Tuesday, 29 June 2010

ခြေထောက်များ


စိတ်အစုံကို မြုပ်နှံ
ခြေအစုံကို ရုန်းကန်လို့
ဟို၊ဒီ ပြေးလွှားနေကြပြန်တယ် ...

တိုင်းပြည်အတွက်လား ...
လူမျိုးအတွက်လား ...
ဂုဏ်သိက္ခာအတွက်လား ..
ယုံကြည်ခြင်းအတွက်လား ...
မျှော်လင့်ခြင်းအတွက်လား ...
ပေါင်စတာလင် သန်းပေါင်းများစွာတန်ဖို့လား ...
မသေချာတဲ့ လားပေါင်းများစွာထဲက
တစ်ခုတည်းသော " ဖလား " အတွက်လား ...

ဘာအတွက်နဲ့ပဲ ပြေးပြေး
ဒီခြေထောက်တွေရဲ့ ပန်းတိုင်
ဂိုးတိုင်စိုက်လို့ ပြိုင်ကြတာမို့
ခြေထိုးခံဖို့လဲ မနှေး
ဖြတ်ခုတ်ဖို့လဲ သွေးမကြောင်...

၂၂ ယောက်ထဲ လုရတာတောင်
ဘောလုံးဆိုတဲ့ အမောင်ကလဲ
ယောင်တောင်တောင် အပြုံးတွေနဲ့
ကလူကျီစယ် သူသယ်မယ် ကိုယ်သယ်မယ်
လည်တည်တည် လုပ်နေတုန်း...

ဒိုင်လူကြီးပိုင် အသုံးတွေနဲ့
ပြစ်ဒဏ်ဘောတွေ ၊ ဘေးထွက်ဘောတွေ ၊
ပင်နတီတွေ နှစ်ဝါတစ်နီတွေ ကြားမှာ
အမှားတွေကလဲ အများသား
အောင်မြင်မှုဆိုတာကလဲ အရင်းအနှီးတစ်ခုအလား
ဝါးတားတားပေမဲ့
မဟားဒရား ရုန်းကန်နေကြဆဲ ...

ခုတလော မအားပေမဲ့ စိတ်အပန်းပြေဆို ပျင်းပျင်းနဲ့ ဘောလုံးပွဲ ထိုင်ကြည့်ဖြစ်တယ် ... အလယ်ပိုင်း တစ်ပွဲပါပဲ ...ဘယ်အသင်းပဲ ကန်ကန် ကြည့်လိုက်တာပါပဲ ... ဘယ်သူ့ကို အားပေးတယ် မဟုတ်ပေမဲ့ နံမည်ရှိတဲ့ အသင်းဆို အားနဲနဲ ထည့်ကြည့်လိုက်တာပေါ့ ... ဒါပေမဲ့ ထင်သလို မဟုတ်တဲ့ အခါလဲ ကိုယ်နဲ့ မဆိုင်ပေမဲ့ အားပျက်သွားသလိုလို ... 

အဲဒီတော့ ဘာရယ်လဲမဟုတ် ဒီခြေထောက်တွေ ကြည့်ရင်း အလုပ်တွေ ရှုပ်နေခဲ့တယ် ... စိတ်တွေပါ အလုပ်ရှုပ်ခံပြီး စဉ်းစားကြည့်မိတာ ကဗျာလား ... စာလားမသိဘူး ... တစ်ပုဒ်ထွက်လာတယ် ...သူတို့ဆို သတ်မှတ်ချက် အတိအကျတွေနဲ့ ဂိုးဧရိယာကလဲ ဟိုဘက်၊ ဒီဘက်ပဲ ၊ ဂိုးတိုင်ကလဲ သူ့အတိုင်းအတာနဲ့ သူ ၊ ယှဉ်ပြိုင်သူကလဲ ၂၂ ယောက် အတိအကျ ၊ ဒီကြားထဲ နှစ်ဝါတစ်နီထွက်သူများရှိရင် ယှဉ်ရတာ ပိုသက်သာသေး ... သတ်မှတ်ချိန်ကလဲ မိနစ် ၉၀ ၊ ဒီဘောလုံး ဒီဂိုးပေါက်ထဲ ၀င်ဖို့ ဒီခြေထောက်တွေသုံးပြီး အတွန်း အတိုက် ၊ အတိုက် အခိုက် တွေကြားမှာ မဟားဒရား ပြေးလွှားနေရတယ် ... အဲဒါတောင် အောင်မြင်မှုဖလားက ဘယ်မှာမှန်း မသိနိုင်သေးဘူး ...

ကိုယ့်ကိုယ်ကိုယ်လဲ ပြန်မေးကြည့်မိတယ် ... ကိုယ်တိုင်ကရော ဘယ်သူ့အတွက်လဲ ... ဘာအတွက်လဲ ... ပန်းတိုင်က ဘယ်နားမှာလဲ ... သူတို့လို သတ်မှတ်ချက် အတိအကျ ဘာမှ မရှိပဲနဲ့ ပြေးလွှားနေတာ ဘောလုံးကွင်းထဲက ခြေထောက်တွေ ထက်တောင် သနားစရာ ကောင်းနေသေးတယ် ... :(

လက်တစ်စုံပြီးလို့ ခြေတစ်စုံ လိုက်ကြည့်နေပြန်ပြီတော့ မပြောနဲ့ပေါ့ ... :)

7 comments:

မောင်သီဟ said...

အဟားးးး အစ်မ မိုက်တယ်ဗျ
ကျွန်တော်လည်းကြည့်တယ်
ဒါပေမယ့်လေ တခါတလေ ဘောလုံးပွဲက ကျွန်တော်ကိုပြန်ကြည့်သွားတယ် အိပ်ပျော်သွားတတ်လို့း)

khun thadar said...

ကဗျာဖတ်လို့ကောင်းတယ် မလင်း။
အလုပ်ရှုပ်နေလို့ WCစကတည်းကတပွဲမှကို
အစအဆုံးမကြည့်ရသေးဘူး။

တခါတလေ အစ်မပြောသလိုဘဲ ကိုယ်ကိုတိုင်
ဘာအတွက် လမ်းလျောက်နေလဲ ပြေးလွှားနေလဲ
ဆိုတာ မသိတော့တဲ့ခါတွေရှိတယ်။
အဲ့လိုခါမျိုးဆို ပိုမောတယ် ;(

လင်းကြယ်ဖြူ said...

ပြေးပြေးလွှားလွှား....မနားတမ်းနဲ့ ..
ဖိနပ်တွေပါး......
ဒါပေမယ့် ..မနား..မနား..မနား....
တသွင်သွင်စီးမျော..သံသရာရဲ့ ရေလျဉ်ကျော..
မောပဲ..မောနိုင်ကြပါဘူး....နော်.....

ရေသန့်  said...

ကောင်းလိုက်တာဗျာ....ချီးကျူးပါတယ်...
သဘာဝ လောက သံသရာ .....စဉ်းစားစရာပဲ..
........ ...... ......... ..........

ညလင်းအိမ် said...

အားပါးပါးက ကဗျာက မိုက်တယ် ...

အစ်မလင်းရေ ခုမှရောက်ဖြစ်တယ်ဗျာ ...
လုံးလည်ချာလပတ်လည်နေလို့ ဘယ်မှမရောက်ဖြစ်တာပါ ...
ကျွန်တော့်ဆီကို သတိတရလာလည်တဲ့ အတွက် ကျေးဇူးအစ်မလင်း ...

ဏီလင်းညို said...

လင်းရေ......

ဒီကတော့ ဘောလုံးပွဲတွေကြိုက်လည်းမကြိုက်၊ ကြည့်လည်း......မကြည့်တတ်ပါဘူးဗျာ......။
ကဗျာလေးကောင်းတယ်......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

သူရိန် said...

လက်တစ်စုံရဲ့ ခွန်အားတွေနဲ့ ခြေတစ်စုံကို လှုပ်ရှားနိုင်သေးရင် နေပျော်ပါသေးတယ်လေ...၊ :)