Monday 8 November 2010

HAPPY BIRTHDAY ' K ' ! (သို့) 5 ကျပ်တန် Birthday Wish

ကျွန်မအိမ်ကလေးပေါ်လာပြီး ရင်မဖွင့်ဖြစ်တာ တော်တော်ကြာသွားပြီ … ဘာရယ်ညာရယ် မဟုတ်ပါဘူး … ခရီးထွက်နေရတာရယ် … မပြီးဆုံးနိုင်တဲ့ တာဝန် ၊ ၀တ္တရားတွေကြားမှာရယ် နစ်မြုပ်နေတာနဲ့ စိတ်ပဲ ရောက်ပြီး လူက မရောက်ဖြစ် … 

ဟိုးတစ်လောက ခရီးထွက်သွားတာ မြန်မာပြည်ထဲက မြို့တစ်မြို့ကို ရောက်နေတယ် … အဲဒီရက် တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ သူငယ်ချင်း “ K ” ရဲ့ မွေးနေ့ကို ရောက်လာတော့ မွေးနေ့ ဆုတောင်းလေး ပို့ချင်တာ … ဒါပေမဲ့ အဲဒီမှာ အင်တာနက်သုံးဖို့ကလဲ အဆင်မပြေ ...

ဒီတော့ ဖုန်းနဲ့ လှမ်းပြောမှ  ဖြစ်တော့မယ် … သူက စလုံးမှာ ဆိုတော့ international call သုံးပြီး ခေါ်ရတော့မယ် … တစ်ခါမှလဲ ပြည်တွင်းကနေ မခေါ်ဖူးတာမို့ ရ ၊ မရလဲ မသိ ၊ ရရင်ရော ဘယ်နှုန်းနဲ့ ဘယ်လို ရှင်းရမှန်း မသိနဲ့ ၊ ဒါပေမဲ့ ရအောင် ခေါ်ပြီး ဆုတောင်းကို လှမ်းပြောချင်မိတယ် … အဲဒါနဲ့ မြန်မာဂျီ နဲ့ ခေါ်လိုက်တာ တန်းကနဲ ၀င်သွားပါတယ် … ဟာ … တယ်ဟုတ်ပါလားပေါ့ … လွယ်သားပဲ … မြန်မာပြည်ထဲမှာ ဆက်သွယ်ရေး ခက်လှ ခက်လှ နဲ့ ဘယ်မှာ ခက်လို့လဲပေါ့ စိတ်ထဲကနေ ကြိတ်ပြီး ချီးကျူးနေမိတယ် … 

ဝင်သွားတော့ “ HAPPY BIRTHDAY ! ’’ ဆိုတာနဲ့ သူလဲ အံ့သြောတကြီးနဲ့ “ Oh ! Thank You ” လို့ ပြန်ပြောပြီး “ ဟေး … နင်ဘယ်ရောက်နေလို့လဲ … ဘယ်ကဆက်နေတာလဲ ” ဆိုတော့ ကျွန်မကလဲ ကျွန်မခရီးထွက်လာတာ အဲဒီမြို့ကလေးကို ရောက်နေကြောင်း ပြန်ပြောပြလိုက်တယ် ဆိုရင်ပဲ … ကျေးဇူးရှင်က သိတတ်စွာနဲ့ “ ဟာ… ဒါဆို ပိုက်ဆံတွေ အများကြီး ကုန်လိမ့်မယ် … ဖုန်းချလိုက်တော့ … နင် နေကောင်းတယ်မို့လား …” “ အင်း … နေကောင်းပါတယ် …” ဆိုပြီး ဖုန်းချလိုက်တာ … 

2မိနစ်နဲ့ 38 စက္ကန့်ဆိုတော့ 3 မိနစ်ပေါ့ … အင်း ဘယ်လောက်ကျမယ်မသိပေါ့ … ဖုန်း Bill လဲ ထွက်လာရော အဲဒီ 3မိနစ်ကို FEC 5 ကျပ်ကြီးများတောင် ကျတယ် … ငွေလဲတာ မြန်မာငွေနဲ့ 5500 နီးပါးလောက် ကျသွားတယ် … ကျွန်မ သူ့ဆီကို ထိုင်းဖုန်းနဲ့ ဆက်နေတာ တစ်မိနစ်ကို တစ်ဘတ်တောင်မကျဘူး … 85ပြားပဲ … မြန်မာငွေနဲ့ ကျပ်30 လောက်ပဲ ကျတယ် ...တစ်ခြား ဘယ်နိုင်ငံပဲ ခေါ်ခေါ်လဲ အဲလောက်ပါပဲ … အိုး … ခုတော့ တစ်မိနစ် ကျပ် 1800 မကဘူး … အင်း … ဒါကြောင့် 5 ကျပ်တန် Birthday Wish လို့ ပြောတာပါ … အဲလောက်တောင် ဈေးကြီးရတယ်လို့ပဲ …

ကဲ … သူငယ်ချင်း “ K ” 

နင့် မွေးနေ့ကို ရောက်လာတာ မှတ်မှတ်ရရ ကျွန်မ အိမ်ကလေး ဆောက်ထားတာ တစ်နှစ်ပြည့်တာနဲ့ အတူတူပဲနော … ဘာလို့လဲဆိုတော့ မနှစ်က သူ့မွေးနေ့မှာပဲ သူ့ကို မွေးနေ့ဆုတောင်းပို့ရင်း ကျွန်မ ဘလော့ဂ်လင့်ကလေးကို လှမ်းပို့ဖြစ်တယ် … 

ကျွန်မရဲ့ ချစ်သူငယ်ချင်းလေး ကျွန်မဘလော့ဂ်လေးနဲ့ အတူ အသက်တစ်နှစ်ကြီးလာပြီး ကျန်းမာ ပျော်ရွှင်စွာနဲ့ တိုးတက်ကြီးပွားနေကြောင်း ကြားရလို့ အတိုင်းမသိ ၀မ်းသာမိပါတယ် … 

5 ကျပ်ပေးရတာ မကျေနပ်လို့ Back Date နဲ့ HAPPY BIRTHDAY ! လုပ်လိုက်ပါတယ် " K " ...

Tuesday 13 July 2010

ငြိမ်းချမ်းခြင်းရဲ့ သံစဉ်

 

 ကိုယ့်စိတ်တွေ ပြင်းပြ အကျဉ်းကျနေတာနဲ့
ရောင်စုံတွေ ရှေ့ချ  ဖွဖွလေး ရေးခြစ်မိတယ် ...
စိတ်ရဲ့နောက် ကိုယ်က လိုက်နေတာလား ...
ကိုယ့်ရဲ့နောက် စိတ်က လိုက်နေတာလား ...
ကိုယ်တကယ် မသိဘူး ...
သိတာတော့ ရောင်စုံခဲတံဗူး ကိုယ့်ရှေ့ရောက်နေခဲ့တာပဲ ...
လက်တည့်စမ်းတာလား ...
တည့်အောင်လက်စမ်းတာလား ...
ဒါလဲ ကိုယ်တကယ်မသိဘူး ...
သိလိုက်တဲ့ခဏတော့ ရောင်စုံခဲတံတွေ လက်ကလွှတ်ချ မရတော့တာပဲ ...
ဟင် ... ဘယ်သူပြောခဲ့တာလဲ ...
ဒီအရောင်နဲ့ ဒီအရောင်တွဲမှ မက်ရှ် (match) ဖြစ်တယ်လား ...
ဟာမိုနီ မလှတာလား ၊
သီအိုရီ မကျတာလား ၊
ဒဿနတွေလား ၊ ဂိုဏ်းဂဏတွေလား ၊
ညှိမရတဲ့ ပဋိပက္ခတွေလား ...
ဒါတွေလဲ ကိုယ်တကယ်မသိဘူး ...
ပေါ့ပ်အတ် (pop art) ဆွဲသလောက် ရောင်သွေးမကြွပေမဲ့
အ၀ါ နဲ့ အစိမ်းစပ်လို့ ပြာလွလွ ထွက်လာရင်ပဲ သဘာဝကျလှနေပြီ ...

ဘာမှမဟုတ်ပါဘူး ...  ပြန်ပြောခွင့် မသာတဲ့ ကျေးဇူးရှင်တစ်ယောက်ရဲ့ စကားလုံးတွေနဲ့ ခဏ မွန်းကျပ်သွားလို့  တိတ်တဆိတ်လေးပဲ ကိုယ့်ဘာသာ အရောင်တွေ စပ်ကြည့်နေတယ် ... ကိုယ့်ဘာသာ ဆိုပေမဲ့  Google အကူအညီနဲ့ပါ ... Google နဲ့ လျှောက်သွားနေလိုက်တာ ... ဟိုရောက်လိုက် ၊ ဒီရောက်လိုက် ၊ တစ်နေရာ ရောက်တော့ စိတ်ပြေ လက်ပျောက် ဖြစ်သွားတယ် ... စိတ်ပြေတယ် ဆိုတာ တကယ်ပါ ... အဲဒီနေရာမှာ စိတ်တွေ အကုန်ပြေသွားလို့ ... လက်ပျောက် ဆိုတာလဲ တကယ်ပါပဲ ... လက်နဲ့ လိုက်ဆွဲစရာ မလိုပဲ သူဆွဲထားတဲ့ ကာတွန်း ပန်းချီလေးတွေထဲ ကိုယ့်ကြိုက်တဲ့ အရောင်တွေ ရွေးပြီး ကလစ်လိုက်တာနဲ့ ထည့်ပြီးသား ဖြစ်သွားရော ... ကဲ ... အဲဒီတော့ လက်က ပျောက်တော့တာပေါ့ ... :P
တစ်ပုံနဲ့ အားမရလို့ နောက်တစ်ပုံ ထပ်လုပ် ကြည့်ထားတာ ... ကိုယ့်စိတ်ကူး နဲ့ကိုယ် ရေးထားတာမို့ ဖတ်လို့ အဆင်ပြေ ချင်မှ ပြေမယ် ... ဟိုကြော်ငြာ ထဲကလိုပဲ ကိုယ့် အတွေး နဲ့ ကိုယ် ကယ်လ်စီယမ် ကွေကာ သောက်ကြသည် ဆိုလားပဲ ... ခုလဲ ကိုယ့် အတွေး နဲ့ ကိုယ် ကယ်လ်စီယမ် ကွေကာ သောက်သွားကြပါ ... :P


အဲဒါ အပြာရောင် မရပါဘူး ဇွတ်ငြင်းတဲ့သူက ရှိသေး ... မယုံရင် အစိမ်းရောင် ထဲကို အ၀ါရောင်တွေ မှောက်ချကြည့် ... စိမ်းပြာလိုလို အပြာရောင် တစ်မျိုး ထွက်လာလိမ့်မယ် ... :P

ပျင်းရင် အရောင်တွေ သွားထည့် ကြည့်ပါ ... ပုံတွေ အများကြီးပဲ ... ဆွဲပြီး Link တော့ မထုတ်ပေး လာဘူး ... Code တွေပဲ ထုတ် ပေးတယ် ... ကိုယ့်ဘာသာ အဆင်ပြေအောင် လုပ်ထားတယ် ... Pop Art ပြောင်းလိုက်တော့ ထွက်လာတဲ့ အရောင်တွေ... :)


အဲလောက် အရောင် အသွေးစုံစုံနဲ့ မလှရင် တောင်မှ အပြာရောင်လေး တစ်မျိုးလောက် ရရင် ကျေနပ်ပြီ ... အပြာရောင်က " ငြိမ်းချမ်းခြင်း " ရဲ့ သင်္ကေတ မဟုတ်လား ...

Wednesday 7 July 2010

ကျွန်မရဲ့ လမင်း


ရင်ခွင်တစ်ခုလုံး လပ်ဟာ
အထပ်ထပ် အခါခါ ရေးတဲ့ စာမျက်နှာတွေလဲ 
ဒဏ်ရာတွေ ဗလပွနဲ့ပေါ့ ...
ဆန္ဒရှိသမျှလဲ ဆန္ဒမှာပဲ ပျောက်ကွယ်
ပျယ်လွင့်လွင့် ရည်ရွယ်ရာတွေနဲ့
မှောင်မိုက်တဲ့ အနာဂတ်တွေထဲ
ဘယ်ဆီ ဘယ်ဝယ်ပေါ့ ...
ခုတော့ ...
ကောင်းကင်ကြီးက လင်းလက်
ကြယ်ရောင်တွေက ပြိုးပြိုးပြက်ပြက်
တိမ်တွေက ဆေးရောင်စုံကွက်သလို
ဟိုတစ်ကွက် ဒီတစ်ကွက်
လှပနေပြန်တယ် ...
သဘာဝတရားတွေတောင်
လှပအောင် ဆေးခြယ်တတ်တဲ့
" ကျွန်မရဲ့လမင်း "
ခဏချင်းပဲ ကျွန်မဘ၀ လင်းလက်လှပစေပြန်တယ် ...
သူ့အကြည့်တွေက အင်အား
သူ့စကားလုံးတွေက ခွန်အားမို့
သူ့နှလုံးသားက သိုဝှက်ထားတဲ့
သစ္စာတရားတော့ ရှာတွေ့ချင်မိတယ်...
သူခြယ်ထားတဲ့ ဆေးရောင်စုံတွေထဲ
ကျွန်မချစ်ခြင်းရနံ့တွေနဲ့
သင်းပျံ့ပျံ့မွှေးစေမယ် ...
အမုန်းတရားနဲ့
နောက်ဆုံးစကားများကို ဘေးဖယ်
ဝေးလွင့်ခြင်း ဒဏ်ရာတွေကိုလဲ
ပယ်ပျောက်စေမယ် ...
သစ္စာတရားတွေ ထုံမွှမ်း
သံသယကင်းတဲ့ ချစ်ခြင်းတွေ ရောပြွန်းလို့
ဘ၀တစ်ဆစ်ချိုးကိုလဲ လှပစေမယ် ...
ချစ်သူခင်းတဲ့လမ်း
ပန်းခင်းလမ်းပမာ
ခမ်းနားစရာ မလိုပါဘူး ...
သစ္စာတရားတွေ ဖြန့်ဖြူး
မေတ္တာတရားတွေ ရနံ့ကြူးနေရင်
လမ်းဖြူးဖြူးလို့ မှတ်ယူပြီး လျှောက်လိုက်စမ်းမယ် ...
ကဲ ... ဒါဆို ... ကျွန်မရဲ့လမင်း
လသာညတွေ ဖန်ဆင်းပေးရင်း
ချစ်သူ့ အပြုံး ၊ ချစ်သူ့စကားလုံးတွေကြားမှာ
ရုန်းမထွက်နိုင်တဲ့ ကျွန်မ
သူဖန်ဆင်းတဲ့ ဘ၀မှာ
ငြိမ်းချမ်းခြင်း ရသတွေနဲ့
ကဗျာတွေ ဖွဲ့ခွင့်ရပါရစေ ...

ကျွန်မရဲ့ ကိုယ်ပွား ညီမလေး အတွက် ... :P

Tuesday 29 June 2010

ခြေထောက်များ


စိတ်အစုံကို မြုပ်နှံ
ခြေအစုံကို ရုန်းကန်လို့
ဟို၊ဒီ ပြေးလွှားနေကြပြန်တယ် ...

တိုင်းပြည်အတွက်လား ...
လူမျိုးအတွက်လား ...
ဂုဏ်သိက္ခာအတွက်လား ..
ယုံကြည်ခြင်းအတွက်လား ...
မျှော်လင့်ခြင်းအတွက်လား ...
ပေါင်စတာလင် သန်းပေါင်းများစွာတန်ဖို့လား ...
မသေချာတဲ့ လားပေါင်းများစွာထဲက
တစ်ခုတည်းသော " ဖလား " အတွက်လား ...

ဘာအတွက်နဲ့ပဲ ပြေးပြေး
ဒီခြေထောက်တွေရဲ့ ပန်းတိုင်
ဂိုးတိုင်စိုက်လို့ ပြိုင်ကြတာမို့
ခြေထိုးခံဖို့လဲ မနှေး
ဖြတ်ခုတ်ဖို့လဲ သွေးမကြောင်...

၂၂ ယောက်ထဲ လုရတာတောင်
ဘောလုံးဆိုတဲ့ အမောင်ကလဲ
ယောင်တောင်တောင် အပြုံးတွေနဲ့
ကလူကျီစယ် သူသယ်မယ် ကိုယ်သယ်မယ်
လည်တည်တည် လုပ်နေတုန်း...

ဒိုင်လူကြီးပိုင် အသုံးတွေနဲ့
ပြစ်ဒဏ်ဘောတွေ ၊ ဘေးထွက်ဘောတွေ ၊
ပင်နတီတွေ နှစ်ဝါတစ်နီတွေ ကြားမှာ
အမှားတွေကလဲ အများသား
အောင်မြင်မှုဆိုတာကလဲ အရင်းအနှီးတစ်ခုအလား
ဝါးတားတားပေမဲ့
မဟားဒရား ရုန်းကန်နေကြဆဲ ...

ခုတလော မအားပေမဲ့ စိတ်အပန်းပြေဆို ပျင်းပျင်းနဲ့ ဘောလုံးပွဲ ထိုင်ကြည့်ဖြစ်တယ် ... အလယ်ပိုင်း တစ်ပွဲပါပဲ ...ဘယ်အသင်းပဲ ကန်ကန် ကြည့်လိုက်တာပါပဲ ... ဘယ်သူ့ကို အားပေးတယ် မဟုတ်ပေမဲ့ နံမည်ရှိတဲ့ အသင်းဆို အားနဲနဲ ထည့်ကြည့်လိုက်တာပေါ့ ... ဒါပေမဲ့ ထင်သလို မဟုတ်တဲ့ အခါလဲ ကိုယ်နဲ့ မဆိုင်ပေမဲ့ အားပျက်သွားသလိုလို ... 

အဲဒီတော့ ဘာရယ်လဲမဟုတ် ဒီခြေထောက်တွေ ကြည့်ရင်း အလုပ်တွေ ရှုပ်နေခဲ့တယ် ... စိတ်တွေပါ အလုပ်ရှုပ်ခံပြီး စဉ်းစားကြည့်မိတာ ကဗျာလား ... စာလားမသိဘူး ... တစ်ပုဒ်ထွက်လာတယ် ...သူတို့ဆို သတ်မှတ်ချက် အတိအကျတွေနဲ့ ဂိုးဧရိယာကလဲ ဟိုဘက်၊ ဒီဘက်ပဲ ၊ ဂိုးတိုင်ကလဲ သူ့အတိုင်းအတာနဲ့ သူ ၊ ယှဉ်ပြိုင်သူကလဲ ၂၂ ယောက် အတိအကျ ၊ ဒီကြားထဲ နှစ်ဝါတစ်နီထွက်သူများရှိရင် ယှဉ်ရတာ ပိုသက်သာသေး ... သတ်မှတ်ချိန်ကလဲ မိနစ် ၉၀ ၊ ဒီဘောလုံး ဒီဂိုးပေါက်ထဲ ၀င်ဖို့ ဒီခြေထောက်တွေသုံးပြီး အတွန်း အတိုက် ၊ အတိုက် အခိုက် တွေကြားမှာ မဟားဒရား ပြေးလွှားနေရတယ် ... အဲဒါတောင် အောင်မြင်မှုဖလားက ဘယ်မှာမှန်း မသိနိုင်သေးဘူး ...

ကိုယ့်ကိုယ်ကိုယ်လဲ ပြန်မေးကြည့်မိတယ် ... ကိုယ်တိုင်ကရော ဘယ်သူ့အတွက်လဲ ... ဘာအတွက်လဲ ... ပန်းတိုင်က ဘယ်နားမှာလဲ ... သူတို့လို သတ်မှတ်ချက် အတိအကျ ဘာမှ မရှိပဲနဲ့ ပြေးလွှားနေတာ ဘောလုံးကွင်းထဲက ခြေထောက်တွေ ထက်တောင် သနားစရာ ကောင်းနေသေးတယ် ... :(

လက်တစ်စုံပြီးလို့ ခြေတစ်စုံ လိုက်ကြည့်နေပြန်ပြီတော့ မပြောနဲ့ပေါ့ ... :)

Wednesday 23 June 2010

အိပ်မက်ထဲမှာ

လက်ကနာရီကိုပဲ အကြည့်ရောက်နေမိတယ် … လေယာဉ်ရယ် ဝေဟင်မှာ ဘာလို့ ဒီလောက်ကြာနေပါလိမ့် … ကျွန်မပဲ စိတ်စောနေမိတာလား … ဟော … ပြောရင်းဆိုရင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းတော့မယ် ဆိုပါလား … ဒီအသံကြားရမှပဲ သက်ပြင်းကို ဟင်းကနဲ ချနိုင်တော့တယ် …လေယာဉ်ပေါ်က ဆင်းတာနဲ့ ရွေးစရာ ၊ လုပ်စရာ ၊ ဖြတ်ကျော်စရာတွေကို အမြန်ဖြတ်ပြီး လာကြိုသူ လူအုပ်တွေထဲ မျက်စိတစ်ဆုံး ဝေ့ရှာမိတယ် … အင်း .. တွေ့ပြီ … မမကြီး တို့ မိသားစု … ဟင် … ဖေဖေ့ကိုလဲ မတွေ့ပါလား … အနောက်ကို လှမ်းကြည့်ပေမဲ့လဲ မတွေ့တာမို့ ...

“ မမ.. ဖေဖေက ဘာလို့ မလိုက်လာတာလဲ …” 
“ဟင် … ၀င်သွားပြီလေ … လေယာဉ်ဆိုက်ပြီ ဆိုတာနဲ့ တကြွကြွ နဲ့ ၀င်သွားတာပဲ … ဟော .. သူ့ဘေးမှာကို မတွေ့နေဘူးတဲ့ … ’’  ဆိုမှ ဘေးနားကို ဖြတ်ကနဲ ကြည့်မိတယ် … 
“ ကြည့် … တော်တော်ဆိုးတဲ့ ဖေဖေ … လာမကြိုဘူးလားလို့ စိတ်က ကောက်ချင်နေပြီ … သိလား ..” ဆိုတော့
“ အော် … ဖေဖေ့ သမီးလေး ပြန်လာတာ ဖေဖေ လာမကြို လို့ ဘယ်ဖြစ်မလဲ … မတွေ့သေးဘူး … စိတ်ကောက်ဖို့ပဲ စဉ်းစား နေတာကို … ’’ 
“ ဟင် … ဖေဖေပဲ သမီးတစ်ယောက်လုံး မတွေ့ပဲ ဘယ်တွေ ကျော်ကြည့်နေမှန်းမှ မသိတာ ..” 
“ ဖေဖေက ကျော်ကြည့်တာ မဟုတ်ရပါလား … သမီးပဲ သူ့အစ်မကို ကျော်ကြည့် နေပြီးတော့ ..” 
“ ကဲ … တော်ပါ … သားအဖ နှစ်ယောက်က မတွေ့ရသေးဘူး … ဘာမဟုတ်တာကို အဟုတ် လုပ်ပြော နေတယ် … ပစ္စည်းတွေ စုံရင် သွားရအောင် … မေမေ မျှော်နေလိမ့်မယ် … ’’ 
မမကြီး ၀င်ပြောလိုက်မှပဲ ဇာတ်လမ်း ပြတ်သွားတော့တယ် …ကားပေါ်ရောက်တော့လဲ ဖေဖေ့ ဘေးနေရာကို မမကြီးကလေးတွေနဲ့ အပြိုင် လုလိုက်သေးတယ် … ကလေးတွေက မကျေမချမ်းနဲ့ 
“ ဟင် … တီလေးကလဲ ပိုကို ပိုတယ် … ဘဘနဲ့ အိမ်ကျ မတွေ့ရမှာ ကျနေတာပဲ … သားတို့နဲ့ အတင်း နေရာလိုက်လုနေသေးတယ် … သူ့ကိုယ်သူ ကလေးကျနေတာပဲ ’’ 
ကလေးတွေ ပြောသလို ကိုယ်ကမှားနေပေမဲ့ အလျှော့မပေးချင်တာနဲ့ ... 
“ အော် ..သားရယ် … နေရာချင်းတော့ မလဲနိုင်ပေါင် … တီလေးက ဖေဖေနဲ့ ခွဲနေရတာ အကြာကြီး … ဒီကြားထဲ သူ့မြေးတွေ ပိုချစ်သွားရင် ဘယ်လိုလုပ်မလဲ … ဒါ့ကြောင့် အပြတ်စည်းရုံး နေရတာ ” 
ဆိုတော့ ကလေး နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး ကျွန်မကို မနိုင်ဘူး ဆိုတဲ့ မျက်နှာပေးတွေနဲ့ ဟိုဘက် လှည့်သွားကြတယ် … အိမ်ရောက်လို့ ပစ္စည်းတွေ ချပြီးတာနဲ့ ကျန်တဲ့ မောင်နှမတွေကို ၀တ်ကျေတမ်းကျေ နှုတ်ဆက်ပြီး ဖေဖေနဲ့ စကားပြောဖို့ကိုပဲ တာဆူနေမိတယ် … သားအဖ နှစ်ယောက်သား ဟိုအကြောင်း ရောက်သွားလိုက် ၊ ဒီအကြောင်း ရောက်သွားလိုက် ဘေးလူ ရေပက် မ၀င်နေခဲ့ဘူး … ကျွန်မ ၀မ်းနည်းတဲ့ အကြောင်း ၊ ၀မ်းသာတဲ့ အကြောင်း ၊ အားတက်တဲ့ အကြောင်း ၊ အားပျက်တဲ့ အကြောင်း အစုံကို မမောနိုင် မပမ်းနိုင် ပြောပြ ၊ 
“ ဖေဖေရယ် … သမီးလေ တစ်ခါတစ်လေ အားပျက်စရာတွေ ကြုံလာရတိုင်း တစ်ယောက်တည်း မဖြေရှင်းနိုင်ခါကျရင် သေချင်စိတ်တွေတောင် ပေါက်မိတယ် … ” အဲလိုညည်းတော့ ဖေဖေက 
“ ဒီမယ် … သမီး … သေချင်တယ်ဆိုတဲ့ စကား ခဏခဏ မပြောပါနဲ့ သမီးရယ် … အဲဒါ ဇွဲမရှိသူ ၊ တရား မသိသူတွေ ပြောတဲ့ စကား ၊ ဖေဖေ့သမီးက ဒီလို လူစား မဟုတ်ဘူးလေ … ကြုံလာတဲ့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖြေရှင်း နိုင်ရမှာပေါ့ …” 
“ ဟင် … သေချာလို့လား … ဖေဖေ … သမီးက အဲလို လူစားမဟုတ်ဘူးလား … ’’ 
“သိပ်သေချာတာပေါ့ … သမီးရယ် … ဖေဖေ မွေးထားတာ ဖေဖေ့သမီးအကြောင်း ဖေဖေ အသိဆုံးပေါ့ … ငါ့သမီးစိတ်ရှိရင် ဘာမဆို ဖြစ်အောင် လုပ်နိုင်တာ ဖေဖေ သိတယ်လေ …” ကျွန်မကို အဲလိုနည်းနဲ့ စိတ်ဓါတ်တွေ ပြန်တက်လာအောင် ဖန်တီးပေးတတ်သေးတယ် …
ကျွန်မတို့ဘေးနား မေမေ ရောက်လာပြီး ...
“ ကဲ …သားအဖ နှစ်ယောက် … ဘယ်တော့မှ စကားပြောလို့ ပြီးမှာလဲ … တစ်လောကလုံးမှာ သူတို့ သားအဖ နှစ်ယောက်ပဲ လူရှိတာကျနေတာပဲ … ထမင်းရော စားဖို့ သတိရသေးရဲ့လား … စားမယ် … ထ … ”  ဆိုတော့
“ အင်းပါ … မေမေရယ် … ဘာဟင်းချက်လဲ … မေမေ့လက်ရာ မစားရတာ ကြာပြီ …” ဆိုပြီး လှည့်ချွဲ လိုက်တယ် … 
“ သမီး ကြိုက်တဲ့ ကန်စွန်းရွက် ကြော်ထားတယ် …” ဆိုတော့ တစ်အိမ်လုံး ၀ိုင်းညာရယ် ကြတယ် … 
“ ဟင် … ဖေဖေ ကြည့် … သမီးတို့ သားအဖ နှစ်ယောက် ချစ်နေတာကို မနာလိုတာနဲ့ သမီးကို ကန်စွန်းရွက်ကြော် နဲ့ကျွေးမလို့တဲ့ … တော်တော် ဆိုးတဲ့ မေမေ … ဖေဖေ့ မိန်းမကို နဲနဲလောက် ရိုက်ပေးအုံး … ”  ဆိုတော့ မြေးတွေကပါ ၀ိုင်းပြီး
“ ဟုတ်တယ် ဘဘ … ဖွားဖွားကို နှာခေါင်းနဲ့ ရိုက်လိုက်ပေါ့  … ” ဆိုပြီး ၀င်စကြတယ် …
ကလေးတွေရဲ့ ဖွားဖွားတစ်ယောက်လဲ ရှက်ရမ်းရမ်းပြီး ...
“ ကဲ … အကုန်လုံး ထမင်းပါ မကျွေးပဲ နေလိုက်မယ်… ” ဆိုတော့မှ တစ်အိမ်လုံး ထမင်းဝိုင်းကို အပြေး အလွှား နေရာ ယူလိုက်ကြတော့တယ် … 

=======================================================

နာရီ နှိုးစက်သံကြောင့် ကျွန်မ အိပ်မက်ထဲက ဖြတ်ကနဲ လန့်နိုးလာပါတော့တယ် … အိုး … ခုနစ်နာရီ တောင် ထိုးနေပြီပဲ … ကျွန်မ အိပ်မက်မက်နေခဲ့တာပဲ … 

ကျွန်မ ရန်ကုန်ကို ပြန်တိုင်း ရလေ့ ရှိတဲ့ ပျော်ရွှင်ကြည်နူးမှုတွေ ၊ ဒါပေမဲ့ ကျွန်မဖေဖေ မရှိတော့တဲ့ နောက်ပိုင်း ဒီလို ပျော်ရွှင်မှုတွေ မရတော့ဘူး … ဒီအိပ်မက်တွေပဲ ထပ်ပြန်ပြန် တလဲလဲ မက်နေခဲ့ ဖြစ်တော့တယ် … 
                                  ============================

ကျွန်မဖေဖေ တစ်နှစ်ပတ်လည် တဲ့နေ့က  ရန်ကုန်မှာ ရှိနေတာမို့ မောင်နှမတွေ စုပြီး ဆွမ်းကပ် ဖြစ်တယ် … ပို့စ်ရေးဖို့ အားခဲထားပေမဲ့ အဲဒီရက်က စိတ်မအား လူမအား နေတာနဲ့ မရေးခဲ့ဖြစ်ဘူး … " အဖေများနေ့ " ကလဲ အမှတ်တရ ရေးမယ်ဆိုပေမဲ့ စိတ်တွေ ရှုပ်နေတာနဲ့ ပြီးအောင် မရေးနိုင်ခဲ့ဘူး … ခုမှပဲ လက်စသပ်ပါတော့တယ် … သတိရနေတုန်းပဲ ဖေဖေ …

Saturday 19 June 2010

လက်တစ်စုံ


စကားတွေ အများကြီး မပြောတတ်ခဲ့ဘူး ...
ဒါပေမဲ့ ဒီလက်တစ်စုံက ခွန်အားတွေ ပေးခဲ့ဖူးတယ် ...
ငါတို့လက်တွေ တွဲထားနေတုန်း
လေပြေညှင်းလဲ တိုက်ခတ်လို့
ကလူကျီစယ်သွားလား သွားရဲ့ ...
လေနီကြမ်းလား
ဝင်ရမ်းသွားတဲ့အခါလဲ သွားရဲ့ ..
ဒါပေမဲ့ ငါမမှုခဲ့ဘူး ..
နွေးထွေးတဲ့ လက်တစ်စုံ ဖမ်းဆုပ်ထားခဲ့လို့ ပေါ့ ...
ကာရံမညီတဲ့ ကဗျာတွေလဲ သီကြူးဖူးတယ် ...
ပုံပြင်မဆန်တဲ့ ဇာတ်လမ်းတွေလဲ နားထောင်ဖူးတယ် ...
ဂဏန်းမပါတဲ့ ၀ှက်ဖဲတွေလဲ ကစားဖူးတယ် ...
လမရောက်တဲ့ တိမ်ဘက်ခြမ်းမှာလဲ အိပ်ခဲ့ဖူးတယ် ...
ဒါပေမဲ့ ယုံကြည်ချက်နဲ့ ဖြတ်သန်း
ဒီလက်တစ်စုံကို မှန်းရွယ်ခဲ့မိစဉ်ကပေါ့ ...
မျှော်လင့်ချက် မဲ့တဲ့အခါလဲ
ဒီလက်တွေ မြဲအောင် ဆုပ်ထားနိုင်ပါ့မလား တွေးရင်း
ဖြည်းဖြည်းချင်း ခွာချ
ပြန်မထနိုင်ခင်မှာပဲ
နင့်လက်တွေ တင်းတင်းလာဆုပ်ပြန်တယ် ....
အဲဒီခဏတော့
ဒီလက်အစုံနဲ့
ရွက်ကုန်ဖွင့်လို့ လျှောက်သွားချင်မိတယ် ...
 

Tuesday 8 June 2010

ကျိုက်ထီးရိုးဘုရားဖူး ဒုတိယနေ့

နောက်တစ်နေ့ အိပ်ယာထတော့ သိပ်နေမပူခင် ကျီးပါးစပ်လှိုဏ်ဂူ နဲ့ အနီးအပါး ဘုရားတွေကို ဖူးဖို့ ထွက်လာခဲ့တယ် … ကျွန်မတို့ ရောက်တဲ့ အချိန်က သူတို့အပြော တောင်ပိတ်ချိန်ကလဲ ဖြစ်ပြန် ၊ မိုးကျခါနီး ကာလလဲ ဖြစ်ပြန်ဆိုတော့ ဘုရားဖူး တော်တော်ပါးပြီး လူက ခပ်ရှင်းရှင်းပါ … သွားတဲ့ လမ်းတစ်လျှောက်လဲ လက်ဆောင်ပစ္စည်း ရောင်းတဲ့ဆိုင်တွေက တော်တော်ဝေးဝေးမှ တစ်ဆိုင်လောက်ပဲ ဖွင့်ကြတယ် … ဆိုင်တွေ တော်တော်များများလဲ ပိတ်ထားကြတာမို့ သွားတဲ့ တစ်လမ်းလုံး ကျွန်မတို့ အဖွဲ့ကလွဲရင် ဘယ်သူမှ မတွေ့သလောက်ပါပဲ … 


စားသောက်ဆိုင်တန်းမှာ နံနက်စာစားပြီး ဆင်းလာကြတဲ့ လမ်းတစ်လျှောက် ဆိုင်တန်းတွေကြား ဘုရားမုဒ်ဦးလေး တစ်ခုတွေ့လို့ ၀င်ဖူးဖြစ်တယ် … မြသပိတ်စေတီ ဆိုလားပဲ … (သေချာတောင် မမှတ်မိတော့ဘူး …)


အဲဒီ ဘုရားပေါ်မှာပဲ ဘုရား ရုပ်တုတွေလဲ ရှိသေးတယ်....

ကျွန်မတို့ ဘုရားဝင်ဖူးတော့ အဲဒီဘုရားပေါ်မှာ ကလေးတစ်သိုက် ဆော့နေကြတယ် … ဘုရားလဲဖူး ၊ ဓါတ်ပုံ ရိုက်နေကြတာတွေ့တော့ သူတို့တွေကို ဓါတ်ပုံရိုက်ပေးဖို့ ပြောတာနဲ့ ဓါတ်ပုံရိုက်ပေးဖြစ်တယ် … 


 ဓါတ်ပုံရိုက်ရင် လက်နှစ်ချောင်း ထောင်ရမယ်လို့ ဘယ်သူက သင်ပေးသွားတယ်မသိ … ပြောစရာ မလိုအောင် ကိုယ်စီ လက်ကလေးတွေ ထောင်လို့ … ပဲ အပြည့်နဲ့လဲ အရိုက်ခံတတ်ကြသေးတယ် … အဲဒါနဲ့ ထွေရာလေးပါး အင်တာဗျူးဖြစ်တယ် … သမီးနံမည် ဘယ်သူလဲ … သားနံမည်ဘယ်သူလဲ … ဘယ်နှစ်တန်း တက်နေလဲ … ဘာညာသာရကာပေါ့ … အိုး … နံမည်တွေကလဲ အလန်းတွေ … လေးလုံးတွဲအောက် မလျော့ကြဘူး … ဧည့်သည်တွေကိုလဲ ကျကျနန ဧည့်ထောက်ခံလို့ … ကျွန်မတို့ ဗျူးအပြီးမှာ ထိုင်များ တောင် ကန်တော့လိုက်ကြသေးတယ် … အကန်တော့ခံ ပုဂ္ဂိုလ်များကလဲ သိတတ်ရတော့တာပေါ့ … 

ခုခေတ်ကလေးများ ဒါလောက်ငယ်ငယ်လေးတွေက ရေလည်ပတ်လည် စကားတွေပြောပြီး သေချာ ဧည့်ထောက်ခံတတ်ကြတယ် … “ အန်တီရေ … နောက်နှစ်ကြရင်လဲ ဒီကို ဘုရားလာဖူးအုံးနော် … သမီးတို့ စောင့်နေမယ် “ တဲ့ … ကဲ ..ပြောတတ်ပုံများ … ကျွန်မတို့ ငယ်ငယ်ကနဲ့များ ကွာပါ့ … ကျွန်မတို့တွေလဲ “ အင်း … အင်း … လာခဲ့မယ် … စောင့်နေနော် … “ ဆိုပြီး ပုံပြောပစ်ခဲ့တယ် … ဘယ်တော့မှ ပြန်ရောက်နိုင် မယ်မှန်း မသိလို့လေ … 


အဲဒီက ဆင်းတော့ ကျီးပါးစပ် လိုဏ်ဂူဘက် ဆက်သွားဖြစ်တယ် … ကျီးပါးစပ် လှိုဏ်ဂူ ရောက်တော့ ထုံးစံအတိုင်း အကြွေစေ့လဲ … လိုရာ ဆုတောင်းပြီး ပစ်လို့ ကျီးပါးစပ် ဆိုတဲ့နေရာ ၀င်ရင် ဆုတောင်း ပြည့်တယ်ပေါ့ … ဟုတ် မဟုတ်တော့ မသိဘူး … ဒီလိုပဲ ပစ်နေကြတာပဲလေ … 

အဲဒီကနေ ပြန်တက်လာတော့ အဆင်းတုန်းက မသိသာပေမဲ့ အတက်ကြတော့ အမောသား … အပေါ် ပြန်ရောက်အောင် သုံးနေရာလောက် နားခဲ့ရတယ် … 


အပေါ်နားမှာ ရှိတဲ့ ဘုရား ၀င်ဖူးဖြစ်တယ် … လှိုဏ်ဂူကလေး ထဲမှာပဲ ...

ဒါက မုဆိုးကြီး ဒူးထောက်တဲ့ နေရာ ဆိုလားပဲ … 

ဘုရားဖူးပြီး အခန်းပြန် နားကြတယ် … ကျွန်မတို့လဲ အခန်းပြန်ရောက်ရော မိုးတွေ ရွာပါတော့တယ် … ညနေပိုင်း နားပြီးတော့ စားသောက်ဆိုင်တန်း ရောက်ကတည်းက စားဖြစ်တဲ့ ဆိုင်လေးမှာ ညစာ သွားစားကြတယ် … ဆိုင်တိုင်းနီးပါး ကိုရီးယားကား ထဲကလိုပဲ တင်ပျဉ်ခွေ ထိုင်စားလို့ ရတဲ့ ခုံတန်းလေးတွေ ရိုက်ထားကြတယ် … ဒါပေမဲ့ တစ်ခုံ နှစ်ယောက်ပဲ ဆန့်တာမို့ အဖွဲ့လိုက်သမားဆို အဲဒီနေရာမှာ သိပ်အဆင်မပြေလှဘူး … 


ကျွန်မတို့တော့ အဲဒီခုံတန်းလေးမှာ တင်ပျဉ်ခွေထိုင်ပြီး စားကြည့်ခဲ့တယ် … ပိုက်ဆံရှင်းရင်း မနက်ပြန်တော့မယ် နှုတ်ဆက်ကြတော့ မိုးရွာထားလို့ ရာသီဥတု သိပ်အေးနေပါတယ်ဆိုမှ ဆိုင်က ကောင်မလေး လောကွတ်ချော်ပြီး ရေခဲစိမ် ရေသန့်ဗူး လက်ဆောင်ပါတဲ့ … နောက်တစ်ခေါက် လာရင်လဲ သူတို့ဆိုင် လာစားနော်တဲ့ … 


ဘုရားပေါ် တစ်ခါတက်ပြီး ဘုရားဖူးကြတယ် … မိုးရွာထားတော့ ဒီနေ့လဲ မြူတွေ ဆိုင်းပြီး ဘုရားပုရ၀ဏ်မှာ တိမ်တွေဖြတ်ပြေးနေတာ ကြည့်ရင်း လှေခါးထစ်တွေပေါ် ဆင်းထိုင်ဖြစ်တယ် … တိမ်တွေထဲမှာ ထိုင်နေရတဲ့ အရသာ ဘာနဲ့မှ မတူဘူး … ထိုင်နေရင်းနဲ့ တိမ်တွေလွင့်သလို စိတ်တွေလဲ ဟိုရောက်လိုက် ၊ ဒီရောက်လိုက် … ဟိုဒီငေးမောလိုက်နဲ့ တော်တော်နဲ့ ထမပြန်နိုင်ခဲ့ဘူး …


 ထုံးစံအတိုင်း တော်တော် မှောင်ပြီး ရာသီဥတုကလဲ တော်တော်အေး နေတာမို့ ပြန်လာခဲ့ရတယ် … မနက် အိပ်ယာနိုးလို့ တောင်အောက်ဆင်းလာတော့  အသွား ၊အပြန် ဖြတ်လာတဲ့ ဘုရားဖူး ကားမမီတာမို့ ကျိုက်ထို - ရန်ကုန် ကား နဲ့ပဲ ပြန်လာဖြစ်တယ် ...

Saturday 5 June 2010

ရောက်ခဲ့တဲ့ ကျိုက်ထီးရိုး ဘုရားဖူး တစ်ခေါက် ...

                   အေးရာ အေးကြောင်းလို့ ပြောခဲ့သလိုပါပဲ ရန်ကုန်ရောက်တာနဲ့ သွားဖို့ ခရီးစဉ်ကို တကယ်အေးနိုင်မဲ့ နေရာတွေ စဉ်းစားနေမိတယ် …( တောင်ကြီးဘက်ဆို လူလဲအေး ၊စိတ်လဲအေးလောက်မှာပဲပေါ့ … ) ရန်ကုန်မှာ တအားပူတဲ့ သတင်းရထားတာနဲ့ ရန်ကုန်မြေ ခြေချပြီးတာနဲ့ ညမအိပ်ပဲ ချက်ချင်း ကားလက်မှတ်ဝယ် … အေးမယ်ထင်တဲ့ နေရာတွေ လျှောက်သွားပစ်လိုက်တယ် … အဲဒီ သွားခဲ့တဲ့ နေရာလေးမှာ တကယ့်ကို စိတ်တွေလဲ အေးချမ်းပြီး တစ်သက်မှာ တစ်ခါဆိုသလောက် ကျွန်မဘ၀ ငြိမ်းချမ်းမှုတွေ ရသွားသလားပဲ ထင်မှတ်မိတယ် … အဲဒီနေရာလေး အကြောင်း နောက်မှ အေးဆေး ရေးတော့မယ် …

                    ခုက ကျွန်မ ကျိုက်ထီးရိုးလဲ ရောက်တယ် … ပို့စ်ရေးမယ် ကြွားထားပြီးမှ မအားတာနဲ့ မရေးဖြစ်တာ … သူများတွေက ရေးဖို့တကဲတဲ နောက်ကျမှာ စိုးတာနဲ့ အမြန်ရေးဖို့ စီစဉ်လိုက်ရတာ … ပထမသွားတဲ့နေရာက ပြန်လာလို့ ရန်ကုန်မြို့ထဲ ၀င်တာနဲ့ ကားပေါ်ကနေပဲ ကျိုက်ထီးရိုး ဆက်သွားလို့ရမလား ကားလက်မှတ် လှမ်းဖြတ်ပြီး ညမအိပ်ပဲ ညကားနဲ့ ဆက်ထွက်ခဲ့တယ် … အဖေါ်လဲ ကောင်းတာနဲ့ ကျွဲကျောင်းလိုက်မိတယ် ဆိုပါတော့ … လူက တောက်လျှောက်သွားရင်း ခရီးတွေပန်းလို့ နေမကောင်းချင်တာနဲ့ ကားမထွက်ခင် မြို့ထဲမှာ တွေ့တဲ့ဆေးခန်း ၀င်ပြတော့ ဆရာဝန်က Pressure တအားကျနေလို့ ဆေးသွင်းပေးပြီး အနားယူဖို့ အကြောင်း ပြောလာတယ် … ကျွန်မလဲ ကားလက်မှတ် ဖြတ်ပြီးတာမို့ ဒီညပဲ ကျိုက်ထီးရိုးသွားမဲ့ အကြောင်း ပြောတော့ ဆရာဝန်တောင် “ ဟမ် “ ဆိုပြီး ဖြစ်သွားလေရဲ့ .. (အဲလောက် ဆိုးတာ …းP )

                       တစ်ခါမှ မသွားဖူးလို့တော့ မထင်နဲ့နော် … ဒီတစ်ခေါက်က သုံးခါမြောက် … ကြွားတာ … ဒါပေမဲ့ မနိုင်ပါဘူး … ကိုယ်ဘေးက အဖေါ်တွေက လေးခါမြောက်ဆိုပဲ … ပထမဆုံးရောက်ဖူးတုန်းက ဘယ်သူပြောလို့ မှတ်ထားမိမှန်းမသိပေမဲ့ သေချာမှတ်ထားမိတဲ့ စကားကို သွားသတိရမိတယ် … ကျိုက်ထီးရိုးဘုရား တစ်ခေါက်ဖူး ဖူးရင် သုံးခေါက်ပြည့်အောင် လာရတတ်တယ် ဆိုပဲ … ခုက သုံးခေါက်မြောက်ဆိုတော့ ဟုတ်မှာပဲ ထင်မိတာ ဘေးကသူက လေးခေါက်မြောက်တောင် ဆိုတော့ တွေးနေကြအတိုင်း ဘယ်ဟာမှ အမြဲတန်းမှန်တယ် ဆိုတာ မရှိပါဘူးလေပေါ့ …စိတ်လျှော့ပြီး ဆက်မတွေးတော့ဘူး …

                       ည 9:00 နာရီလောက်က ကားထွက်လာတာ နံနက်အစောကြီး 2:00 နာရီလောက် တောင် ခြေကို ရောက်လာတယ် … ကားသမားတွေ စတည်းချတဲ့ စားသောက်ဆိုင်မှာ ချပေးခဲ့တော့ အဲဒီမှာ နားကြရတယ် … အရမ်းစောနေသေးတော့ တစ်ချို့လဲ အိပ်ဖို့ နေရာယူ ပြင်ဆင်နေကြလေရဲ့ … ကျွန်မတော့ လူလယ်ခေါင်ကြီးမှာ အိပ်မပျော်လောက်ပါဘူး တွေးရင်း ခရီးပန်းလာလို့ အညောင်းပြေ ခဏ ၀င်လှဲမိတာ … တကယ်ကြီး အိပ်ပျော်သွားတယ် … ဒါတောင် ဆိုင်ရှင်အဖွားကြီးက ( ကျွန်မဘေးက အဖေါ် အတင်းတုတ်သလို ဆိုရင် သူ့ရဲ့ အောင်မြင်လှတဲ့ အသံနဲ့ ) အိပ်ယာထကြဖို့ ၊ နံနက်အစောဆုံးကား မီအောင်တက်ဖို့နဲ့ ၊ အဲဒီကား မမီလို့ နောက်ကားစောင့်ရရင် လူပြည့်မှ ထွက်တာမို့ နေအရမ်းပူတဲ့ အကြောင်း ၊ အပေါ်မှာလဲ တောင်ပိတ်ချိန်မို့ စားသောက်ဆိုင်တွေ မရှိတာကြောင့် သူ့ဆိုင်မှာပဲ မနက်စာစားသွားဖို့ အကြောင်း ဆော်သြော လာပါတယ် …

                       အဲဒါနဲ့ သူပြောသလို အမြန်ထပြီး မျက်နှာသစ် ၊ မနက်စာမှာစားပြီး တောင်တက်ကား ဆီကို ဆက်ထွက်လာဖြစ်တယ် …

          လာတဲ့ လမ်းတစ်လျှောက်လေးကိုပဲ ဓါတ်ပုံရိုက် ၀ါသနာအိုးများ ထုံးစံ ကြိုဆိုပါ၏ တို့ ၊ နှုတ်ခွန်းဆက်သပါ၏ တို့မှ မကျန် ကင်မရာ တကားကားနဲ့ မှတ်တမ်းတင် ရိုက်ကူးနေကြလေရဲ့ … ကျွန်မ မဟုတ်ပါဘူး … ဘေးကအဖေါ်တွေပါ … ကျွန်မက အေးဆေး … သူများ မှတ်တမ်းတင်ထားသမျှ အားလုံး Stick ကလေးနဲ့ ကူးပြီး ပို့စ်တွေကို ပုံတွေ ဝေေ၀ဆာဆာနဲ့ အပိုင်းလိုက် တင်သွားမယ် စိတ်ကူးထားပါတယ် ... လူတင်မက ဘုန်းကြီးလဲ ၀ါသနာအိုးထင်ရဲ့ … ကင်မရာ တကားကားပဲ...

                     
                        တောင်တက်ကားဆီ လာတဲ့လမ်း မြူတွေက ခပ်ဆိုင်းဆိုင်းမို့ လမ်းလျှောက်ရတာ အကောင်းသား ...


                      
                         ကျွန်မတို့ စီးရတဲ့ တောင်တက်ကားပါ … တစ်တန်း ၆ ယောက်ထိုင်ရပြီး လူ ၄၀ ကျော်မှ ကားထွက်ပါတယ် … ရသေ့တောင်အထိကို ၁၅၀၀ိ/ ၊ ရင်ပြင်တော်နားအထိဆို ၃၀၀၀ိ/ …

                      
                          တစ်ထောက် နားတဲ့ ရသေ့တောင် အရောက်မှာပေါ့ ... ပထမတော့ ရသေ့တောင် ထိပဲ ကားစီး .. ဟိုဘက်ကို ခြေလျင်တက် … လမ်းတစ်လျှောက် ဘုရားတွေလဲ ၀င်ဖူးရင်း ၊ ရှုခင်းတွေလဲ ဓါတ်ပုံရိုက်ရင်းပေါ့ … စိတ်ပဲရှိပြီး လူက ခရီးပန်းနေတာမို့ မနိုင်တာနဲ့ စိတ်လျှော့ပြီး တောင်ပေါ်ထိ စီးသွားပါတယ် …

                       အပေါ်က ဆင်းလာတဲ့ တောင်ဆင်းကားတွေ စောင့်ရတဲ့ နေရာလေးနားမှာ တောင်ကျရေ စီးတဲ့ ရေတံခွန် သေးသေးလေးတွေ ရှိပါတယ် … ဒါပေမဲ့ မိုးမရွာတော့ ရေကမစီးဘူး ဖြစ်နေတယ် …

                        တောင်တက်တဲ့ လမ်းတစ်လျှောက်လဲ ထမ်းစင်များနဲ့ တက်သူတွေ ရှိရဲ့ … ကျွန်မတော့ အပေါ်ကနေ အမိန့်သား ထိုင်စီးဖို့ စိတ်ကူးကြည့်လို့ မရမိဘူး … ဒါပေမဲ့ ဒီနေရာနဲ့ ဒီလုပ်ငန်းတွေက ကျွန်မတို့ ငယ်ငယ်ကထည်းက အသားကျပြီးသားတွေမို့ သူတို့အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး … တောင်တက်ကားများ စီးရင် ရှေ့ဆုံးခုံတန်း နေရာဦးမှ မှန်လိမ့်မယ် … ကားဘော်ဒီကိုလဲ ကိုင်လို့ရ ၊ ကင်မရာသမားများလဲ မှတ်တမ်းတင်လို့ အဆင်ပြေပေါ့ … မဟုတ်ရင်တော့ ကျွန်မနောက်က ကောင်မလေးဆို ဘယ်သူ့ခါးကိုင်ရကောင်းနိုးနဲ့ မထိတထိ လာကိုင်ရှာတယ် …

                       တောင်တက် လမ်းတစ်လျှောက် Roller Coaster စီးသလို မနဲထိန်းပြီး စီးရတဲ့ကြားက  ဘေးနားက  Camera Man များလဲ အမိအရ မှတ်တမ်းတင်နေလေရဲ့ … ( ကျွန်မ အတွက် ပို့စ် ကုန်ကြမ်းလေး ဖြစ်သွားပါတယ် ...းP ) အဲလိုနဲ့ တောင်ပေါ်ရောက်တယ်ဆိုရင်ပဲ ကြိုဆိုရေးနဲ့ နေရာချထားရေးများ ကလဲ ဘုရားဖူးပါးချိန်မို့ ဧည့်ဝတ်ကျေပွန်စွာ ပျူပျူငှာငှာ ကြိုဆိုကြပါတယ် … ကျွန်မတို့လဲ ခရီးပန်းနေပြီမို့ သိပ်များများစားစား ရွေးချယ်မနေတော့ပဲ သုံးနေရာလောက်လိုက်ကြည့်ပြီး ကြိုက်လိုက်ပါတော့တယ် … တကယ်လဲ ကောင်းပါတယ် … အခန်းလေးက အပေါ်ထပ်လဲ ဖြစ်ပြန် ၊ အခန်းကထွက်ရင် ၀ရန်တာလေးလဲ ရှိမို့ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေလှပါတယ် …

                       
                          ကျွန်မတို့လဲ ရောက်ရော ရာသီဥတုက ချက်ချင်း မြူတွေဆိုင်းပြီး အခန်းက လှမ်းကြည့် လိုက်ရင် ရှစ်ခွင်တိုင်း မှုန်မှိုင်းမှိုင်း ပတ်လည်မှာ ဆိုသလို တောတောင်ရှုခင်းတွေက လွမ်းချင်စရာ ကောင်းလောက်အောင် အလှကြီး လှနေလေရဲ့ … နေ့လည်ပိုင်းရောက်လာပြီမို့ လွမ်းရေးထက် ၀မ်းရေးခက်လို့ စားစရာ သွားဝယ် ၊ စားသောက်ပြီး ပင်ပန်းနေတာကြောင့် တစ်နေ့လည်ခင်းလုံး အိပ်ပစ်လိုက်မိတယ် …

                                  အိပ်ယာနိုး ၊ရေချိုးပြီးတော့ ဘုရားပေါ် သွား ၊ ဘုရားရှိခိုး ၊ ဘုရားပုံတွေ ထောင့်ပေါင်းစုံက ရိုက်ဖြစ်တယ် …

                        ဘုရားရှိခိုးပြီး အောက်ဘက်က စားသောက်ဆိုင်တန်း ဆင်းလိုက်တာနဲ့ တွေ့တဲ့ ဆီထမင်း နဲ့ ငါးကြော် ၊ အကြော်စုံတွေ ၀ယ်ပြီး လ္ဘက်ရည်ဆိုင်ထိုင်ရင်း သွားစား ဖြစ်တယ် …

                        ပြီး ရင်ပြင်ပေါ် ဘုရား ပြန်တက်ဖူးတာ တိမ်တွေ လေထဲမှာ လွင့်ပြီး ကျွန်မ တို့ဘေးနားမှာ တိမ်တွေ ဖြတ်ပြေးနေတာ ထိုင်ကြည့်ရတာ ဆွတ်ပျံ့ကြည်နူးစရာ ကောင်းလွန်းလို့ ထမပြန်ချင်အောင်ပဲ …

                       
                          ဒါပေမဲ့ အတော်မှောင်လာပြီမို့ ထပြန်လာရတယ် ...
                
                          ရင်ပြင် ပေါ်ကနေ တည်းတဲ့ဆီ ပြန်တဲ့ လမ်း တစ်လျှောက် မီးတွေ မှောင်နေတာမို့ မီး မှောင်မှောင် တိမ်တွေ ကြားမှာ စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်ပြီး ပြန်ခဲ့ပါတယ် … ဆက်ပါအုံးမယ် … နောက်တစ်ည အိပ်အုံးမှာ ဆိုတော့ မနက်ဖြန်မှ အနီးအနားတွေ သွားမယ်ဆိုပြီး အခန်းပြန် အိပ်ဖြစ်ပါတယ် …..

Friday 14 May 2010

အေးရာအေးကြောင်း

                               ရန်ကုန်မှာ နေ့အပူချိန်က ယခင်စံချိန်ကျိုးခဲ့သည့် အမြင့်ဆုံးအပူချိန်သို့ ရောက်ရှိနေတဲ့အကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့ သတင်းဖတ်လိုက်ရတယ် ... 

                               ဟင် ... ပူတာတော့ နွေလများလို့ သတ်မှတ်ထားတဲ့ မတ် ၊ဧပြီ ၊ မေ လများ မဟုတ်ပဲနဲ့တောင် ဇန်န၀ါရီ ၊ ဖေဖေါ်ဝါရီလ တွေတုန်းကလဲ ပူနေခဲ့တာပဲ ... အဲဒီတုန်းကလဲ ပူလွန်းလို့ မနေနိုင်ခဲ့ဘူး ... ပူတာ အကြောင်းပြပြီး ပြန်ချင်ခဲ့တာ အသည်းအသန် ... 

                              ခု အမြင့်ဆုံး အပူချိန်ရောက်နေပါတယ်လို့ ကြေငြာ ထားတာတောင် အေးတယ်မှတ်ပြီး ပြန်ချင်ပြန်ပြီ ... နားလည်ရခက်လိုက်တဲ့ ဒီစိတ် ... ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်ပါဘူး ဆိုတော့ ဘယ်လိုလုပ် သူများနားလည်နိုင်မလဲ ... နားမလည်လဲ ဒီတိုင်းပဲ နေကြပါ ... ဖွတော့ မဖွနဲ့ ပေါ့ ... 

                                 အေးရာအေးကြောင်း စိတ်ကူးပေါက်ရာ သွားလိုက်အုံးမယ် ... ( တစ်ပါတ်လောက်... ) နွေရာသီ အပန်းဖြေတယ်ပဲ ကိုယ့်ကိုယ်ကိုယ် သဘောထားပြီး အမြင့်ဆုံး အပူချိန်တွေကြားထဲမှာ လမ်းသွားလျှောက်ကြည့်မယ် ...


                             ကမ္ဘာအေးဘုရားလမ်း ၊ မြကျွန်းသာဘေးက အင်းလျားကန်တောင် ကုန်းမြေတွေ ပေါ်တဲ့ အထိ နေအပူရှိန် ပြင်းတယ် ဆိုတော့ အား .. ပါး ..ပါး ... တော်တော်ပူလိုက်မဲ့ ဖြစ်ခြင်း ... ဒါပေမဲ့ ဒါ တကယ်ကြီးလားလို့ သွားကြည့် မှာပါ ... :P

Tuesday 27 April 2010

“ ၀ဋ် ”

အစွယ်ကိုလိုသူ မိဖုရား ...
အသွားစေခိုင်းသူ မင်းဧကရာဇ် ...
ဘုရားကျွန်တော်မျိုးအဖြစ် အပြစ်မှတ်လို့
“ သင်သတ်လိုက သတ်ပါ ”လို့လဲ
သောနုတ္ထို မုဆိုးလို
ကိုယ့်အပြစ် မရှိတဲ့ ဖြစ်အင်
အယူခံဝင်ဖို့လဲ မမြင် ......
တစ်ဘက်ကလဲ ပုထုဇဉ်
ဘုရားအလောင်း ဆန္ဒန်ဆင်လို 
“ ခင်မ ..၀မ်းမြောက်ပါလေတော့ ” လို့လဲ 
ကြည်ဖြူစွာ ပေးအပ်မယ်မထင် .....
ကဲ ... ငမိုက်သားအသင် 
အပြစ်မရှိပေမဲ့ 
ဝဋ်ရှိတာမို့
နှစ်စေ့ (စိ) ရင်တော့ 
လွတ်တန်ကောင်းပါရဲ့ .....

Tuesday 20 April 2010

မိုးသီးတွေ ကြွေတယ် ...

                              ရာသီဥတုတွေ ဖောက်ပြန်နေတယ် ပြောတာ လွန်အံ့မထင် … ဟိုရက်ကပဲ မိုးတွေရွာပြီး နေတွေ တအားပြန်ပူလို့ မနေနိုင်အောင်ပဲ ပြောတုန်းရှိသေး … သင်္ကြန်ပြီးမှ မပြောမဆိုနဲ့ မိုးသည်းကြီးမည်းကြီး ရွာလာလိုက်တာ … မရွာခင်တည်းက မိုးတွေ လေတွေ လာတော့မယ်မှန်း သိလို့ တံခါးတွေ အကုန်လိုက်ပိတ်ပြီး ရေချိုးခန်းထဲဝင် ရေချိုး နေလိုက်တာ … အပြင်မှာမိုးတွေ တအုန်းအုန်းချနေမှန်းမသိ … 

                               ထွက်လဲ လာရော အသံတွေ ပြင်းလိုက်တာဆိုပြီး တံခါးတစ်ချပ် ဖွင့်ကြည့်လိုက်တာ … ခေါင်မိုးကို မိုးသီးတွေ ထိပြီး ကွဲထွက်လာတဲ့ အပိုင်းအစတွေ အိမ်ထဲ ၀င်လာတယ် … တဖြည်းဖြည်းနဲ့ အဆက်မပြတ် ၀င်လာလိုက်တာ … 

                            မနေနိုင်တော့ဘူး … ခြေထောက်တွေ ဘယ်လို အပြင် ရောက်သွားတယ် မသိ … မိုးရေထဲမှာ ဖွေးဖွေး လှုပ်နေတဲ့ မိုးသီးတွေ လိုက်ကောက် နေမိတယ် … တစ်ခါမှ အဲလောက် အကြာကြီးနဲ့ မိုးသီး အကြီးကြီးတွေ ရွာတာ မတွေ့ဖူးဘူး … တစ်ချို့ဟာဆို လက်သီးဆုပ်လောက် ကြီးတယ် … 

                               ခေါင်းတွေပေါ်လဲ တဖြောင်းဖြောင်း လာရိုက်တာ … ခေါင်မိုးနဲ့ ထိပြီး ကွဲစင်လာတာတွေကလဲ လူကိုလာမှန် … အိုး … ပျော်စရာ ကောင်းလိုက်တာ … တစ်ကိုယ်လုံး မိုးရေတွေ ရွှဲပြီး ရှိရှိသမျှ ပေါက်ကွဲချင်နေတဲ့ စိတ်တွေလဲ မိုးရေစက်တွေ ၊ မိုးသီးတွေနဲ့ အတူ လွင့်စင်ကြေကွဲပစ်လိုက်တယ် … စိတ်တွေ တော်တော် အေးချမ်းပြီး ပျော်ရွှင်သွားတယ် … 


                            ကောက်ပြီး ပါးစပ်ထဲထည့် ၀ါးလိုက်၊ စားလိုက် လုပ်နေတာ … မနိုင်တော့တာနဲ့ ပန်းကန် တစ်ချပ်ယူပြီး ကောက်ထည့် ၊ အကြီးကြီးတွေ ရပေမဲ့ မိုးရေထဲမှာပဲ ပြန်ပျော် ကုန်တာမို့ သတိရလို့ ဓါတ်ပုံ ရိုက်ထားမယ် စိတ်ကူးတော့ နဲနဲ သေးသေး တွေပဲ ကျန်တော့တယ် … 

                         အင်း ... ဒါပေမဲ့ ဒီနေ့ကျလဲ သူပဲ သဲကြီးမဲကြီး ရွာခဲ့တာ မဟုတ်သလိုနဲ့ နေက ခြစ်ခြစ်တောက် ပူနေလိုက်တာ ...  အပြောင်းအလဲ မြန်လိုက်တာလဲ အရမ်းပဲ ... ဘာမှ မဟုတ်ပေမဲ့ တစ်ခါမှ မတွေ့ဖူးလို့ အမှတ်တရ ရေးထားတာပါ ... ရန်ကုန်မပြန်ခင် ကလဲ နှင်းမိုးတွေ ရွာဖူးတယ် .....

Saturday 17 April 2010

“နှာစေးနေတယ် ”

                        နှစ်သစ်ကူးပြီးလို့ နှစ်ဆန်းတစ်ရက်ဆိုတော့ ပျော်ရွှင်ခြင်းအသစ်တွေ မျှော်လင့်ခြင်း အသစ်တွေနဲ့ ရင်ခုန် နေကြမလား ... ဒီလိုမျှော်လင့်နိုင်ဖို့ ကောင်းမှုတွေ ပြုပြီး ဆုပဲ တောင်းနေကြမလား ... ဘယ်သူတွေ ဘာတွေ လုပ်နေကြမလဲ ကိုယ်မသိဘူး ... 

                        အရင်နှစ်တွေတော့ နှစ်တိုင်း ဒီရက်ဆို ဗမာဘုန်းကြီးကျောင်းသွား ... ကုသိုလ်လေး ပွားဖြစ်တယ် ... ဆုမတောင်းဖြစ်တာတော့ နှစ်တွေ တော်တော်ကြာပြီ ... ဆုတောင်း တိုင်းပြည့်မယ်ဆို ပျင်းစရာကြီး ဖြစ်နေမှာ ... ဘ၀ဆိုတာ ငိုတစ်လှည့်  ၊ရယ်တစ်လှည့် ၊ ပျော်တစ်လှည့် ၊ ပျင်းတစ်လှည့်မှ ကောင်းမှာပေါ့ ... မဟုတ်လို့ ဆုတွေ တောင်းပြီး ပြည့်နေရင် သမာရိုးကျဆို ပျင်းစရာကြီး ... အဲဒါကြောင့် ဆုတောင်းဖို့ မကြိုးစားပါ ... ကံကြမ္မာ ကျီစားတဲ့ အတိုင်း နေလိုက်တယ် ... 

                        ဒီနှစ်တော့ ဘယ်မှမရောက်သလို ဘယ်မှ မသွားပါ ... စိတ်မပါလို့ ... စိတ်မပါရင် မလုပ်တာ အကောင်းဆုံးမို့လား ... 

                      ရန်ကုန်က ၀ယ်လာတဲ့ ဖတ်လက်စ စာအုပ်ကလေး မပြီးသေးတာနဲ့ ပြီးအောင် ဖတ်နေလိုက်တယ် ... ရဝေနွယ် (အင်းမ) ရေးတဲ့ “ စိတ်ညစ်ရင် ရေချိုးပါ ” တဲ့ ... ဟိုတလော ကတည်းက ဖတ်နေတာ ချထားပြီး စိတ်ညစ်တိုင်း ရေထချိုး ပစ်လိုက်တယ်း P ... တစ်နေ့ ဘယ်နှခါတွေ ချိုးမိ သွားတယ် မသိ ... အအေးမိပြီး နှာစေးသွားတယ်းP ... 

                     ဘယ်လို နှာစေးခြင်းမျိုးလဲ ဆိုတော့ ပြုံပင်ထဲက ဘုရင်ကြီးရှေ့ ရောက်နေတဲ့ ယုန်ကလေးရဲ့ နှာစေးခြင်းမျိုးပါ ... ဘုရင်ကြီး ဘာမေးမေး ယုန်ကလေးက “ နှာစေးနေပါတယ် ဘုရား” ဆိုတော့ အသက်ချမ်းသာရာ ရတယ်တဲ့ ... 
                        အင်း ... ကျွန်မလဲ ခုတလော “ နှာစေးနေပါတယ် ...”

Tuesday 13 April 2010

ကျွန်မ နဲ့ သင်္ကြန်

                               သင်္ကြန်လား ... ငယ်ငယ်တုန်းကတော့ ပျော်ခဲ့ဖူးတယ် ထင်တာပဲ ... ဟိုအိမ် ၊ဒီအိမ် မုန့်တွေ လုပ်ကြတော့ မုန့်လာဝေလို့ မုန့်စားရတာတို့ .. အ၀တ်အစားအသစ်တွေ ၀တ်ရတာတို့ .. ရေပက်ရတာတို့ ကို ပျော်ခဲ့ဖူးတယ် ထင်ပါတယ် ... 

                               အဲလိုနဲ့ နဲနဲ အရွယ်ရောက်လာတော့လဲ ရှစ်တန်းနှစ် နွေကျောင်းပိတ်တုန်းက အဲဒီ အချိန် တစ်နိုင်ငံလုံး မန္တလေးသင်္ကြန် အစည်ဆုံး ဆိုလို့ အိမ်က လူကြီးတွေနဲ့ သွားလည်ဖူးတယ် ... တည်းတဲ့အိမ်က ကားနဲ့ သင်္ကြန် ရေပက်ခံ ထွက်လိုက်တာ .. ကျုံးဘေးမှာ မီးသတ်ပိုက်နဲ့ ထိုးပက်လို့ ရေမွန်းပြီး သတိလစ်သွားခဲ့ဖူးတယ် ... မကြိုက်တော့ပြန်ဘူး ... သင်္ကြန်လည်ရတဲ့ အရသာကို ... 

                             တော်တော်ကြာကြာ ဒီတိုင်းပဲ ဖြတ်သန်းလာခဲ့တာ ... အမှတ်မရှိ ရန်ကုန်မှာ ပဲ သင်္ကြန် တအားစည်တဲ့ ကာလကို ကြုံပြန်တော့ သူငယ်ချင်းတွေ စုပြီး ရေပက်ခံထွက်လိုက်ကြတာ .. ကားပေါ်ပါတဲ့ ယောက်ကျားလေးတွေ ဟိုဘက်ကား ဒီဘက်ကားရန်ဖြစ်မယ် တကဲကဲ လုပ်နေကြတာ သူတို့ ဆွဲရတာနဲ့ သင်္ကြန်လည်ရတဲ့ အရသာ ဘာမှန်းမသိဘူး ... 

                               ကိုယ့်အဖွဲ့တင်မဟုတ်.. သူများကားတွေလဲ ဒီလိုပဲ ..ဟိုနား၊ဒီနား ရန်ပွဲနဲ့ပဲ တွေ့နေရတယ် ..  အဲလိုနဲ့ သင်္ကြန်လည်တာကြီးကို မကြိုက်တတ်တော့တာ ၊ပျော်ရမှန်း မသိတော့တာ နှစ်တွေ တော်တော်ကြာသွားပြီ ...  ကိုယ်နဲ့ မဆိုင်သလိုနေလာခဲ့တာ... သင်္ကြန်ဆို စာအုပ်ကလေးဖတ်ပြီး ငြိမ့်ရတဲ့ အရသာ ပိုကြိုက်လာခဲ့တယ် ... 

                              သူများတွေ အော်ကြ ၊ ဟစ်ကြ ၊ ပျော်ကြတာ ကြည့်တော့လဲ ပျော်စရာပါ ... ကိုယ်တိုင်ပဲ မပျော်တတ်တာ ... 

                             ဒီကသူတွေလဲ သင်္ကြန်ကို ပိုပျော်တတ်ကြတယ်ထင်တယ် ... သူများတွေ သင်္ကြန်မကျခင် အစောကြီးထဲက ရေပက်ကြပြီး သူများနှစ်ဆန်းတစ်ရက် ပြီးလို့လဲ မပြီးကြသေးဘူး .. ပက်နေကြတုန်း .. သူတို့တွေက ပေါင်ဒါနဲ့ ရေတွေ ဖျော်ပြီး ပက်ကြတယ် .. အင်္ကျီတွေခြောက်သွားရင် ပေါင်ဒါတွေ ဖွေးကျန်ခဲ့တာ ..သူတို့က သင်္ကြန်အတွက် သင်္ကြန်အင်္ကျီတွေ ထုတ်တယ် ... ၀ယ်ဝတ်ကြပြီး တစ်နှစ်သုံးဆိုတော့ အကောင်းသား .. ကျွန်မတို့ဆီမှာ လိုဆို စပန့်အင်္ကျီတွေ လိုမျိုး ကြောင်ကြောင်ကြားကြားတွေပေါ့ ... 

                            မနှစ်ကတော့ သင်္ကြန်တွင်း အပေါင်းအသင်းတွေ ခေါ်ပြီး မုန့်လုံးရေပေါ် လုံးစားကြတယ် .. လုံးနေရင်းက ရေပဲ ထပက်ချင်တဲ့သူက များနေတာနဲ့ တစ်ယောက်တည်း လုံးရတာပျင်းလာတာနဲ့ အလယ်က ထန်းလျက်တွေ မထည့်တော့ပဲ အလုံးသေးသေးလေးတွေ ရေထဲ ပစ်ချပြီး ဆယ်ထား ၊ ထန်းလျက်ရေတွေကြိုပစ်လိုက်ပြီး ထည့်စားလိုက်တာ ... မုန့်လုံးရေပေါ်ကနေ မုန့်ကြာစိ ဘ၀ပြောင်းသွားခဲ့ဖူးတယ် ... 

                                ဒီနှစ်တော့ ဘာလုပ်ချင်လဲဆို ရန်ကုန်မှာတုန်းက ပူလွန်းလို့ ခဏခဏ မှာသောက်ဖြစ်တဲ့ Orange Juice ကို အဆီ ပုလင်းဝယ် ... သကြားနဲ့ သံပုရာသီး ခပ်ချဉ်ချဉ်လေး ထည့်ပြီး ရေဖျော် ၊ ရေခဲထည့်ပြီး ရှေ့က ဖြတ်သွားတဲ့သူတွေကို သောက်ချင်သူတိုက် .. အဲလိုလုပ်ချင်စိတ်ရှိတယ် ... သူများလဲ ရင်ပူသက်သာ ၊ကိုယ်လဲ သက်သာ စိတ်ကူးထားတာပြောတာ.. စိတ်အား လူအားခဲ့ရင်ပေါ့ ... ဘယ်နေ့လို့ မသိသေးဘူး ...
                         

                               ဒီနေ့တော့ ဟုတ်မဟုတ်မသိဘူး ... ဒီမှာတော့ ဓလေ့လို ဖြစ်နေတော့ လူတိုင်းလဲ လုပ်ကြတော့ ကိုယ်လဲ ဘာရယ်မဟုတ်... သင်္ကြန်ကြိုတယ်တဲ့ ... ငယ်ငယ်တုန်းက အိမ်မှာ လုပ်ကြလား ..မမှတ်မိဘူး ... ထီး၊ ယပ်၊ တံခွန် ၊ကုက္ကား နဲ့ ခုနစ်ရက်သားသမီး ဂြိုလ်ပြေ ၊ နံပြေ ဆိုလားပဲ ... ခုနစ်နေ့ နဲ့ဆိုင်တဲ့ အရွက်တွေရော ... အစုံထည့်ပြီး သကြားမင်းကို ကြိုထားတယ် ... ရေ ၊ ဆီမီး ၊ ဖယောင်းတိုင် ၊ အမွှေးတိုင်လဲ ထွန်းကြတယ် ... ထေရ၀ါဒမှာ အဲဒါတွေ မပါတော့  ဟုတ်၊ မဟုတ်မသိပေမဲ့ နှစ်တိုင်း ဒီရောက် ကတည်းက လုပ်လို့ လုပ်လိုက်တယ် ... ဒါပေမဲ့ ကိုယ်အဲလိုလုပ်လို့ ခုနစ်ရက် သားသမီး ဘေးရန်တွေ ကင်းပြီး စိတ်ချမ်းသာ ပျော်ရွှင်ကြမယ် သေချာရင် နောက်နှစ် တွေလဲ လုပ်ဖြစ်အုံးမလားပဲ ...

Friday 9 April 2010

ကိုယ်တရားခံလား ... ?

                                ခရစ်နှစ်ကူးပြီးပြန်တော့ မြန်မာနှစ်ကူးပြန်တော့မယ်…. ဘယ်နှစ်တွေပဲ ကူးကူး တကယ်တော့ အသက်တစ်နှစ် ကြီးလာပြန်ပြီ ဆိုတဲ့ သဘောပါပဲ… ( ကိုယ်ထင်တာ ပြောတာ ...)

                               ဒီတစ်ခေါက် ရန်ကုန်ပြန်လိုက်တာ ရာသီဥတုပူလွန်းလို့ မနေနိုင်ဘူး… အရင်အခေါက်တွေ ရန်ကုန်ပြန်ရောက်ရင် ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘာစားမယ် ၊ ဆိုတဲ့ အတွေးတွေ ရှိတယ် … ခုတော့ ရာသီဥတု ပူလွန်းတာကြောင့် ဘယ်နေရာသွားသွား ၊ ဘယ်နေရာရောက်ရောက် ရေအေးအေးလေး သောက်ချင်တဲ့ ဆန္ဒကလွဲရင် ဘာအာသီသမှ မရှိခဲ့ဘူး… 

                                ဒီလဲ ပြန်ရောက်ရော ရာသီဥတု အေးအေးချမ်းချမ်းလေးမို့ နေရတာ အဆင်ကို ပြေလို့ … မြန်မာနှစ်ကူးခါနီးမို့ သင်္ကြန်ရဲ့ အငွေ့ အသက်လား ဘာလားမသိ ၊ ဟော … မပြောမဆို ၀ုန်းဒိုင်း ၀ုန်းဒိုင်းနဲ့ သင်္ကြန်မိုးလား ၊ ဘာမိုးလား လဲ မပြောတတ် ၊ သဲကြီး မဲကြီး ရွာချလိုက်တာ နှစ်ရက် သုံးရက် … 

                               ပြီးလဲ ပြီးရော အပြောင်းအလဲ မြန်လိုက်တဲ့ ရာသီဥတု ချက်ချင်းကြီးကို ပူလာလိုက်တာ … မနေနိုင်အောင် … 
                                ရာသီဥတုတွေကလဲ မှန်းဆလို့ မရအောင် ဖောက်လွဲဖောက်ပြန် … 
                                မှီတင်းနေတဲ့ လူတွေကလဲ ထူးမခြားနား… 
                                အပြောင်းအလဲတွေကလဲ အများအပြား … 
                               ယူတတ်မယ် မြင်တတ်မယ် ဆိုရင် တော့လဲ တရား ရချင်စရာ တွေက အများသား… 
                                မြတ်စွာဘုရား ဟောတဲ့ အနိစ္စသဘော အမြဲ မရှိတာ တွေကလဲ အတိုင်းသား … 
                                အမှန်တရား ဆိုတာတွေ ရှာဖွေရင်း ဖြတ်သန်း လာတဲ့ နှစ်တွေကလဲ မဟားဒရား … 

                             အမှန်တရား ဆိုတာ ဘာတွေလဲ သေချာ မသိသေးခင်မှာပဲ အသေချာဆုံး အမှန်တရား တစ်ခု ကတော့ နှစ်တွေ ကူးပြီးတိုင်း အသက်တွေကြီးလာတာပဲ တွေ့လိုက်ရတယ် … 
                               
                               အင်း … ဒီလိုတွေ ပြောတော့ ခုပဲ တရား ကျနေသလိုလို၊ မနက်ဖြန်ကျရင်ပဲ တရား ရတော့မလိုလို နဲ့ တကယ် တမ်းတော့ ဘာတရားမှ မရသေးသလို ဘာတရားမှလဲ မသိသေးပါလား … 

                              တရားမသိတဲ့ ခန္ဓာကိုယ်ကြီးကလဲ ရာသီဥတုနဲ့ အပြိုင် အပူတွေနဲ့ လောင်မြိုက်နေတုန်းပဲ … အပြင် ကိုတောင် အပူတွေ ထုတ်လွှတ် ပေးနိုင်တဲ့ အစွမ်းတွေလဲ ရှိသေး ...
        
                            ဆိုလာတွေလို လျှပ်စစ်စွမ်းအင်များ ထုတ်ပေးနိုင်ရင်လဲ အကောင်းသား ... အပူတွေကြားက အချီကြီး ကြံဖို့ စိတ်ကူးလိုက်သေးတယ် ... အဲလိုမထင်လိုက်ပါနဲ့ ... အမိမြေက " လျှပ်စစ်စွမ်းအား ၊ ပြည်ထွန်းကား " ဆိုတဲ့ ဆောင်ပုဒ်ထဲက အတိုင်း ဖြစ်အောင် တစ်ဘက်တစ်လမ်းကများ ကူညီနိုင်မလား စဉ်းစားမိလို့ပါ ...းP

                              ဟင် … ဒီလိုဆိုတော့ ကမ္ဘာကြီး တစ်နေ့တစ်ခြား ပူနွေးလာတဲ့ အကြောင်းအရင်းတွေထဲမှာ  ကိုယ်တောင် တရားခံ တစ်ယောက် ဖြစ်နေပြီလား မသိးP …..

Tuesday 6 April 2010

Template ပြောင်းကြည့်တယ် ...

                        ခုတလော စိတ်ရှုပ်စရာတွေ များလွန်းလို့ တစ်ခုတည်းသော စိတ်ထွက်ပေါက်ကလေး ဖြစ်တဲ့ ကိုယ့်အိမ်ကလေးကို မအားတဲ့ ကြားကနေ အလွမ်းပြေ လာတက်ချောင်းကြည့်တာ Template  က အဆင်မပြေ ဖြစ်နေတာ တွေ့တာနဲ့ Blogger Template ထဲမှာ အလွယ်တွေ့တာလေး ပြောင်းကြည့်လိုက်မိတယ် ... အိုး ... အဆင်ကို ပြေလို့ .... 
                       
                          မောလွန်းလို့ စိတ်တွေ ရှုပ်လွန်းလို့ မော့ကြည့်ချင်ရက်နဲ့ မကြည့်အားလို့ မကြည့်ရတဲ့ ကောင်းကင်ပြင်ကြီးကို နောက်ခံထားပြီး မြင်လိုက်ရတာ တော်တော် စိတ်ချမ်းသာသွားတယ် ... ကဲ ... ဘာပဲဖြစ်ဖြစ် ဒီအိမ်ကလေးကိုပဲ လွမ်းနေပြန်တယ် ... ဒီလိုနဲ့  အလွမ်းပြေလာကြည့်ရင်း Template အသစ်လေးနဲ့ အသက်ဝင်တောက်ပလာပြန်သလိုပဲ .....

Wednesday 17 February 2010

သက်ဆိုင်သူသို့

                         သက်ဆိုင်သူသို့ ဆိုတဲ့ အတိုင်းပါပဲ သက်ဆိုင်သူသို့ပဲ ရည်ရွယ်ရေးလိုက်တာပါ … အခြား ဘလော့ဂ်ကို လာလည်နေကြတဲ့ ဘလော့ဂ်ဂါမောင်နှမများကို ဒီလိုစာမျိုးပေးဖတ်ရမှာ အားနာပေမဲ့ မတတ်သာလို့ ရေးလိုက်ရပါတယ် … ကိုယ်ဘလော့ဂ်ပေါ်မှာ စာရေးဖြစ်တဲ့ ရည်ရွယ်ချက်ကို ပို့စ်တွေထဲမှာ ကြုံရင်လည်း ထည့်ရေးခဲ့ဖူးပါတယ် … 

                  ကိုယ်ပေါ်ပြူလာဖြစ်ချင်လို့ ဘလော့ဂ်ပေါ်မှာစာရေးနေတာ မဟုတ်ဘူး … လူတိုင်း လူတိုင်းမှာ စိတ်ကူးတွေ ၊ အိပ်မက်တွေနဲ့ ဘ၀ကို ပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြသူတွေချည့်ပါပဲ … အဲဒီထဲမှာမှ စိတ်ကူးတွေကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်တဲ့သူတွေ ရှိသလို ဘ၀နဲ့ ဆန္ဒတွေ အလွဲလွဲ အချော်ချော်နဲ့ ဖြတ်သန်းနေကြသူတွေလဲ အများကြီး ရှိမှာပါ … ကိုယ်လဲ လူထဲက လူမို့ ငယ်ငယ်ထဲက စာရေးစာဖတ်ခြင်း အလုပ်ကိုဝါသနာ ပါဖူးသော်လဲ လုပ်ခွင့်မကြုံလို့ မလုပ်ခဲ့ရတာကို ခုတော့ လုပ်ဖို့ အခွင့်အရေး ကြုံတာကတစ်ကြောင်း (ဘလော့ဂ်ဂါအစ်ကိုတစ်ယောက် စကားငှားပြောရရင် အလကားရလို့ ရေးချင်တာ လျှောက်ရေးသည် ဆိုသလိုပါပဲ …)  ထူးထူးခြားခြား အကြောင်းမရှိလှပါဘူး … 

                      ကိုယ် Professional စာရေးဆရာမ မဟုတ်သလို အပျင်းပြေဆိုပြီးတော့လဲ ပျော်စေ၊ပြက်စေတွေ ရေးနေခဲ့တာ မဟုတ်ဘူး … ကိုယ့်စာတွေက ကိုယ်ပတ်ဝန်းကျင်မှာ ကြုံတာကို ချရေးလိုက်တာပါသလို ကိုယ့်စိတ်ထွက်ပေါက်အနေနဲ့ ရေးတာတွေလဲ ပါမယ် … 

                         ဒါပေမဲ့ သေချာတာကတော့ ကိုယ် ဘလော့ဂ်ပေါ်တက်ပြီး အပျော်ရှာနေတာ မဟုတ်ဘူး … အပျော်ရှာချင်ရင် ဘလော့ဂ်ပေါ်မှာ ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူမှု စိတ်တွေ ကပ်ငြိနေတဲ့ စာရေးခြင်း အလုပ်ကို ဘယ်လုပ်နေမလဲ … G- Talk ပေါ်မှာ Chatting ရိုက်ပြီး ကိုယ်သိတဲ့သူတွေကိုရော မသိတဲ့သူတွေကိုရော ဟုတ်တာတွေရော မဟုတ်တာတွေရော လျှောက်ပြောရင်းနဲ့ ပြောချင်ရာပြော ဖောချင်ရာ ဖောနေမှာပေါ့ … အဲလိုပြောလို့လဲ အဓိပ္ပါယ်တစ်မျိုး လျှောက်မတွေးပါနဲ့ … တခြားသူများကို ပုတ်ခတ်ပြောခြင်းလဲ မဟုတ်ပါ … ကိုယ်တစ်ယောက်တည်းရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ကို ပြောတာပါ …  

                       အဲဒီတော့ ကိုယ်ဆိုတဲ့သူတစ်ယောက်ကတော့ ဘလော့ဂ်ပေါ်ကို အဲလိုနည်းနဲ့ ရောက်လာခဲ့ပြီး ရိုးသားအေးဆေးစွာ စာရေးနေတာပါ … ဘာဖြစ်ချင်လို့ ဘာအတွက်ကြောင့် ဆိုတာမျိုး ရေးတာမဟုတ်ခဲ့သလို တကယ်ရေးလာတော့ ကိုယ်ရေးတဲ့စာတွေ ကောင်းကောင်း မကောင်းကောင်း လာလည်ရင်း အားပေးကြတဲ့ ဘလော့ဂ်ရေးဖေါ် မောင်နှမတွေရဲ့ ကူညီရိုင်းပင်းမှုနဲ့ ဘလော့ဂ်အသက်လေး ဆက်သွင်းနေဖြစ်ခဲ့တယ်ပြောပါတော့ … 

                      အဲဒါကို ဘယ်လိုအတွေး ဘယ်လိုနားလည်မှုတွေလွဲပြီး ကိုယ့်ကို ဒီပေါ်လာပြီး ပုတ်ခတ်တယ်မသိဘူး … ရေးတဲ့သူတွေကတော့ သူတို့ရေးတာမသိနိုင်ဘူး အထင်နဲ့ ဖြစ်မယ် … ကိုယ်က ဘလော့ဂ်ပိုင်ရှင်ပဲ … IP Address ဖမ်းစစ်လိုက်တာနဲ့ ဘယ်သူတွေ ဆိုတာ ကိုယ်သိတယ်လေ … ကွန်ပျူတာ နည်းပညာဘာသာရပ် အဓိကနဲ့ နိုင်ငံရပ်ခြားမှာ ပညာတော်သင်သွားနေတဲ့ အမောင် ကျောင်းတော်သား တစ်ယောက်ကလဲ ကိုယ်နဲ့ ဘာမဆိုင် ညာမဆိုင် သူများအပြောနဲ့ ၀င်ဖော သွားရှာသေးတယ် … ကိုယ် IP တွေ စစ်လိုက်ရင် သိနိုင်တယ်ဆိုတာ ပညာရှိသတိဖြစ်ခဲ ဖြစ်သွားတယ် ထင်တယ် … 

                        လေးဖြူလဲ အကြောင်းမဲ့ ပြောခဲ့တာတော့ ဟုတ်မယ်မထင်ဘူး … (ဆွေမျိုး အရင်းကြီးတွေ သစ္စာဖောက်တယ်ဆိုတာကိုပေါ့ …) ကိုယ့်အသက် လူ့သက်တမ်းတစ်ဝက်ကျိုးလာခဲ့ပြီ … လူတွေသဘော ခုထိမစောကြောနိုင်သေးတာ ကိုယ်တော်တော်ညံ့လို့ပါ … ကိုယ့်အတွင်းစိတ်ဘာလဲနဲ့ ကိုယ်ဘယ်လို လူမျိုးဆိုတာ ဒါ့ထက်ပိုသိချင်ရင် နဲ့ ဝေဖန်အကြံပေး မေးမြန်းစုံစမ်းချင်ရင် ကိုယ့် မေးလ် အကောင့်ကိုလဲ သိနေတာပဲ … ဒါမှမဟုတ် ဖုန်းနံပါတ်တွေကိုလဲ သိနေတာပဲ …  အချိန်မရွေး ပြောချင်တာ ပြောလို့ရတယ်... သက်ဆိုင်သူရဲ့ သက်ဆိုင်သူကိုလဲ ဖိတ်ခေါ်ပါတယ် … ခြုံခိုတိုက်ခိုက်တယ်ဆိုတာ သတ္တိမရှိသူ ၊သူရဲဘောကြောင်သူတွေရဲ့ အလုပ်ပါ … 

                        ပြီးတော့ ကိုယ်တစ်ခုလောက်လဲ ပြောချင်တယ် … ကိုယ်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကိုလဲ ဟန်ဆောင်ပန်ဆောင်နဲ့ တာဝန်မယူပါနဲ့ … မလုပ်ပေးချင်ဘူး ၊ မလုပ်နိုင်ဘူးလို့ ထင်ရင် အစော ကတည်းက တာဝန်မယူပါနဲ့ … ကိုယ်ဆို ကိုယ်မလုပ်နိုင်တာတွေ မလုပ်ချင်တာတွေကို ဘယ်လို ဟန်ဆောင်မှုမျိုးနဲ့မှ မလုပ်ခဲ့ဖူးဘူး … မလုပ်နိုင်လို့ မလုပ်ချင်ဘူးထင်ရင် အရှင်းမလုပ်ခဲ့ဘူး … ဒါပေမဲ့ ခုတော့ ကိုယ်မသိတဲ့ လူ့စိတ်ကို သိလိုက်ရတယ် … 

                        ကိုယ့်အတွက် စိတ်ပျက်သွားစေတာကလွဲရင် ရှော့မရှိပါဘူး … အဲဒီအတွက်လဲ ကိုယ် ဘာတုံ့ပြန်မှုမှ မလုပ်ပါဘူး …စိတ်အေးချမ်းသာစွာနေပါ… ကောင်းခဲ့ဖူးတဲ့ ကောင်းကွက်ကလေးတွေကို ကြည့်ပြီး ကိုယ်နားလည်ပေးလိုက်ပါတယ် … ခုဒီစာကိုလဲ ကိုယ်သိတယ်ဆိုတာ သိစေချင်ရုံပဲ ရေးတာပါ … (ကိုယ့်စိတ်ကလေး ထွက်ပေါက်ပေးတဲ့ သဘောပေါ့ … ) 

                       ရောက်လာလို့ ဖတ်မိတဲ့ ဘလော့ဂ်ရေးဖေါ် မောင်နှမများကိုလဲ ကိုယ့်ရဲ့ အကျိုးမရှိတဲ့ ဒီစာကို ဖတ်ရင်း အချိန်ကုန်စေတဲ့ အတွက် အားနာစေမိတယ် … ဘလော့ဂ်လေးကိုလဲ ကိုယ် စိတ်ကူးပေါက်တဲ့ အခါနဲ့ ရေးစရာရှိတဲ့ အခါ ရေးပါမယ် … ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်ပိုင်ခွင့်ရှိတယ်လေ … ကိုယ့်စိတ်ကို ကိုယ်သာလျှင် အပိုင်ဆုံးပဲမို့လား …

Tuesday 26 January 2010

BarcampYangon 2010



                             ရန်ကုန်မှာ ရောက်နေတာနဲ့ Barcamp Yangon ပွဲလုပ်တာ သွားကြုံနေတာနဲ့ ဘာရယ်ညာရယ် ဟုတ်ပါဘူး … တစ်ခါမှလဲ အတွေ့အကြုံ မရှိတာ တစ်ကြောင်း ဘယ်သူတွေ ဘာတွေပြောပြီး ဘယ်လိုလုပ်တဲ့ပွဲမျိုးလဲ သိချင်တာတစ်ကြောင်းနဲ့ ရောက်သွားခဲ့တယ် … ရောက်သွားတော့ အရှေ့ ၀င်ပေါက်မှာ Register လုပ်ပြီးတာနဲ့ အင်္ကျီ ၊ ဘော့ပင် ၊ CD ခွေ တစ်ခွေ ၊ Note Book တစ်အုပ် ပေးလာတယ် … ( Barcamp လာတဲ့ ပရိသတ်ကို လက်ဆောင်ပေးတာ … ဒါပေမဲ့ ကိုယ့်အလှည့်လဲ ပြီးရော နောက်လူတွေ မရကြတော့ဘူး … ကိုယ်တောင် ကံကောင်းလို့ ကပ်ပြီး ရလိုက်သေးတယ် ဆိုပါတော့ … အမှန်တော့ လာတဲ့ လူဦးရေက အရမ်းများနေတာကြောင့်လဲ ဖြစ်မှာပါ … )

                              တကယ်တော့ မြန်မာပြည်မှာလဲ အရင်ကထက် အရမ်းတိုးတက်လာကြတယ် … လာတက်ကြတဲ့ ပရိသတ်တကယ်များတာ … (နောက်နေ့ ဂျာနယ်တစ်စောင်မှာ  ဖတ်လိုက်ရတာ  Register လုပ်ပြီး တက်တဲ့ လူဦးရေ 1796 ဦး ရှိဆိုပဲ ... ) နည်းပညာကိုလဲ တကယ် စိတ်ဝင်တစား ရှိကြတာ တွေ့ရတယ် … ကိုယ်တိုင်လဲ အမှန်တကယ် စိတ်ဝင်စားလို့ သွားခဲ့တာပါ …

                              တစ်ခါမှလဲ အဲဒီ အဆောက်အအုံဘက်တွေ မရောက်ဖူးဘူးဆိုတော့ သိတဲ့သူတွေ ဆရာတင်ပြီး သွားနေလိုက်တာပဲ … သူများ သွားရင် သွားလိုက်တယ် ပြောတာပါ … သူများထိုင်တော့ ကိုယ်လဲ ထိုင်ပေါ့ … ကိုယ်နားထောင်ချင်တဲ့ Topic ကို အရှေ့က Board မှာကပ်ထားတာ သွားကြည့်ပြီး ကိုယ်နားထောင်ချင်တဲ့ အကြောင်းအရာ ၊ စိတ်ဝင်စားတာကို ရွေးချယ်ပြီး ပြောမဲ့ အခန်းတွေမှာ သွားပြောင်းနားထောင်လို့ရတယ် … ကိုယ်လဲ မေးလိုရာ မေး ၊ ပြောလိုရာပြော လို့ ရတဲ့ အပြင် သူတို့ပြောတဲ့ အကြောင်းအရာကို ကိုယ်က ပိုသိရင်လဲ ၀င်ဖလှယ်လို့ ရတဲ့ ပွဲလေး … ဆိုတော့ တော်တော် Free ဖြစ်တယ်ပေါ့ … ပြောနေတဲ့သူ ကိုယ်တိုင်ကလဲ ဖိတ်ခေါ်ပြီး ပြောခိုင်းတယ် …

                            ကိုယ်တိုင်လဲ ဘယ်အကြောင်းအရာ နားထောင်ရမလဲ စဉ်းစားနေရင်း ဘယ်မှ မသွားချင်တော့တာနဲ့ ထိုင်လက်စအခန်းမှာပဲ ထိုင်လက်စသူနားမှာပဲ ဆက်ထိုင်နေရင်း ပြောမဲ့ ခေါင်းစဉ်ကလဲ Unicode အကြောင်း ဆိုတော့ အမှန်တကယ်လဲ စိတ်ဝင်စားတာနဲ့ ဆက်နားထောင် ဖြစ်သွားတယ် … ဘာလို့ဆို ကိုယ်တိုင် ဘလော့ဂ်ရေးစတုံးက အခက်အခဲ ဖြစ်ဖူးတာ သတိရရင်း နားထောင်ဖြစ်တယ် …

                               အဲဒါကိုပဲ ဘေးကတစ်ယောက်က ကိုယ်တိုင်တော့ G – Talk မှာ လဲ Chat တာ မပျက် ၊ Facebook မှာလဲ Barcamp ထဲက အကြောင်းအရာတွေကို အရေးမပျက် ၊ သူ့ရဲ့ Twitter တွေ ၊ Friendfeed တွေထဲလဲ Facebook မှာ တင်သမျှတွေ ရောက်အောင် ချိတ်ထားပြီးသားမို့ တစ်ယောက်ထဲ အလုပ်တွေ ရှုပ်နေခဲ့တဲ့သူက ကိုယ့်ကို ဇွတ်အတင်းနဲ့ စိတ်မ၀င်စားပဲနားထောင်နေပါတယ် ဆိုပြီး ကန်ငြင်းတာကို အားမတန်လို့ မာန်လျှော့ပြီး ပြန်လာဖြစ်ပါတယ် …

                            နောက်နေ့ ဘယ်သူတွေ အသိမရှိလဲပဲ ကိုယ်စိတ်ဝင်စားမယ်ထင်တဲ့ Topic နဲ့ စိတ်ဝင်စားမယ်ထင်တဲ့လူကို ရှာပြီး အခန်းတွေ လိုက်ရှာပြောင်း နားထောင်မယ်လို့ စိတ်ကူးရင်း အားခဲထားပေမဲ့ ကံဆိုးစွာပဲ သွားမယ်လို့ အိပ်ယာလဲ ထရော မျက်နှာတစ်ပြင်လုံး allergy ဖြစ်ပြီး ဘယ်မှ ထွက်လို့ မဖြစ်တဲ့ အခြေအနေ ဖြစ်သွားတော့ ကိုယ့်ပြောထားတဲ့သူကို မခံချင်စိတ်နဲ့ သွားမယ် စိတ်ကူးသော်လဲပဲ မသွားနိုင်ဖြစ်ပြီး စိတ်လျှော့လိုက်ရတာကြောင့် ဒုတိယနေ့ ပွဲစဉ်ကို ဘာမှ မသိလိုက်ရတော့ပဲ ပထမနေ့ အတွေ့အကြုံလေး အနဲအကျဉ်းနဲ့ Barcamp Yangon တစ်ရက်တာ အစီအစဉ်ကို ရေးလိုက်တာပါ …ရန်ကုန်ရောက်တုံး အမှတ်တရလေးပေါ့....

Sunday 3 January 2010

အဖြူရောင် သံစဉ်များ အပိုင်း (၄)


                                ကြိုဆိုပါတယ် 2010 … ကျွန်မအတွက်မဟုတ်ပါ … ကျွန်မနဲ့ ကျောင်းတုံးက အရိပ်ပမာ ရှိနေခဲ့တဲ့ သူငယ်ချင်းလေး အတွက်ပါ … ကျွန်မတို့ ကျောင်းပြီး ကတည်းက ကွဲသွားလိုက်ကြတာ ဆယ်စုနှစ်တစ်နှစ်ကို ကျော်လာခဲ့ပါတယ် … ပြန်တွေ့ကြတာလဲ မကြာသေးတာမို့ တွေ့ကြတဲ့ ခဏလေးလဲ အလွမ်းမပြေနိုင် စကားတွေလဲ ပြောလို့ မကုန်နိုင် … ကျွန်မ ဒီဘက်ကို ရောက်သွားလိုက်တာ ရှိစုမဲ့စု သူငယ်ချင်းတွေ အားလုံးအဆက်အသွယ်အကုန်ပြတ်ကုန်ပါတယ် …

                            ခုကျွန်မ ရန်ကုန်ပြန်ရောက်နေတယ်ဆိုတာနဲ့ ဖြစ်အောင် လာတွေ့ပါတယ် ... ကွဲသွားပြီးကတည်းက ပထမဆုံး လူချင်းပြန်တွေ့တာမို့ ရှေးဖြစ်ဟောင်း နှောင်းဖြစ် ဟောင်းတွေလဲ ပြောလို့မကုန်နိုင် …သူက အချိန်မရ ကျွန်မက မအားနဲ့မိုလဲ စကားက မပြတ် … သူ့အကြောင်း ကိုယ့်အကြောင်း ကိုယ်မသိလိုက်တာတွေ ခပ်များများ … ကျောင်းပြီးနောက်ပိုင်း အလုပ်ကိုယ်စီ ၀င်လုပ်ကြရင်း ကွဲသွားလိုက်တာ …

                                 အဲဒီနောက်ပိုင်းသူက အလုပ်ထွက် ကျောင်းတွေ ဆက်တက်နေခဲ့တာ M.E ပြီးသွားတဲ့ အထိ .. အဲဒါတွေလဲ ကျွန်မ မသိလိုက် … ခု ကျောင်းပြီးပြန်တော့ နောက်ဆုံးကြံရာမရ ၀န်ထမ်း ၀င်လုပ်နေခဲ့ပြန်တယ်တဲ့ … ကျွန်မသူငယ်ချင်း ကျွန်မနဲ့ တွဲဖြစ်ခဲ့တာလဲ မပြောနဲ့ … ဘယ်လောက် စိတ်ရူးပေါက်လဲဆို ဒီဘွဲ့ကြီး ရထားပြီး ယူထားပြီးမှ အင်မတန်သတ္တိကောင်းစွာ S.A.E Scale နဲ့ပဲ 10 နှစ် Bond ထွက်ရင် 10 သိန်း အလျော်နဲ့ ၀င်လုပ်ခဲ့တယ်တဲ့ … ကျွန်မလဲ ဘယ်လိုစိတ်ကူးမျိုးနဲ့လဲလို့ မေးကြည့်တော့ သူကိုယ်တိုင် သူ့ကိုယ်သူ ဘာစိတ်ကူးတွေများနဲ့လဲ လို့ မစဉ်းစား တတ်အောင်ပဲတဲ့ …

                              ခုတော့ ကျွန်မသူငယ်ချင်းလေး လုပ်သက်သုံးနှစ်လောက်ပဲ ရှိသေးတာမို့ ရှေ့တိုးမရ နောက်ဆုတ်အခက်နဲ့ … 2010 ကို မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်မျှော်နေပါတယ် … ထွက်ဖို့ရာလဲ ဒီအလုပ်ရဖို့ကိုပဲ ခက်ခဲစွာ ကြိုးစားခဲ့ရတဲ့အပြင် လျော်ရအုံးမယ်ဆို မတန်လွန်းလို့ပါတဲ့ … အဲဒီတော့ 2010 ဆိုတဲ့ နှစ်သစ်ကြီးကြရင် စနစ်တွေ တစ်မျိုးပြောင်းလို့ သူ့ရဲ့ Bond လေးများပြယ်ခဲ့ရင် ဆိုတဲ့ အတွေးတွေနဲ့ စိတ်ကူးပုံဖော်မျှော်လင့်ကြိုဆိုနေတဲ့ သူငယ်ချင်းလေးနဲ့ ထပ်တူ သူ့မျှော်လင့်ခြင်းတွေ ပြည့်ဝပါစေ ဆန္ဒပြုရင်း ကျွန်မလဲ ကြိုဆိုပါတယ် 2010 …

                           အားလုံးသော ကျွန်မသူငယ်ချင်းတွေလဲ 2010 မှာ စိတ်သစ်လူသစ် မျှော်လင့်ခြင်း အသစ်တွေနဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီပို့စ်လေး တင်ခြင်းလွန်းလို့ အခက်အခဲ အမျိုးမျိုးကြားကနေ တင်လိုက်တာပါ ...