
ကြမ်းလိုက်စမ်း ခပ်ရမ်းရမ်းလေးပေါ့...
နောက်ပိုင်းမင်းသားလေး ကျွန်တော်
ဟစ်အော်လို့ သီကြွေး အလွမ်းတေးလေးတွေနဲ့
ရင်မဆန့်အောင် ငိုကြွေး
ဆွေးလို့တောင်မ၀သေး...
လုပ်ခိုင်းပြန်ပြီ လူပျက်တဲ့...
ကဲ... သူများ ပျော်ဖို့အရေး
ငိုချင်ရက်နဲ့ ဇာတ်ကွက်ကိုက
ကျွန်တော့် ဘဝ
ဘယ်တော့များမှ လှမှာပါလိမ့်.....

ဒီကဗျာလေးကို ချရေးထားပြီးမှ ကဗျာခေါင်းစဉ်ကို အမျိုးမျိုးတွေ တွေးနေမိတယ် ... နောက်ဆုံးတော့ ကိုယ့်ဆိုဒ်က သီချင်းနားထောင်ရင်းနဲ့ ခု ခေါင်းစဉ်လေးကို စဉ်းစားမိသွားတယ် ... ဆိုင်လား .. မဆိုင်လား မသိပေမဲ့ အဲဒီသီချင်းကိုလဲ သဘောကျတယ် ... ဘ၀ ဆိုတာလဲ မသေမချင်း လှုပ်ရှားရုန်းကန် နေကြရတာမို့ ရွက်လွှင့်နေရသလိုပဲလား လို့ ... တစ်ခါတစ်လေတော့လဲ လေပြေလေးနဲ့ဆိုတော့ ရွက်လွှင့်ရတာ ငြိမ့်လို့ပေါ့ ... အင်း ... မုန်တိုင်းနဲ့ တွေ့တော့လဲ ...........

Tuesday, 3 November 2009

လွန်ဆွဲပွဲ



လူမှုဘ၀ နေထိုင်ကြ
တရားတစ်ဘက်
ဓါးတစ်ဘက် တဲ့
ကိုယ်ဆိုတဲ့ ကလေးမ
ဆပ်ကပ်ပညာလဲ မတတ်
ဒါနဲ့များ …..
ဓါးသွားထက် တက်နေသေး…
ဘယ်လို အတွေးမျိုးနဲ့ရယ်မသိ
ပြန်စဉ်းစားကြည့်တော့
မနက်ဖြန်ဆိုတာ မရှိတော့သယောင်...
အလင်း ၊အမှောင်တွေကိုလဲ မသိတော့သယောင်...
ခပ်ကြောင်ကြောင် အတွေးတွေနဲ့ …
အမှတ်မရှိ ရူးမိုက်ချင်နေတုံး…..