Wednesday 23 June 2010

အိပ်မက်ထဲမှာ

လက်ကနာရီကိုပဲ အကြည့်ရောက်နေမိတယ် … လေယာဉ်ရယ် ဝေဟင်မှာ ဘာလို့ ဒီလောက်ကြာနေပါလိမ့် … ကျွန်မပဲ စိတ်စောနေမိတာလား … ဟော … ပြောရင်းဆိုရင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းတော့မယ် ဆိုပါလား … ဒီအသံကြားရမှပဲ သက်ပြင်းကို ဟင်းကနဲ ချနိုင်တော့တယ် …လေယာဉ်ပေါ်က ဆင်းတာနဲ့ ရွေးစရာ ၊ လုပ်စရာ ၊ ဖြတ်ကျော်စရာတွေကို အမြန်ဖြတ်ပြီး လာကြိုသူ လူအုပ်တွေထဲ မျက်စိတစ်ဆုံး ဝေ့ရှာမိတယ် … အင်း .. တွေ့ပြီ … မမကြီး တို့ မိသားစု … ဟင် … ဖေဖေ့ကိုလဲ မတွေ့ပါလား … အနောက်ကို လှမ်းကြည့်ပေမဲ့လဲ မတွေ့တာမို့ ...

“ မမ.. ဖေဖေက ဘာလို့ မလိုက်လာတာလဲ …” 
“ဟင် … ၀င်သွားပြီလေ … လေယာဉ်ဆိုက်ပြီ ဆိုတာနဲ့ တကြွကြွ နဲ့ ၀င်သွားတာပဲ … ဟော .. သူ့ဘေးမှာကို မတွေ့နေဘူးတဲ့ … ’’  ဆိုမှ ဘေးနားကို ဖြတ်ကနဲ ကြည့်မိတယ် … 
“ ကြည့် … တော်တော်ဆိုးတဲ့ ဖေဖေ … လာမကြိုဘူးလားလို့ စိတ်က ကောက်ချင်နေပြီ … သိလား ..” ဆိုတော့
“ အော် … ဖေဖေ့ သမီးလေး ပြန်လာတာ ဖေဖေ လာမကြို လို့ ဘယ်ဖြစ်မလဲ … မတွေ့သေးဘူး … စိတ်ကောက်ဖို့ပဲ စဉ်းစား နေတာကို … ’’ 
“ ဟင် … ဖေဖေပဲ သမီးတစ်ယောက်လုံး မတွေ့ပဲ ဘယ်တွေ ကျော်ကြည့်နေမှန်းမှ မသိတာ ..” 
“ ဖေဖေက ကျော်ကြည့်တာ မဟုတ်ရပါလား … သမီးပဲ သူ့အစ်မကို ကျော်ကြည့် နေပြီးတော့ ..” 
“ ကဲ … တော်ပါ … သားအဖ နှစ်ယောက်က မတွေ့ရသေးဘူး … ဘာမဟုတ်တာကို အဟုတ် လုပ်ပြော နေတယ် … ပစ္စည်းတွေ စုံရင် သွားရအောင် … မေမေ မျှော်နေလိမ့်မယ် … ’’ 
မမကြီး ၀င်ပြောလိုက်မှပဲ ဇာတ်လမ်း ပြတ်သွားတော့တယ် …ကားပေါ်ရောက်တော့လဲ ဖေဖေ့ ဘေးနေရာကို မမကြီးကလေးတွေနဲ့ အပြိုင် လုလိုက်သေးတယ် … ကလေးတွေက မကျေမချမ်းနဲ့ 
“ ဟင် … တီလေးကလဲ ပိုကို ပိုတယ် … ဘဘနဲ့ အိမ်ကျ မတွေ့ရမှာ ကျနေတာပဲ … သားတို့နဲ့ အတင်း နေရာလိုက်လုနေသေးတယ် … သူ့ကိုယ်သူ ကလေးကျနေတာပဲ ’’ 
ကလေးတွေ ပြောသလို ကိုယ်ကမှားနေပေမဲ့ အလျှော့မပေးချင်တာနဲ့ ... 
“ အော် ..သားရယ် … နေရာချင်းတော့ မလဲနိုင်ပေါင် … တီလေးက ဖေဖေနဲ့ ခွဲနေရတာ အကြာကြီး … ဒီကြားထဲ သူ့မြေးတွေ ပိုချစ်သွားရင် ဘယ်လိုလုပ်မလဲ … ဒါ့ကြောင့် အပြတ်စည်းရုံး နေရတာ ” 
ဆိုတော့ ကလေး နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး ကျွန်မကို မနိုင်ဘူး ဆိုတဲ့ မျက်နှာပေးတွေနဲ့ ဟိုဘက် လှည့်သွားကြတယ် … အိမ်ရောက်လို့ ပစ္စည်းတွေ ချပြီးတာနဲ့ ကျန်တဲ့ မောင်နှမတွေကို ၀တ်ကျေတမ်းကျေ နှုတ်ဆက်ပြီး ဖေဖေနဲ့ စကားပြောဖို့ကိုပဲ တာဆူနေမိတယ် … သားအဖ နှစ်ယောက်သား ဟိုအကြောင်း ရောက်သွားလိုက် ၊ ဒီအကြောင်း ရောက်သွားလိုက် ဘေးလူ ရေပက် မ၀င်နေခဲ့ဘူး … ကျွန်မ ၀မ်းနည်းတဲ့ အကြောင်း ၊ ၀မ်းသာတဲ့ အကြောင်း ၊ အားတက်တဲ့ အကြောင်း ၊ အားပျက်တဲ့ အကြောင်း အစုံကို မမောနိုင် မပမ်းနိုင် ပြောပြ ၊ 
“ ဖေဖေရယ် … သမီးလေ တစ်ခါတစ်လေ အားပျက်စရာတွေ ကြုံလာရတိုင်း တစ်ယောက်တည်း မဖြေရှင်းနိုင်ခါကျရင် သေချင်စိတ်တွေတောင် ပေါက်မိတယ် … ” အဲလိုညည်းတော့ ဖေဖေက 
“ ဒီမယ် … သမီး … သေချင်တယ်ဆိုတဲ့ စကား ခဏခဏ မပြောပါနဲ့ သမီးရယ် … အဲဒါ ဇွဲမရှိသူ ၊ တရား မသိသူတွေ ပြောတဲ့ စကား ၊ ဖေဖေ့သမီးက ဒီလို လူစား မဟုတ်ဘူးလေ … ကြုံလာတဲ့ အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖြေရှင်း နိုင်ရမှာပေါ့ …” 
“ ဟင် … သေချာလို့လား … ဖေဖေ … သမီးက အဲလို လူစားမဟုတ်ဘူးလား … ’’ 
“သိပ်သေချာတာပေါ့ … သမီးရယ် … ဖေဖေ မွေးထားတာ ဖေဖေ့သမီးအကြောင်း ဖေဖေ အသိဆုံးပေါ့ … ငါ့သမီးစိတ်ရှိရင် ဘာမဆို ဖြစ်အောင် လုပ်နိုင်တာ ဖေဖေ သိတယ်လေ …” ကျွန်မကို အဲလိုနည်းနဲ့ စိတ်ဓါတ်တွေ ပြန်တက်လာအောင် ဖန်တီးပေးတတ်သေးတယ် …
ကျွန်မတို့ဘေးနား မေမေ ရောက်လာပြီး ...
“ ကဲ …သားအဖ နှစ်ယောက် … ဘယ်တော့မှ စကားပြောလို့ ပြီးမှာလဲ … တစ်လောကလုံးမှာ သူတို့ သားအဖ နှစ်ယောက်ပဲ လူရှိတာကျနေတာပဲ … ထမင်းရော စားဖို့ သတိရသေးရဲ့လား … စားမယ် … ထ … ”  ဆိုတော့
“ အင်းပါ … မေမေရယ် … ဘာဟင်းချက်လဲ … မေမေ့လက်ရာ မစားရတာ ကြာပြီ …” ဆိုပြီး လှည့်ချွဲ လိုက်တယ် … 
“ သမီး ကြိုက်တဲ့ ကန်စွန်းရွက် ကြော်ထားတယ် …” ဆိုတော့ တစ်အိမ်လုံး ၀ိုင်းညာရယ် ကြတယ် … 
“ ဟင် … ဖေဖေ ကြည့် … သမီးတို့ သားအဖ နှစ်ယောက် ချစ်နေတာကို မနာလိုတာနဲ့ သမီးကို ကန်စွန်းရွက်ကြော် နဲ့ကျွေးမလို့တဲ့ … တော်တော် ဆိုးတဲ့ မေမေ … ဖေဖေ့ မိန်းမကို နဲနဲလောက် ရိုက်ပေးအုံး … ”  ဆိုတော့ မြေးတွေကပါ ၀ိုင်းပြီး
“ ဟုတ်တယ် ဘဘ … ဖွားဖွားကို နှာခေါင်းနဲ့ ရိုက်လိုက်ပေါ့  … ” ဆိုပြီး ၀င်စကြတယ် …
ကလေးတွေရဲ့ ဖွားဖွားတစ်ယောက်လဲ ရှက်ရမ်းရမ်းပြီး ...
“ ကဲ … အကုန်လုံး ထမင်းပါ မကျွေးပဲ နေလိုက်မယ်… ” ဆိုတော့မှ တစ်အိမ်လုံး ထမင်းဝိုင်းကို အပြေး အလွှား နေရာ ယူလိုက်ကြတော့တယ် … 

=======================================================

နာရီ နှိုးစက်သံကြောင့် ကျွန်မ အိပ်မက်ထဲက ဖြတ်ကနဲ လန့်နိုးလာပါတော့တယ် … အိုး … ခုနစ်နာရီ တောင် ထိုးနေပြီပဲ … ကျွန်မ အိပ်မက်မက်နေခဲ့တာပဲ … 

ကျွန်မ ရန်ကုန်ကို ပြန်တိုင်း ရလေ့ ရှိတဲ့ ပျော်ရွှင်ကြည်နူးမှုတွေ ၊ ဒါပေမဲ့ ကျွန်မဖေဖေ မရှိတော့တဲ့ နောက်ပိုင်း ဒီလို ပျော်ရွှင်မှုတွေ မရတော့ဘူး … ဒီအိပ်မက်တွေပဲ ထပ်ပြန်ပြန် တလဲလဲ မက်နေခဲ့ ဖြစ်တော့တယ် … 
                                  ============================

ကျွန်မဖေဖေ တစ်နှစ်ပတ်လည် တဲ့နေ့က  ရန်ကုန်မှာ ရှိနေတာမို့ မောင်နှမတွေ စုပြီး ဆွမ်းကပ် ဖြစ်တယ် … ပို့စ်ရေးဖို့ အားခဲထားပေမဲ့ အဲဒီရက်က စိတ်မအား လူမအား နေတာနဲ့ မရေးခဲ့ဖြစ်ဘူး … " အဖေများနေ့ " ကလဲ အမှတ်တရ ရေးမယ်ဆိုပေမဲ့ စိတ်တွေ ရှုပ်နေတာနဲ့ ပြီးအောင် မရေးနိုင်ခဲ့ဘူး … ခုမှပဲ လက်စသပ်ပါတော့တယ် … သတိရနေတုန်းပဲ ဖေဖေ …

10 comments:

Anonymous said...

လင်း
ငိုအောင်ရေးတာလားဗျာ
တကယ်ထိသွားတယ်
ညီလင်းညို

လုလင်ပျို said...

ဘယ်လိုကြီးမှန်းမသိ ရင်ထဲမှာ တစ်မျိုးကြီးဖြစ် သွားသည်
ပထမဆုံး ကျောင်းစအပ်သော နေ့ကို ငယ်ဘ၀ ကို အမှတ်ရ သည်။ သားဖေဖေ နာမည်တဲ့ ကိုယ်က အဖေ့နာမည် ရွတ်ပြတော့ သားဖေဖေ ရောမပါဘူးလား တဲ့ ဆရာမ ကတော့ မေးရိုးမေးစဉ်ဖြစ်ပါလိမ့်မည် ကိုယ်ကတော့ ဒဏ်ရာကို ဆုပ်ကိုင်ခံလိုက်ရလို ခံစားရသည် အဲ့ဒီတုန်းက ငိုတော့ ဆရာမနှင့်အမေက ချော့ခဲ့သည်။ ခုအသိညဏ်တွေ ၀င်လာတော့ ကိုယ်လူမှန်းသိတတ်စ အရွယ် လေးနှစ်သားလောက်ကတည်းက ဆုံးသွားတော့ အဖေကို သတိရစိတ်နှင့်ငိုလျှင် ချော့မည်သူလည်း မရှိတော့ ကိုယ်တစ်ယောက်တည်း .......
ဟိုဆိုက်ဒီဆိုက်စ်ဝင်ရင်း ရောက်လာခဲ့တာဖြစ်သည် ပြီးတော့ ဒီစာလေးကိုဖတ်ပြီးရင်ထဲမှာ တစ်ခုခု စိုက်ဝင်သွားသလိုခံစားရသည် နားလည်ပါသည်။
အရေးအသားကောင်းလွန်းလို့လည်းဖြစ်မည် ခံစားချက်တွေ ပြင်းထန်းနေလွန်းလို့လည်းဖြစ်မည်

Anonymous said...

ငါလည်း နင့်အဖေကို သတိရတယ်။

K

သိင်္ဂါကျော် said...

မေ့လို့ မရနိုင်တဲ့ အရာ ဖြစ်မှာပါ.. ခံစားချက်ကို နားလည်ပါတယ်..

မောင်သီဟ said...

ရင်ထဲဆို့နစ်သွားတာပဲဗျာ

လင်းကြယ်ဖြူ said...

ဟုတ်တယ်
မိခင်..ဖခင်..ကျေးဇူးရှင်တို့ရဲ့
တုနှိုင်းမဲ့ မေတ္တာတော်တို့ ကို
အမြဲတစေ ချီးမွမ်း နေကြရမှာပေါ့....
လေးစားလျှက်

ဏီလင်းညို said...

လင်းရေ......

စာလေးဖတ်ရင်း.....စိတ်ကြည်နူးနေတာလေး....
အောက်ဆုံးလည်းရောက်ရော စိတ်မကောင်းဖြစ်မိသွားတယ်.......။
တစ်ကယ်ပဲ.......း((

(မအားလို့ ခုမှရောက်တယ်လေ....သူငယ်ချင်းရေ့....။ ဗွေမယူကြေး.....ဒါပဲ......း))

ခင်မင်တဲ့
ဏီလင်းညို

ညလင်းအိမ် said...

ရင်ထဲ နင့်သွားတာပဲဗျာ ...
ဖြေသိမ့်လိုက်ပါ အစ်မလင်းရယ် .. စိတ်မကောင်းဘူး စာဖတ်ပြီး ..း((

ကျွန်တော်လည်း ခုမှ ရောက်တယ်နော် .. စိတ်မဆိုးကြေးး))

ရွှေပြည်သူ (ShwePyiThu) said...

အစ်မလင်းရယ်... ရင်ထဲမှာ နင့်ကျန်ခဲ့တယ်...။ တကယ် စိတ်မကောင်းပါဘူး။ အစ်မ အဖေက အဖေကို သိပ်ချစ်တဲ့သမီးအတွက် အမြဲတမ်းဂုဏ်ယူသွားမှာ သေချာပါတယ်...

ဏီ(န်)ကင်း said...

စိတ်မကောင်းလိုက်တာဗျာ...စာနာပါတယ်။
ကိုယ့်အဖေဖြစ်စေချင်တဲ့...ပုံစံဖြစ်နိုင်ပါစေလို့..