Tuesday, 6 October 2009

ဖေဖေ



မေမေက ကျွန်မ အတွက် လမင်းကြီးဆိုရင်
ဖေဖေက နေမင်းကြီး ဖြစ်လိမ့်မယ်…
အမြဲတမ်း အလင်းရောင်တွေကို ပေးခဲ့တဲ့ ဖေဖေ
ခဏပဲ ဖြစ်ဖြစ်လွမ်းခွင့်တော့ ပေးပါ…
ဟိုး ငယ်ငယ်တုန်းကလဲ ဖေဖေ့ မျက်နှာ
ကမ္ဘာလုပ်ပြီး ပတ်သွားနေခဲ့ဖူးတယ်…
ခု တစ်ယောက်တည်း လျှောက်သွားရတဲ့အခါ
သမီးခြေလှမ်းတွေ အလဲလဲ အပြိုပြိုနဲ့
အားတင်းထားရတယ်ဖေဖေ…
ကျွန်မစိတ်ဓါတ်တွေ တစ်စစီ ပြိုကျပျက်စီးရင်လဲ
ဖေဖေပဲ တစ်စစီ ပြန်ကောက်ဆက်လို့
သမီးကို ပြန်ကောက်တပ်ပေးဖူးတာ သမီးမေ့မရပါ …
ကျွန်မ အသက်တွေသာ ကြီးလာတယ်…
စိတ်ဓါတ်တွေ မရင့်ကျက်နိုင်တဲ့ သမီး တစ်ယောက်ကို
ဘယ်နေရာရောက်ရောက် စိတ်မချတတ်တာ
ဖေဖေ့ အမှားမဟုတ်ပါ…
အသက်တွေ ကြီးလာပြီး
စိတ်ဓါတ်တွေ မရင့်ကျက်တဲ့ သမီးကလဲ
ဖေဖေ့ ရှေ့ရောက်ရင်
လောကကြီးအကြောင်း မသိတဲ့
ပီဘိ ကလေးငယ်လေးပါ…
ဖေဖေကလဲ ခွင့်လွှတ်အပြုံးတွေနဲ့
သမီးကို ရင်ခွင်ထဲမှာထား
ဆံပင်လေးကို သပ်ပေးလိုက်တဲ့အခါများ
လောကကြီးက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင်
သာယာနေပြန်ရော ဖေဖေ …
ဘယ်နေရာတွေပဲ ရောက်ရောက်
ဘယ်လောက်ကောင်းတဲ့ အစားတွေပဲ စားစား
ဘယ်လောက်ကြီး တိုးတက်ပါတယ်ဆိုတဲ့ ကမ္ဘာကိုပဲ သွားရပါစေ …
ဖေဖေ ရင်ခွင်လောက် သာယာပြီး လုံခြုံနိုင်တဲ့နေရာ
သမီး ရှာလို့ မတွေ့သေးပါ ...
မှတ်မိနေသေးတယ်ဖေဖေ…
ဟိုး….. မြို့ငယ်လေးဆီကနေ
လောကကြီးအကြောင်း ဘာမှမသိတဲ့
သမီး ကျောင်းသွားတက်တော့
စိတ်မချတဲ့ မျက်လုံးအစုံ
မျက်ရည်တွေ ၀ဲနေတာ
မြင်ယောင်နေတုန်းပဲ… ဖေဖေ
အဲလိုပဲ ဖေဖေ ခင်းပေးတဲ့ လမ်းပေါ်လျှောက်ရင်း
ဖေဖေ ဖြစ်စေချင်တဲ့ ပညာတတ် နံမည်လေးရလို့
အလုပ်ခွင်ထဲ ရောက်လို့ သွားပြန်တော့လဲ
ဖေဖေ့ရဲ့ မျက်လုံးထဲက အရင်တုန်းကလိုပဲ
မပြောင်းမလဲ စိတ်မချတတ်နေတုန်းဆိုတာ
သမီး သိနေတယ် … ဖေဖေ
သမီးကို မရိုက်ရက်ခဲ့တဲ့ဖေဖေ
လောကဓံရိုက်ချက်တွေ ခါးစည်း ခံနေရတော့
ရင်ထဲ မချိအောင်ပဲ… ဖေဖေ
မချိပေမဲ့ ဖေဖေ
လူတိုင်း တစ်နေ့ သွားရမဲ့လမ်း
ဖေဖေ့ သမီးဆိုတဲ့ ပီဘိကောင်မလေး
ပိုလို့ မစွမ်းတာ ခွင့်လွှတ်ပါ … ဖေဖေ...
ခုတော့ သမီးတစ်ယောက်တည်း
ဖေဖေမပါပဲ လျှောက်တဲ့လမ်း
ဆူးခင်းလမ်းကို ကြုံလဲ ပြုံးပြုံးလေးနဲ့ ဟန်လုပ်လို့
ဖေဖေ သင်ပေးထားတဲ့
လောကနီတိလေးကို ရင်မှာထား
သမီး လျှောက်သွားနေရတယ်…ဖေဖေ
ပန်းခင်းလမ်းနဲ့ တွေ့တော့လဲ
ဖေဖေပြောတဲ့ ဘ၀မီးပွိုင့်ကြီးကို သတိရလို့
စိမ်းပြီးရင် ၀ါ ၊ ၀ါပြီးရင် နီမှာ သဘာဝမို့
တအား မပျော်ရဲ ခဲ့ပါဘူးဖေဖေ…
စိတ်တွေ ဆောက်တည်ရာမရတဲ့အခါ
ငိုစရာ ဖေဖေ့ရင်ခွင်မရှိတော့ပေမဲ့
ဖေဖေ သင်ပေးတဲ့ လောက သင်ခန်းစာတွေ
ရင်ထဲ ထည့်လို့ လျှောက်သွားနေတတ်ခဲ့ပြီ … ဖေဖေ …
ကဲ … ဒါဆို … ဖေဖေ …
သမီးကို စိတ်မချတဲ့ မျက်လုံးတွေ စုံမှိတ်သွားတဲ့ အခိုက်
ဖေဖေ သွားမဲ့လမ်း အကောင်းဆုံး ဖြစ်မဲ့လမ်းကို
ဖြောင့်ဖြောင့်တန်းတန်း လျှောက်လို့လှမ်းပါ… ဖေဖေ…
သမီးလဲ ဘုရားရှိခိုးတိုင်း ဆုတောင်းလို့
ဖေဖေသွားမဲ့လမ်း ဖြောင့်တန်းပါစေ…
ကောင်းရာ မွန်ရာ ရောက်ပါစေ …
ရှိခိုးဦးခိုက် ကန်တော့လိုက်ပါတယ်…ဖေဖေ


                          ကဗျာထဲက ကျွန်မကို စိတ်မချတတ်တဲ့ ကျွန်မရဲ့ဖေဖေ ကျွန်မကို စိတ်ချလက်ချ ထားပစ်ခဲ့တာ ဒီနေ့ဆို ရှစ်လ တင်းတင်းပြည့်သွားပြီ… ကျွန်မရဲ့ နောင်မှရတဲ့ နောင်တလေး အကြောင်းပါ... ကျွန်မလိုမျိုး မကြုံရအောင်ပါ … ကျွန်မ ဖေဖေ နေမကောင်းဘူးလို့ အိမ်က ဖုန်းဆက်လာတော့ အမြဲတမ်း ကျန်းမာရေး ကောင်းတတ်တဲ့ သူဆိုတော့ အရမ်းကြီးဖြစ်တယ်လဲ မထင်ထားခဲ့ဘူး… ကျွန်မ ဖေဖေက အသက်သာ ၇၅နှစ် ရှိလာတယ် … အဖျားအနာ သိပ်မရှိခဲ့ဘူး… သူ့ကိုယ်သူလဲ အမြဲ လူငယ်လေး တစ်ယောက်လိုပဲ နံနက် မိုးလင်းရင် လ္ဘက်ရည်ဆိုင်လေး ထိုင်လိုက်ရမှ ( အိမ်က ဘယ်လောက်ကောင်းတဲ့ ကော်ဖီမျိုးပဲ ဖျော်ဖျော် ဆိုင်က လ္ဘက်ရည်ကမှ ပိုပြီး အရသာရှိတာလို့ ထင်တတ်သူပါ..) လ္ဘက်ရည်ဆိုင် ထိုင်တဲ့ အရသာကိုပဲ ကြိုက်တာလား … လ္ဘက်ရည်ကိုပဲ ကြိုက်တာလား ကျွန်မ သေချာမသိခဲ့ဘူး… ကျွန်မ သိတာတော့ ကျွန်မရန်ကုန်ကို ပြန်ရောက်တဲ့ အချိန်တိုင်း လ္ဘက်ရည်ဆိုင်ထိုင်ဖို့ မဲဆွယ်လေ့ ရှိတယ် .. ရန်ကုန်မှာ တစ်နေရာရာ မသွားလိုက်နဲ့ .. သွားလိုက်လို့ ဘယ်မြို့နယ်ထဲက Lucky Seven လ္ဘက်ရည်ဆိုင်ပဲ တွေ့တွေ့ ထိုင်လိုက်ချင် သေးတယ် … ဆူးလေ နား အကြောင်းကိစ္စ ရှိလို့ သွားရင်လဲ မင်္ဂလာ လ္ဘက်ရည်ဆိုင်ထိုင်ရအောင် ဆိုပြီး မမေ့မလျော့ သတိပေးတတ်တယ် … (အဲဒီလောက် လ္ဘက်ရည်ဆိုင် ထိုင်ချင်သူ) နေမကောင်း ဖြစ်နေတဲ့ ကြားကတောင် လ္ဘက်ရည်ဆိုင် သွားချင်တယ် ပြောလို့ ကျွန်မရဲ့ အစ်မနဲ့ သူ့မြေးကို ခေါ်ပြီး ရွှေဂုံတိုင်က “Lucky Seven” လ္ဘက်ရည်ဆိုင် သွားပြီး ပြန်လာလို့ အိမ်လဲ ရောက်ရော မူးလဲ သွားတာ သတိလစ် သွားခဲ့တယ်တဲ့ … အဲဒီ အချိန်ထိလဲ ကျွန်မ မရောက်သေးဘူး… မနက်ပိုင်းဖြစ်လို့ ဖုန်းဆက်ပြီး ညပိုင်းကျ သတိပြန် ရလာတော့ သိပ်စိတ်မပူခဲ့မိဘူး … နောက်နေ့ ကျလဲ ကျွန်မနဲ့ ဖုန်း ပြောနိုင်သေးတယ် ဆိုတော့ ကျွန်မလဲ ခပ်ပေါ့ပေါ့ ပေါ့… ကျွန်မ အစ်မတော် တွေကိုတော့ မပေါ့ဖို့ ဆေးခန်း သွားပြဖို့တွေ တိုက်တွန်းရင်းနဲ့ ဖုန်းနဲ့ပဲ ကျွန်မ မှာနေခဲ့မိတယ် … ဆေးခန်း သွားပြတော့ လိုအပ်တာတွေ စစ်ဆေးပြီး ဆရာဝန်က ဆေးရုံတက်ဖို့ တိုက်တွန်းပါတယ် … ဖေဖေကလဲ ကျွန်မ အဖေပီပီ ခေါင်းမာစွာနဲ့ ပေကပ်ပြီး မတက်ခဲ့ဘူး… အိမ်မှာ ဆေးသောက်ရင်းနဲ့ မသက်သာပဲ သူ့ဝေဒနာတွေ နာကျင်တဲ့အခါ ညဆို မအိပ်နိုင်ပဲ ကယောင်ကတန်းတွေ အော်နေခဲ့တယ်ဆိုပြီး အိမ်က ဖုန်းဆက်လာပါတယ် …(ကျွန်မကို ဒုက္ခများတယ် .. မမှာနဲ့လို့ ပြောတဲ့ ကြားထဲက ) ကျွန်မ အစ်မက လာရင် ကောင်းမယ်ဆိုမှ အလုပ်တွေ ကမန်းကတန်း ဖြတ်ပြီး ရောက်သွား ပါတယ် … ကျွန်မရောက်တယ် ဆိုရင်ပဲ ရောက်ကြောင်း ပြောပြီး “ ဖေဖေ ဆေးရုံတက်မှ ဖြစ်မယ် … အိမ်မှာ ဒီလို ဝေဒနာကြီးကို ခံစားနေလို့ ဘယ်ဖြစ်မလဲ … ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသ မှုတွေ ခံယူလိုက်မှ နေကောင်းမှာပေါ့ ” ဆိုပြီး ကျွန်မ ပြောတော့ နှစ်ခွန်း မတိုက်တွန်းလိုက်ရဘူး … ချက်ချင်း တက်မယ် ဆိုတော့ သင်္ကန်းကျွန်း စံပြဆေးရုံကြီးမှာ တင်ဖြစ်တယ် … ဆေးရုံ ရောက်တဲ့ညပဲ သတိလစ်သွားလိုက်တာ ဆရာဝန်တွေ အတော်ဂရုစိုက်ပြီး ကုသလိုက်တာ နှစ်ရက်လောက် နေတော့ ပြန်သတိရလာပေမဲ့ တစ်ခါတစ်လေလဲ ကျွန်မတို့တွေကို ကောင်းကောင်း မသိသလိုပဲ … ကျွန်မရဲ့ အစ်မကလဲ မောင်နှမတွေ အကုန်စုံလင်စွာ ရောက်လာကြပေမဲ့ မပြောနဲ့ …ဘယ်သူဘယ်ဝါ ဆိုတာတွေကို … ခုချိန်မှာ ဘုရားစာရွတ်ပေး ၊ ဘုရားတရားကြောင်းပဲ ခေါင်းထဲ ရောက်ပါစေဆိုလာတော့ သူပြောတာလဲ မှန်ပါတယ်ဆိုပြီး ဘာမှ ပြောဖို့ အခွင့်အရေး မရှိခဲ့ဘူး … စံပြဆေးရုံကလဲ သူတို့အပိုင်းက ဒါလောက်ပဲ တတ်နိုင်တယ် … ရန်ကုန် ဆေးရုံကြီးမှာ ထပ်သွားပြပါ ဆိုလာတော့ ကျွန်မတို့ ရန်ကုန်ဆေးရုံကြီးကို ရွှေ့ခဲ့ရပြန်တယ် … အဲဒီမှာ ဆေးသွင်း ဆေးတိုက်နေရင်း တစ်ပါတ်လောက်နေတော့ ကျွန်မတို့ကို စိတ်ချလက်ချ ထားပြီး ထွက်သွားခဲ့ပြီ … အဲလိုနဲ့ ရန်ကုန်မှာ ဆေးရုံတက်တာ နှစ်ပါတ်လောက်နဲ့ ရက်လည်ပြီးလို့ လလည်ဆွမ်းသွတ်တဲ့ အထိနေလိုက်တာ နှစ်လလောက် ကြာသွားတယ် … အဲဒီ နှစ်လကို ဖေဖေရှိနေတုန်း နေမကောင်းစ ဖြစ်ကတည်းက သွားလိုက်ရင် ကျွန်မဖေဖေနဲ့ စကားတွေ ပြောရအုံးမှာ … ခုတော့ ကျွန်မပေးတဲ့ အချိန်နောက်ကျလို့ စကားပြောခွင့် မကြုံခဲ့ဘူး.. အကြောင်းပြချက် ကတော့ အလုပ်မအားလို့ဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့ … စဉ်းစားကြည့်တော့ နောင်တတွေ တပွေ့တပိုက်နဲ့ အလုပ်ဆိုတာ ကိုယ်မသေမချင်း လုပ်ရမဲ့အရာပဲ ဆိုတာ နားလည် လိုက်ရတယ် … အချိန်ကာလကို မခွဲခြမ်းတတ်တော့ နောင်တဆိုတဲ့ အရာတွေကိုပဲ လက်ခံ ရရှိလိုက်ရပါတယ် … ( ကျွန်မဖေဖေ ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်းရင်း….. သီတင်းကျွတ် အခါသမယမှာ ပိုလို့ သတိရနေမိတယ်…)

ပုံလေးကို  ဒီဆိုက် ကနေ ကူးယူအသုံးပြုပါတယ် ..

12 comments:

k said...

အကျိုးအကြောင်း အခုမှသေချာသိရတယ်။
စိတ်မကောင်းပါဘူး သူငယ်ချင်း...။
လင်းရဲ့အဖေနဲ့အချိန်ကာလ တစ်ခုတော့ စကားပြောခွင့် ၊ ပြုစုခွင့်ရလိုက်သေးတာပဲ၊ နောင်တ မရပါနဲ့။

ခွန်သဒ္ဒါ said...

ဘာပြောရမှန်းတောင်မသိတော့ဘူး
မလင်းရယ်.......
အစ်မက နောက်ဆုံးအချိန်မှာ အနားမှာနေလိုက်ရတာ
အများကြီးကံကောင်းတယ်လို့ထင်ပါတယ်။

လင်းငယ် said...

ဟဲဟဲရပြီ။ မန့်လို့။ စိတ်မကောင်းပါဘူး။ သေဆုံးခြင်းဆိုတာ ဒီဇာတိချုပ်လို့ နောက်ဇာတိ ပေါ်သွားတာပါပဲ။ ဖြစ်ခြင်းပျက်ခြင်းသဘောတရားပေါ့လို့ပဲ နှလုံးသွင်းထားလိုက်ပါ။ ဒီဘ၀မှာ တွေ့ကြုံမဲ့ ရေစက် ကုန်သွားလို့လို့ပဲ မှတ်လိုက်ပါ။ နောက်ပြီး အဖေနဲ့ ကိုယ်နဲ့ တွေ့ပြီးစကားပြောဖို့က ဒီလောက်လေးပဲ အချိန်ရမယ့် အကြောင်းရှိခဲ့လို့လိုပဲ ဖြေသိမ့်လိုက်ပါ။

ဝက်ဝံလေး said...

အပေါ်က ကေ ပြောသလိုပဲ ပြုစုခွင့်ရလိုက်ပါတယ် အဲလိုပဲ သတ်မှတ်လိုက်ပါ လင်းရယ်

ဝံလေးလဲ ဘာအားပေးရမှန်းတောင်မသိပါဘူး

Nyi Nyi said...

ခုမှသိရပေမယ့်ထပ်တူခံစားမိပါတယ်။
အဖေတစ်ယောက်ဆုံးရှုံးတာအလုပ်ဆုံးတာထက်ဆိုးတယ်။အလုပ်ကပြန်ရှာရင်
ရပေမယ့်အဖေဆိုတာပြန်ရှာလို့ရတဲ့အရာမဟုတ်သလို..နှစ်ခါလဲမရ၊ နှစ်ခုလဲမဖြစ်နိုင်တဲ့ပြိုင်ဖက်ကင်းရှိတည်မှုတစ်ခုပါပဲ။ အဖေကိုဒီလိုချစ်တတ်တဲ့သမီးလေးတစ်ယောက်ရှိခဲ့တယ်ဆိုတာနဲ့တင်သူ့အတွက်
လုံလောက်သွားခဲ့ပါပြီ။ ကောင်းရာသုဂတိလားပါစေလိုဆုတောင်းပေးပါတယ်။

နွေဆူးလင်္ကာ said...

စိတ်မကောင်းပါဘူးဗျာ။ အဖေဆိုတာ လူတိုင်းရဲ့ ကောင်းကင်ပါပဲ။ ကောင်းရာသုဂတိ ရောက်ပါစေ။

ချမ်းလင်းနေ said...

အဖေအမေဆိုကတဲက စိတ်ဝင်တစားဖတ်လိုက်တာ။အခုတော့ ရင်ထဲတစ်ဆို့ဆို့နဲ့ ကျွန်တော်လဲ ခံစားဖူးတော့ ဒီဝေဒနာကို နားလည်တယ်။အဖေပဲဖြစ်ဖြစ် အမေပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးဆို ရင်ထဲမကောင်းဘူးဗျာ။ ကောင်းရာဘုံဘဝရောက်ပါစေဗျာ။

လင်းကြယ်ဖြူ said...

ဖတ်ပြီး တော်တော်လေး ခံစားရပါတယ်..ကိုယ်ချင်းလည်းစာမိပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် မိဘကို သတိတရ ရှိရင်း ခံစားချက်တွေနဲ့ ဂါရ၀ပြုတာ
ကောင်းတယ်...
ညီမ ဖေဖေ လည်း ကောင်းရာမှာ စံစား ခံစား နေမှာပါ..သေချာပါတယ်..
သမီးဖြစ်သူရဲ့ စေတနာကောင်း ကုသိုလ်မြတ်တွေကြောင့်ပေါ့...
အားလုံး အဆင်ပြေ ပါစေခင်ဗျာ..
လေးစားစွာ

maylay said...

လင်းရေ ဖေဖေဆိုတာ ဟုတ်တယ် ကိုယ့်တို့ရဲ့ကောင်းကင်ကြီးပါပဲ။ လင်းရဲ့ဖေဖေ ကောင်းရာ မှာ စံနေရမှာပါ။ လင်း လုပ်ပေးနိုင်ခဲ့တယ်။ လင်း နောက်ထပ်ပြီး လုပ်ပေးနိုင်သေးတယ်နော်။ လုပ်ပေးပါ။ ဖေဖေ ရရှိခံစားပါစေ။ ဖေဖေ့အတွက်ရည်စူးပါ။ ဖေဖေ့ကို ဒီလောက်ချစ်တဲ့သမီးရှိခဲ့တာ ဖေဖေ့အတွက် ပြည့်စုံမှာပါ။

ဏီ(န်)ကင်း said...

ခံစားသွားပါတယ်။ကျွန်တော်လဲအဖေသံယောဇဉ်ကြီးသူတစ်ယောက်ပေါ့။ အဖေနဲ့အမေဆိုရင် အဖေ့နဲ့ပိုအဆင်ပြေတယ်။ နားလည်မှုပေါ့ဗျာ စကားမစပ်
ကျွန်မ အသက်တွေသာ ကြီးလာတယ်…
စိတ်ဓါတ်တွေ မရင့်ကျက်နိုင်တဲ့ သမီး တစ်ယောက်ကို
ဘယ်နေရာရောက်ရောက် စိတ်မချတတ်တာ
အဲဒိအပိုဒ်မှာဘာလို့ ကျွန်မ ဆိုတာကိုသုံးထားတာလဲ ။ သမီးလို့ပဲသုံးရင် စာမထောက်တော့ဘူးလားလို့ပါ။

လေးစားစွာဖြင့်

ဏီ(န်)ကင်း

အိမ် said...

အဖေ့အတွက် စိတ်မကောင်းပါဘူးဗျာ.. တကယ်တော့ ကျနော်တို့လဲ တနေ့ အဲဒီလမ်းကို လိုက်ရမှာပါပဲ....။ ဒါပေမဲ့ အစားထိုးမရတဲ့သူ ဆုံးရှုံးတာတော့ ကိုယ်ချင်းစာမိပါတယ်ဗျာ။

သားကြီး said...

စိတ်မကောင်းဘူး လူတိုင်းမှာအဖေဆိုတာရှိခဲ့ကြတယ် အဲဒါကြောင့်
အဖေတစ်ယောက်ရဲ့ဆုံးရှုံးမှုကိုထပ်တူခံစားရတယ်
အခုလူ့သက်တမ်းဟာသိပ်တိုတောင်းပါတယ်
၇၅နှစ်တိတိနေထိုင်သွားနိုင်ခဲ့တာညီမလေးတို့ဖေဖေကံကောင်းတာပါပဲ
ညလေးတို့ဖေဖေကောင်းရာသုဂတိလားပါစေ