Saturday 5 June 2010

ရောက်ခဲ့တဲ့ ကျိုက်ထီးရိုး ဘုရားဖူး တစ်ခေါက် ...

                   အေးရာ အေးကြောင်းလို့ ပြောခဲ့သလိုပါပဲ ရန်ကုန်ရောက်တာနဲ့ သွားဖို့ ခရီးစဉ်ကို တကယ်အေးနိုင်မဲ့ နေရာတွေ စဉ်းစားနေမိတယ် …( တောင်ကြီးဘက်ဆို လူလဲအေး ၊စိတ်လဲအေးလောက်မှာပဲပေါ့ … ) ရန်ကုန်မှာ တအားပူတဲ့ သတင်းရထားတာနဲ့ ရန်ကုန်မြေ ခြေချပြီးတာနဲ့ ညမအိပ်ပဲ ချက်ချင်း ကားလက်မှတ်ဝယ် … အေးမယ်ထင်တဲ့ နေရာတွေ လျှောက်သွားပစ်လိုက်တယ် … အဲဒီ သွားခဲ့တဲ့ နေရာလေးမှာ တကယ့်ကို စိတ်တွေလဲ အေးချမ်းပြီး တစ်သက်မှာ တစ်ခါဆိုသလောက် ကျွန်မဘ၀ ငြိမ်းချမ်းမှုတွေ ရသွားသလားပဲ ထင်မှတ်မိတယ် … အဲဒီနေရာလေး အကြောင်း နောက်မှ အေးဆေး ရေးတော့မယ် …

                    ခုက ကျွန်မ ကျိုက်ထီးရိုးလဲ ရောက်တယ် … ပို့စ်ရေးမယ် ကြွားထားပြီးမှ မအားတာနဲ့ မရေးဖြစ်တာ … သူများတွေက ရေးဖို့တကဲတဲ နောက်ကျမှာ စိုးတာနဲ့ အမြန်ရေးဖို့ စီစဉ်လိုက်ရတာ … ပထမသွားတဲ့နေရာက ပြန်လာလို့ ရန်ကုန်မြို့ထဲ ၀င်တာနဲ့ ကားပေါ်ကနေပဲ ကျိုက်ထီးရိုး ဆက်သွားလို့ရမလား ကားလက်မှတ် လှမ်းဖြတ်ပြီး ညမအိပ်ပဲ ညကားနဲ့ ဆက်ထွက်ခဲ့တယ် … အဖေါ်လဲ ကောင်းတာနဲ့ ကျွဲကျောင်းလိုက်မိတယ် ဆိုပါတော့ … လူက တောက်လျှောက်သွားရင်း ခရီးတွေပန်းလို့ နေမကောင်းချင်တာနဲ့ ကားမထွက်ခင် မြို့ထဲမှာ တွေ့တဲ့ဆေးခန်း ၀င်ပြတော့ ဆရာဝန်က Pressure တအားကျနေလို့ ဆေးသွင်းပေးပြီး အနားယူဖို့ အကြောင်း ပြောလာတယ် … ကျွန်မလဲ ကားလက်မှတ် ဖြတ်ပြီးတာမို့ ဒီညပဲ ကျိုက်ထီးရိုးသွားမဲ့ အကြောင်း ပြောတော့ ဆရာဝန်တောင် “ ဟမ် “ ဆိုပြီး ဖြစ်သွားလေရဲ့ .. (အဲလောက် ဆိုးတာ …းP )

                       တစ်ခါမှ မသွားဖူးလို့တော့ မထင်နဲ့နော် … ဒီတစ်ခေါက်က သုံးခါမြောက် … ကြွားတာ … ဒါပေမဲ့ မနိုင်ပါဘူး … ကိုယ်ဘေးက အဖေါ်တွေက လေးခါမြောက်ဆိုပဲ … ပထမဆုံးရောက်ဖူးတုန်းက ဘယ်သူပြောလို့ မှတ်ထားမိမှန်းမသိပေမဲ့ သေချာမှတ်ထားမိတဲ့ စကားကို သွားသတိရမိတယ် … ကျိုက်ထီးရိုးဘုရား တစ်ခေါက်ဖူး ဖူးရင် သုံးခေါက်ပြည့်အောင် လာရတတ်တယ် ဆိုပဲ … ခုက သုံးခေါက်မြောက်ဆိုတော့ ဟုတ်မှာပဲ ထင်မိတာ ဘေးကသူက လေးခေါက်မြောက်တောင် ဆိုတော့ တွေးနေကြအတိုင်း ဘယ်ဟာမှ အမြဲတန်းမှန်တယ် ဆိုတာ မရှိပါဘူးလေပေါ့ …စိတ်လျှော့ပြီး ဆက်မတွေးတော့ဘူး …

                       ည 9:00 နာရီလောက်က ကားထွက်လာတာ နံနက်အစောကြီး 2:00 နာရီလောက် တောင် ခြေကို ရောက်လာတယ် … ကားသမားတွေ စတည်းချတဲ့ စားသောက်ဆိုင်မှာ ချပေးခဲ့တော့ အဲဒီမှာ နားကြရတယ် … အရမ်းစောနေသေးတော့ တစ်ချို့လဲ အိပ်ဖို့ နေရာယူ ပြင်ဆင်နေကြလေရဲ့ … ကျွန်မတော့ လူလယ်ခေါင်ကြီးမှာ အိပ်မပျော်လောက်ပါဘူး တွေးရင်း ခရီးပန်းလာလို့ အညောင်းပြေ ခဏ ၀င်လှဲမိတာ … တကယ်ကြီး အိပ်ပျော်သွားတယ် … ဒါတောင် ဆိုင်ရှင်အဖွားကြီးက ( ကျွန်မဘေးက အဖေါ် အတင်းတုတ်သလို ဆိုရင် သူ့ရဲ့ အောင်မြင်လှတဲ့ အသံနဲ့ ) အိပ်ယာထကြဖို့ ၊ နံနက်အစောဆုံးကား မီအောင်တက်ဖို့နဲ့ ၊ အဲဒီကား မမီလို့ နောက်ကားစောင့်ရရင် လူပြည့်မှ ထွက်တာမို့ နေအရမ်းပူတဲ့ အကြောင်း ၊ အပေါ်မှာလဲ တောင်ပိတ်ချိန်မို့ စားသောက်ဆိုင်တွေ မရှိတာကြောင့် သူ့ဆိုင်မှာပဲ မနက်စာစားသွားဖို့ အကြောင်း ဆော်သြော လာပါတယ် …

                       အဲဒါနဲ့ သူပြောသလို အမြန်ထပြီး မျက်နှာသစ် ၊ မနက်စာမှာစားပြီး တောင်တက်ကား ဆီကို ဆက်ထွက်လာဖြစ်တယ် …

          လာတဲ့ လမ်းတစ်လျှောက်လေးကိုပဲ ဓါတ်ပုံရိုက် ၀ါသနာအိုးများ ထုံးစံ ကြိုဆိုပါ၏ တို့ ၊ နှုတ်ခွန်းဆက်သပါ၏ တို့မှ မကျန် ကင်မရာ တကားကားနဲ့ မှတ်တမ်းတင် ရိုက်ကူးနေကြလေရဲ့ … ကျွန်မ မဟုတ်ပါဘူး … ဘေးကအဖေါ်တွေပါ … ကျွန်မက အေးဆေး … သူများ မှတ်တမ်းတင်ထားသမျှ အားလုံး Stick ကလေးနဲ့ ကူးပြီး ပို့စ်တွေကို ပုံတွေ ဝေေ၀ဆာဆာနဲ့ အပိုင်းလိုက် တင်သွားမယ် စိတ်ကူးထားပါတယ် ... လူတင်မက ဘုန်းကြီးလဲ ၀ါသနာအိုးထင်ရဲ့ … ကင်မရာ တကားကားပဲ...

                     
                        တောင်တက်ကားဆီ လာတဲ့လမ်း မြူတွေက ခပ်ဆိုင်းဆိုင်းမို့ လမ်းလျှောက်ရတာ အကောင်းသား ...


                      
                         ကျွန်မတို့ စီးရတဲ့ တောင်တက်ကားပါ … တစ်တန်း ၆ ယောက်ထိုင်ရပြီး လူ ၄၀ ကျော်မှ ကားထွက်ပါတယ် … ရသေ့တောင်အထိကို ၁၅၀၀ိ/ ၊ ရင်ပြင်တော်နားအထိဆို ၃၀၀၀ိ/ …

                      
                          တစ်ထောက် နားတဲ့ ရသေ့တောင် အရောက်မှာပေါ့ ... ပထမတော့ ရသေ့တောင် ထိပဲ ကားစီး .. ဟိုဘက်ကို ခြေလျင်တက် … လမ်းတစ်လျှောက် ဘုရားတွေလဲ ၀င်ဖူးရင်း ၊ ရှုခင်းတွေလဲ ဓါတ်ပုံရိုက်ရင်းပေါ့ … စိတ်ပဲရှိပြီး လူက ခရီးပန်းနေတာမို့ မနိုင်တာနဲ့ စိတ်လျှော့ပြီး တောင်ပေါ်ထိ စီးသွားပါတယ် …

                       အပေါ်က ဆင်းလာတဲ့ တောင်ဆင်းကားတွေ စောင့်ရတဲ့ နေရာလေးနားမှာ တောင်ကျရေ စီးတဲ့ ရေတံခွန် သေးသေးလေးတွေ ရှိပါတယ် … ဒါပေမဲ့ မိုးမရွာတော့ ရေကမစီးဘူး ဖြစ်နေတယ် …

                        တောင်တက်တဲ့ လမ်းတစ်လျှောက်လဲ ထမ်းစင်များနဲ့ တက်သူတွေ ရှိရဲ့ … ကျွန်မတော့ အပေါ်ကနေ အမိန့်သား ထိုင်စီးဖို့ စိတ်ကူးကြည့်လို့ မရမိဘူး … ဒါပေမဲ့ ဒီနေရာနဲ့ ဒီလုပ်ငန်းတွေက ကျွန်မတို့ ငယ်ငယ်ကထည်းက အသားကျပြီးသားတွေမို့ သူတို့အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး … တောင်တက်ကားများ စီးရင် ရှေ့ဆုံးခုံတန်း နေရာဦးမှ မှန်လိမ့်မယ် … ကားဘော်ဒီကိုလဲ ကိုင်လို့ရ ၊ ကင်မရာသမားများလဲ မှတ်တမ်းတင်လို့ အဆင်ပြေပေါ့ … မဟုတ်ရင်တော့ ကျွန်မနောက်က ကောင်မလေးဆို ဘယ်သူ့ခါးကိုင်ရကောင်းနိုးနဲ့ မထိတထိ လာကိုင်ရှာတယ် …

                       တောင်တက် လမ်းတစ်လျှောက် Roller Coaster စီးသလို မနဲထိန်းပြီး စီးရတဲ့ကြားက  ဘေးနားက  Camera Man များလဲ အမိအရ မှတ်တမ်းတင်နေလေရဲ့ … ( ကျွန်မ အတွက် ပို့စ် ကုန်ကြမ်းလေး ဖြစ်သွားပါတယ် ...းP ) အဲလိုနဲ့ တောင်ပေါ်ရောက်တယ်ဆိုရင်ပဲ ကြိုဆိုရေးနဲ့ နေရာချထားရေးများ ကလဲ ဘုရားဖူးပါးချိန်မို့ ဧည့်ဝတ်ကျေပွန်စွာ ပျူပျူငှာငှာ ကြိုဆိုကြပါတယ် … ကျွန်မတို့လဲ ခရီးပန်းနေပြီမို့ သိပ်များများစားစား ရွေးချယ်မနေတော့ပဲ သုံးနေရာလောက်လိုက်ကြည့်ပြီး ကြိုက်လိုက်ပါတော့တယ် … တကယ်လဲ ကောင်းပါတယ် … အခန်းလေးက အပေါ်ထပ်လဲ ဖြစ်ပြန် ၊ အခန်းကထွက်ရင် ၀ရန်တာလေးလဲ ရှိမို့ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေလှပါတယ် …

                       
                          ကျွန်မတို့လဲ ရောက်ရော ရာသီဥတုက ချက်ချင်း မြူတွေဆိုင်းပြီး အခန်းက လှမ်းကြည့် လိုက်ရင် ရှစ်ခွင်တိုင်း မှုန်မှိုင်းမှိုင်း ပတ်လည်မှာ ဆိုသလို တောတောင်ရှုခင်းတွေက လွမ်းချင်စရာ ကောင်းလောက်အောင် အလှကြီး လှနေလေရဲ့ … နေ့လည်ပိုင်းရောက်လာပြီမို့ လွမ်းရေးထက် ၀မ်းရေးခက်လို့ စားစရာ သွားဝယ် ၊ စားသောက်ပြီး ပင်ပန်းနေတာကြောင့် တစ်နေ့လည်ခင်းလုံး အိပ်ပစ်လိုက်မိတယ် …

                                  အိပ်ယာနိုး ၊ရေချိုးပြီးတော့ ဘုရားပေါ် သွား ၊ ဘုရားရှိခိုး ၊ ဘုရားပုံတွေ ထောင့်ပေါင်းစုံက ရိုက်ဖြစ်တယ် …

                        ဘုရားရှိခိုးပြီး အောက်ဘက်က စားသောက်ဆိုင်တန်း ဆင်းလိုက်တာနဲ့ တွေ့တဲ့ ဆီထမင်း နဲ့ ငါးကြော် ၊ အကြော်စုံတွေ ၀ယ်ပြီး လ္ဘက်ရည်ဆိုင်ထိုင်ရင်း သွားစား ဖြစ်တယ် …

                        ပြီး ရင်ပြင်ပေါ် ဘုရား ပြန်တက်ဖူးတာ တိမ်တွေ လေထဲမှာ လွင့်ပြီး ကျွန်မ တို့ဘေးနားမှာ တိမ်တွေ ဖြတ်ပြေးနေတာ ထိုင်ကြည့်ရတာ ဆွတ်ပျံ့ကြည်နူးစရာ ကောင်းလွန်းလို့ ထမပြန်ချင်အောင်ပဲ …

                       
                          ဒါပေမဲ့ အတော်မှောင်လာပြီမို့ ထပြန်လာရတယ် ...
                
                          ရင်ပြင် ပေါ်ကနေ တည်းတဲ့ဆီ ပြန်တဲ့ လမ်း တစ်လျှောက် မီးတွေ မှောင်နေတာမို့ မီး မှောင်မှောင် တိမ်တွေ ကြားမှာ စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်ပြီး ပြန်ခဲ့ပါတယ် … ဆက်ပါအုံးမယ် … နောက်တစ်ည အိပ်အုံးမှာ ဆိုတော့ မနက်ဖြန်မှ အနီးအနားတွေ သွားမယ်ဆိုပြီး အခန်းပြန် အိပ်ဖြစ်ပါတယ် …..

8 comments:

မောင်သီဟ said...

ပျော်စရာကြီးဗျာ
း)

မောင်သီဟ said...

အားကျလိုက်တား)
း) နောက်တခါ ကျွန်တော့်ကိုခေါ်နော်း)

လင်းကြယ်ဖြူ said...

ဟုတ်ပါ့..ပျော်စရာကြီး ခင်ဗျာ....
တစ်သက်မှာ တစ်ခါ ပဲ ရောက်ဖူးသေးတယ်
ရောက်ဖူးတဲ့ အချိန်က ရှုခင်းအလှနဲ့ ကြည်နူးမှုကို တော့ မေ့လို့မရသေးဘူး....

ပျော်ပါစေ ဘော်ဒါရေ..
*.*.*

khun thadar said...

ကျိုက်ထီးရိုးကိုသုံးခေါက်ရောက်ဖူးတယ်။
ခုမရောက်တာ ၁၀နှစ်နီးပါးလောက်ရှိပြီ။
ဒီရာသီမို့လားမသိဘူး လူနဲ့သလိုဘဲနော်။
အေးအေးလူလူနဲ့ကောင်းလိုက်တာ။
သွားချင်လိုက်တာအစ်မရာ..... :(

Anonymous said...

လင်း

သွားချင်လိုက်တာ

တကယ်ပဲ သူတို့နှစ်ယောက်ပဲ သွားနေကြတယ်

ညီလင်းညို

Anonymous said...

ဓာတ်ပုံတွေလှလိုက်တာဟာ....
ပျော်စရာကြီး၊ ငါတော့ ကျိုက်ထီးရိုးကို ၄ နှစ်သမီးတုံးက တစ်ခေါက်ယောက်ဖူးတယ်။ :P

K

~ဏီလင်းညို~ said...

လင်းရေ.......

ရောက်လာပါသည်။
သူတို့တွေများ....အေးရာအေးကြောင်း....ဘုရားဖူးထွက်ကြလို့.....။
ဒီကတော့ အလုပ်ထဲမှာ ချာလပတ်လည်ယမ်းလို့လေ....ဟား....ဟား......။
အကြော်တွေမြင်တော့ တံတွေးတောင်မျိုချမိတယ်.....။
အောက်ဆုံက ဘုရားပုံကိုရိုက်ထားတာ....တစ်ကယ်ကောင်းတယ်.......။
တော်ချက်........း))

ခင်မင်တဲ့
ဏီလင်းညို

khin oo may said...

ဟမ်..........TR ပုံကပိုကောင်းတယ်။