ကျွန်မ ရန်ကုန်ကို ခဏ ပြန်ဖြစ်တုန်းက ပြည်ကို သွားချင်တာနဲ့ပဲ ဘာနဲ့ သွားရင်ကောင်းမလဲ စဉ်းစားမိတော့ မစီးရတာ ကြာပြီ ဖြစ်တဲ့ ရထားနဲ့ သွားဖို့ စိတ်ကူးလိုက်ပါတယ် …အဲဒါနဲ့ ရထားနဲ့ သွားလိုက်တာ ရထားပေါ်မှာလဲ အစားအသောက် ဈေးသည်တွေ အပြည့်နဲ့ ခရီးကလဲ မထွက်ရတာ တော်တော်ကြာနေပြီ ဆိုတော့ တော်တော်လေး စိတ်တွေ ကြည်နူးနေခဲ့ သလိုပါပဲ .. ကျွန်မရဲ့အစ်မ ၀မ်းကွဲ တစ်ယောက်က ကားစီးစီး ရထားစီးစီး မူးပြီး အန်တတ်သေးတယ် .. သူက ကျွန်မဘေးမှာ မူးပြီး အန်နေလေတော့ အဲဒီ အချိန် ရထားပေါ်မှာ လိမ္မော်သီးတွေကို ခြင်းကြီးနဲ့ ထည့်ပြီး လိုက်အော်ရောင်း နေတဲ့သူတွေ ကျွန်မတို့ ခုံနား ရောက်လာတာနဲ့လဲ အတော်ဖြစ်ပြီး လိမ္မော်သီး ၀ယ်ကျွေးရင်တော့ အန်ချင်တာ သက်သာလောက်မယ်လို့ တွေးမိ လိုက်တယ် .. လိမ္မော်သီးသည်ကလဲ ကြေငြာ ၀င်နေတော့ စောင့်ရသေးတယ်… သူ့ လိမ္မော်သီး ကြေငြာပုံက “ဟောဒီက လိမ္မော်သီးတွေ သီရိမင်္ဂလာဈေးက အတိုင်း ဒါရိုက်ဈေးနဲ့ ရောင်းပေးနေတာ ၁လုံးကို ၃၀၀ ၊ ၂လုံးယူရင်တော့ ၅၀၀နဲ့ပေးမယ်၊ အေး ၁၀၀၀ဖိုး ၀ယ်တဲ့ မိဘပြည်သူများကိုတော့ ၅လုံး ပေးမယ်ဗျာ ၊ တစ်လုံးကို ၂၀၀နှုန်းပဲ ကျတော့တယ်ခင်ဗျ ၊ ကဲ ဘယ်နားက ယူအုံးမလဲ” ဆိုပြီး အော်ရောင်းပါတယ် …ကျွန်မကတော့ သူ အဲလို မလျှော့ပေးလဲ ၀ယ်ဖို့ စိတ်ကူးရှိပြီးသား ဆိုတော့ လှမ်းခေါ်လိုက် ပါတယ် ..ပြီး ၁၀၀၀ ဖိုး ၀ယ်လိုက်တာပေါ့ .. အပြင်က ဈေးသိလို့ မဟုတ်ပေမဲ့ သူပြောပုံဆို ၁၀၀၀ ဖိုးဝယ်မှ တန်မဲ့သဘော ဖြစ်နေတော့ ၁၀၀၀ဖိုး ယူမယ်ပေါ့ .. ကျွန်မ ရန်ကုန်ကို ပြန်ဖြစ်တိုင်း ဈေးဆစ်ပြီး မ၀ယ်ရဲတဲ့စိတ် ဖြစ်နေတာ ကြာခဲ့ပြီ .. ဘာလို့လဲဆိုတော့ ရန်ကုန်မှာ ဈေးသည် တော်တော်များများ စိတ်ရှည်ရှည်နဲ့ ရောင်းတာ တော်တော်လေး ရှားပါး သလောက်ပါပဲ .. ဈေးသေချာ မကြားလို့ ပြန်မေးရင်တောင် စိတ်မရှည်လို့ ဟောက်ချင်ပါသေးတယ် .. ပိုဆိုးတာ ဈေးက သုံးနေကြ မဟုတ်တော့ ကိုယ်က ”ဘယ်ဈေးလဲ အစ်မရေ..” လို့ မေးလိုက်ရင် သူက “၂၀၀” လို့ ပြောလိုက်ရင် ကိုယ်ကိုယ်တိုင်က ဒီမှာ ကီလို တွေ မစ်တွေနဲ့ သုံးတဲ့ အခါကျတော့ သူတို့ပြောလိုက်တဲ့ ဈေးက အစိတ်သားဈေး ပြောလားမသိ ၁၀သားဈေး ပြောလားမသိ ပြန်မေးလိုက်မိလို့ တစ်ခါက နှစ်ခါဆို ဟောက်လိုက်မှာကလဲ ကြောက်သေးဆိုတော့ ဘယ်လောက် ဘယ်ဈေးဖြစ်ဖြစ် ကျွန်မ ၀ယ်မယ်လို့ စိတ်ကူးသွားရင် ၀ယ်ပစ်လိုက်ပါတယ် .. ကျွန်မကတော့ ဒီမှာ ဈေးသုံးရသလို (fixed price ) ရောင်းတာကို ပိုသဘောကျမိတယ် .. ကိုယ်နဲ့ အဆင်ပြေတာကို စဉ်းစားတာပါ .. ရန်ကုန်မှာတော့ ဆိုင်တွေမှာ ရေသန့်တစ်ဗူး ၂၀၀ အများဆုံး ၂၅၀ လောက်ပဲ ပေးဝယ်ရပေမဲ့ ကျွန်မ စီးချင်တဲ့ ရထားပေါ်မှာတော့ ၄၀၀ အထိတောင် ပေးဝယ်သောက်ရတယ်ရှင့် … (ရေခဲစိမ်ထားလို့ပါတဲ့) ကိုယ်က သောက်ချင်တာကိုး ရာသီဥတုကလဲ ပူလွန်းအားကြီးလို့ ရေခဲလေးမှ စိမ်မထားရင် ရေသောက်နေရတယ်လို့ မထင်မိတော့ ပေးရပါစေပေါ့ …ဈေးသည်တွေကို ကျွန်မ ကြောက်တာလဲ မပြောနဲ့ မှတ်မှတ်ရရ ကျွန်မ သံပုရာသီးဝယ်မလို့ ထိုင်မိရုံရှိသေး ကျွန်မရှေ့မှာ သံပုရာသီးဝယ်နေတဲ့ အစ်မ တစ်ယောက်ကို ဈေးသည် အစ်မကြီးက “ သံပုရာသီးကို အဲလောက် ရွေးနေရင် ၀ယ်မနေနဲ့တော့ ဒီ့ပြင်မှာ သွားဝယ် ” ဆိုပြီး သူရွေးထားတာ လေးတွေကိုလဲ သူ့ဗန်းထဲ ပြန်သွန်ချ ပစ်လိုက်ပါတယ်.. ကျွန်မရှေ့က အစ်မလဲ ”ဟာ ..ဘာဖြစ်လို့လဲ .. ကျွန်မကို သံပုရာသီး မှာလိုက်လို့ ၀ယ်တာ ..ဘယ်လိုဟာ ရွေးရမှန်းလဲ မသိလို့ ကြာနေတာပါ .. အစ်မကလဲ ကောင်းကောင်း ပြောလဲ ရသားနဲ့ ” ဆိုပြီး ပြောပါတယ် .. ဈေးသည်အစ်မ ပြန်ပြောပုံ လေးကလဲ ဘယ်လောက်သင်းလဲဆို ”ဟိတ်.. ဈေးရောင်းနေတာ .. အငြိမ့်မင်းသမီး လုပ်နေတာ မဟုတ်ဘူး.. ဒါ့ထက် ချိုချိုသာသာ မပြောတတ်ဘူး” တဲ့ .. သူတို့ ဘာဆက်ဖြစ်ကြလဲ မသိပေမဲ့ သံပုရာသီးဝယ်မဲ့ ကျွန်မ ဘယ်လိုကနေ ဘယ်လို အဲဒီနဲ့ ဝေးရာကို ရောက်လာလိုက်မှန်း ကိုယ့်ကိုယ်ကို မသိလိုက်ဘူး .. သိလိုက်တဲ့ အချိန်မှာ ကျွန်မ အဲဒီဆိုင်နဲ့ တော်တော်ဝေးဝေးကို ရောက်နေခဲ့ပြီ ..“ Customer is always right ” ဆိုတာ ကျွန်မတို့ နိုင်ငံမှာ ကျင့်သုံးဖို့ မဟုတ်သေးဘူး ဖြစ်မှာပါ ... ဒါကလဲ လမ်းဘေး ဈေးသည်မို့လို့ ထားပါတော့ .. စတိုး ဆိုင်ကြီးတွေ ၊ ဆူပါမတ်ကက်တွေ၊ ဟိုက်ပါမတ်ကက်တွေ မှာလဲ နဲနဲမှ ပတ်မကြည့်လိုက်နဲ့ သူတို့ ၀န်ထမ်းတွေ တစ်ယောက်(သို့) တစ်ယောက်မက နောက်က ပါလာပြီ .. ပြီးရင် ၀ယ်နိုင်ရဲ့လား ဆိုတဲ့ ပုံစံမျိုးနဲ့လဲ ကြည့်တတ်သေးတယ် .. ပစ္စည်းတစ်ခု ခု ၀ယ်ဖို့ ရည်ရွယ်ပြီး သွားခဲ့ရင်တောင် ၀ယ်ဖို့ စိတ်ကူးတွေ ပျောက်ပျောက် သွားဖူးပါတယ် .. ဒါပေမဲ့ ကိုယ်နဲ့ သဟဇာတ မဖြစ်ဖူးထင်ရင် မ၀ယ်ပဲ ပြန်လာခဲ့ပါတယ် .. ဒီကိစ္စတွေက ဘယ်သူ့ကိုမှ complaint တက်လို့ရတဲ့ ကိစ္စတွေမှ မဟုတ်တာ .. ခေါက်ရိုးလဲ ကျိုးနေပြီလေ .. ခုပြောချင်တာက နေ့စဉ် ရောင်းဝယ်နေပါရက်နဲ့ ဗြောင်ကျကျ လုပ်သွားတဲ့ အကြောင်းလေးပါ .. ခုနက ကြေငြာပြီး ရောင်းနေတဲ့ လိမ္မော်သီးကိုလဲ ရန်ကုန်ကို ပြန်ရောက်ရင် ဈေးဆစ်ပြီး မ၀ယ်ရဲတာ အကျင့်လို ဖြစ်နေတော့ (ပိုက်ဆံပေါလို့ မဟုတ်ပါဘူး .. အဟောက်ခံရမှာ ကြောက်တာနဲ့ပါ ..ကြောက်တယ်ဆိုတာကလဲ ကျွန်မက လူကောင်သေးတယ် ဆိုတော့ အားချင်းကလဲ မမျှဘူးလေး-) ဈေးမဆစ်ပဲနဲ့ ၀ယ်လိုက်မိတာ… ခဏနေတော့ ခုနက သကောင့်သားတွေ လိမ္မော်သီး ခြင်းကြီးဆွဲပြီး ကျွန်မတို့ နားကို တစ်ကျော့ ပြန်ရောက်လာပြန်ပါတယ် .. ထပ်ပြီးကြေငြာ ပြန်ပါတယ် … “ ကဲ .. မိဘ ပြည်သူအပေါင်းတို့ ခင်ဗျား .. ဒီတစ်ခါ လိမ္မော်သီးတွေကို ငွေပေါ် ပစ္စည်းဖြတ်မှာမို့ တစ်လုံးကို ၂၀၀ ၊ ၅၀၀ဖိုးကို ၃လုံးနဲ့ ၁၀၀၀ဖိုး ယူရင်တော့ ၇လုံး မေတ္တာ လက်ဆောင် ၁လုံးအပို ပေးတယ်ခင်ဗျ .. ကဲ ဘယ်နားက ယူအုံးမလဲ” တဲ့ … ကျွန်မစားလက်စ လိမ္မော်သီးလေး ပထမ ချိုသလိုလိုနဲ့ စားရင်းနဲ့ ချဉ်သလိုလိုလေး ဖြစ်လာသလားပဲ … မပြီးသေးဘူးရှင့် … ရထားတွဲ တွဲပေါက်စိ လိုက်ရောင်းလိုက်တာ နောက်တစ်ကျော့ ကျွန်မတို့နား ပြန်ရောက် လာပြန်ရော … ဒီတစ်ခါ ကြေငြာပုံ လေးက “ ကဲ.. ဒီတစ်ခါတော့ လိမ္မော်သီးတွေ နဲနဲပဲ ကျန်တော့တာမို့ မိဘပြည်သူများကို အထူး လျှော့ဈေးအနေနဲ့ ဘယ်မှာမှ ၀ယ်လို့ မရနိုင်တဲ့ ဈေးနဲ့ ရောင်းပေးအုံးမယ်ဗျာ .. တစ်လုံးပဲ ယူရင်တော့ ၁၅၀နဲ့ ထားပေးမယ် ခင်ဗျ ..၅၀၀ ဖိုးကို ၄လုံး ပေးမယ်ဗျ .. ၁၀၀၀ ဖိုးအားပေးတဲ့ မိတ်ဆွေများကိုတော့ အထူးနှုန်း ၉လုံးပေးမယ်ခင်ဗျ ” တဲ့ … ကျွန်မ လိမ္မော်သီး လေးတော့ ချဉ်သလိုလို လို့ ထင်တာ .. မဟုတ်ဘူး .. တကယ် ချဉ်လာတာပဲ … ကိုရွှေသကောင့်သားတွေ တစ်တွဲလုံး ပတ်လိုက်တာ နောက်တစ်ခါများ ရောက်လာ အုံးမှာလား တွေးနေတာ … ကျွန်မအတွေးလေးတောင် အဆုံး မသတ်သေးဘူး … ကျွန်မတို့နား ရောက်လာ ပြန်ပါတယ် … ဒီတစ်ခါ ကြေငြာပုံလေးကလဲ မှတ်သားစရာပါ …“ ကဲပါ … ဒီတစ်ခါတော့ ရှေ့ဘူတာဆို ကျွန်တော်တို့ ဆင်းတော့မယ် .. ကျွန်တော်တို့ ခရီးလဲ ပြီးတော့မှာမို့ လက်ကျန် လိမ္မော်သီးလေးတွေလဲ အိမ်ပြန် မသယ်သွားရအောင် အလေးခံ မသယ်တော့ပဲ အရှုံးခံပြီး ရောင်းပေးခဲ့မယ်ဗျ …၁လုံးကို ၁၀၀နဲ့ပဲ ယူ …အဲ ၅၀၀ဖိုးများ ယူရင် ၆လုံးပေးခဲ့မယ်ဗျ … ၁၀၀၀ဖိုး ယူမဲ့ မိတ်ဆွေများကိုတော့ ၁၃ လုံးတောင် ပေးခဲ့မှာဗျ .. ကဲ လက်ကျန်လေး ဖြတ်လိုက်ရအောင် … ဆင်းတော့မယ်ခင်ဗျ” တဲ့ …ကျွန်မတို့ လိမ္မော်သီး ချဉ်ရုံတင် မဟုတ်တော့ဘူး … ခါးလို့ ဆက်တောင် မစားနိုင်တော့ပါလား..
“ သမုဒ္ဒရာ ၀မ်းတစ်ထွာ ” မို့ အမြတ်ယူပြီး ရှာဖွေ စားသောက် ရောင်းချရတာကို မပြောလိုပါ … ခုလိုမျိုးကျ တကယ့်ကို ဗြောင်ကျကျကြီးကို ၀ယ်သူတွေကို မလိမ့်တစ်ပတ် လုပ်ရောင်း နေခဲ့တာ … ကျွန်မတို့လို တစ်ခါတစ်ရံ ခရီးသွားသူများကို အကွက်ကျကျလေး အချဉ်ဖမ်း လိုက်တာလို့ ပြောရမယ် ထင်တယ် … အပြန်ကျလဲ ရထားနဲ့ပဲ ပြည်ကနေ ရန်ကုန်ကို ပြန်လာ ဖြစ်ပါတယ် … အပြန်ကျ လိမ္မော်သီး မရောင်း တော့ဘူးရှင့် .. ပန်းသီး ပါတဲ့ … ကျွန်မတော့ အားမပေး တော့သလို သူတို့ကို ကြည့်လဲ မကြည့်ဖြစ်တော့ပါ … ( တစ်ခါသေဖူးသွားပြီကိုး …)
ကျွန်မ အသွားတုန်းက ၀ယ်စားဖြစ်တဲ့ လိမ္မော်သီးပုံ နဲ့ အပြန်မှာ မ၀ယ်စားဖြစ်တော့တဲ့ ပန်းသီးပုံလေးတွေပါ… ကျွန်မ၀ယ်စားခဲ့တဲ့ လိမ္မော်သီးတွေ အဲလောက် မလှဘူး… ကျွန်မ ပို့စ်ကို လာဖတ်တဲ့ သူငယ်ချင်းများကိုတော့ လှတာလေးတွေ ဖတ်ရင်းနဲ့ စားချင်လဲ စားလို့ရအောင် ဒီဆိုဒ် ကလေးကနေ ရှာပြီး တင်ပေးလိုက်တာပါ …
ပို့စ်လေးကိုလဲ ကိုယ် “အ” လို့ ကိုယ်ခံရတယ်ပဲ သဘောထားရင်း ကြေငြာ ကောင်းပုံလေးကို မျှဝေလိုက်တာပါ … (မှတ်သားစရာ တွေကလဲ ပါတယ် ဆိုတော့လေ ..) ဘယ်သူ့ကိုမှ အပြစ်တင် လိုစိတ်နဲ့ ရေးလိုက်တာ မဟုတ်ပါ … အပြစ်တင်ချင်းတင်ရင် ကိုသူရိန်ကိုပဲ တင်ကြပါ… ဘာလို့လဲဆိုတော့ ကိုသူရိန်ရဲ့ ဘလော့ဂ်လေးမှာ အဟောင်းလေးတွေ ၀င်မွှေ ဖတ်လိုက်တာ ပန်းသီးသည် အော်ရောင်းပုံ ရေးထားတာနဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေးတွေ အမှတ်တရ တင်ထားတာ တွေ့လိုက်တော့ ဆရာဇော်ဂျီရဲ့ ဥစ္စာရှာရာ ဆိုတဲ့ ကဗျာလေးကို ဖတ်မိပြီး ကျွန်မ ခရီးသွားတုန်းက ဥစ္စာရှာကြပုံလေးကို သတိရလိုက်မိလို့ ရေးလိုက်တာပါ …
ဆရာဇော်ဂျီရဲ့ ဥစ္စာရှာရာ ဆိုတဲ့ ကဗျာလေးပါ …
မလိမ့်တပတ်၊ ခေါင်းပုံဖြတ်၍
အနပ်အပါး၊ မြတ်ကြီးစား၍
သနားကင်းမဲ့၊ ကိုယ်ကျိုးငဲ့၍
ရာခဲ့မသမာ၊ ထိုဥစ္စာ၌
မခွာမခွဲ၊ အရိပ်မည်း။
ကိုယ့်ထူးကိုယ်ချွန်၊ ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား လက်ကိုင်ထား၍
သနားမေတ္တာ အလေးသာ၍
ရှာရသမျှ ထိုငွေစ၌
ဖိုးလမုလေး စမ်းရေအေး။
ကျွန်မတော့ ကဗျာလေးကို အရမ်းသဘောကျမိတယ် … ကျွန်မက ကဗျာတွေ ကြိုက်တတ်ပေမဲ့ သူတို့တွေက ကဗျာတွေ ခံစားနေရလောက်အောင် အချိန်မပေးနိုင်တာလဲ ဖြစ်နိုင်ပါတယ် …ကျွန်မ တွေးမိသမျှ ရေးကြည့်တာပါ ... ခေါင်းစဉ်လေးကိုလဲ ဆရာဇော်ဂျီရဲ့ ကဗျာ ခေါင်းစဉ်လေး ယူပြီး ဂါရ၀ပြုလိုက်ပါတယ် ... (ခေါင်းစဉ်ရော ကဗျာလေးရော အရမ်းကြိုက်လို့ပါ ...)