Wednesday 9 December 2009

အဖြူရောင် သံစဉ်များ အပိုင်း (၃)

                        
                         ကျွန်မသူငယ်ချင်းလေး “K” အကြောင်းပေါ့ …“K” က ကျွန်မပေးထားတဲ့ Nick Name မဟုတ်ဘူး … သူ့ဘာသာပေးထားတာ … ပေးရတဲ့ အကြောင်းကလဲ သူ့မှာ ဘလော့ဂ်မရှိတာမဟုတ် … ရှိပါတယ် … ဒါပေမဲ့ စာရေးဖို့မဟုတ် စာဖတ်ဖို့အတွက် များလှစွာသော လင့်များကို ချိတ်ပြီး တစ်နေ့ တစ်နေ့ အသစ် တက်လာသမျှ ဘလော့ဂ်တိုင်းနီးနီးကို အပြေးအလွှားသွားဖတ်နိုင်တဲ့ အထိ စာဖတ်အားကောင်းသူပါ … တစ်ခါတစ်လေလဲ ဖတ်ပြီး ပေါက်ကရတွေလဲ မန့်တတ်သေးသမို့ ဘလော့ဂ် မရေးပေမဲ့ သူ့ကို သိနေကြ ပါတယ် … ပြီးတော့ ကျွန်မရဲ့ “K” က ning site တစ်ခု မှာတော့ ပို့စ်အနဲအပါးရေးပြီး လူသိများလို့မို့  နေရာတကာ ပါလေသူကြီး ဖြစ်မှာ ကြောက်တာမို့ “K” နံမည်ပေးပြီး လာနေတာပါ …

                        ကျွန်မ ဘလော့ဂ် ရေးဖြစ်သွားတဲ့ အကြောင်းအရင်းကလဲ သူ့ကြောင့်ပါ … ကျွန်မ စာတွေ မရေးရေးအောင် သူရေးတဲ့ ပို့စ်တွေထဲမှာ ကျွန်မကို သတင်းမှားတွေနဲ့လဲ ဖွတတ်သေးတယ် … ကျွန်မကျောင်းတုံးကတည်းက စာတို ပေစ ပေါက်ကရတွေ ရေးလေ့ရှိတော့ တစ်ခုခုဆို အဲဒီဆိုဒ် ပေါ်မှာ ကျွန်မရေးခဲ့တဲ့ ကဗျာတွေ တင်လိုက်ရမလား ဆိုတာနဲ့ချည့် ခြိမ်းခြောက်လေ့ ရှိတယ်… အဲလိုပြောလာတိုင်း ကျွန်မရေးခဲ့ဖူးတဲ့ ပေါက်ကရ အပိုင်းအစတွေကို မမှတ်မိလေတော့ ကြက်သီးထမိတာ အခါခါ … သူ့ပို့စ်တစ်ခုမှာ ကျွန်မကို ကောင်းကောင်း နှိပ်ကွပ်ထားတာလဲ ရှိသေး … အဲလိုတွေ ဆိုတော့ ကြောက်ရတယ် ပြောပါတော့ … (လက်သံ ကိုယ့်ထက်ပြင်းလေတော့ …) အမှန်တော့ ကျွန်မကို စာပြန်မရေး ရေးအောင် လုပ်နေခဲ့တာပါ … ကျွန်မသူ့ကို အဲလိုတွေ ရေးရပါ့မလား သွားအော်လေတော့ သူက ကျွန်မ စာပြန်ရေးအောင်လို့ stimulate လုပ်နေခဲ့တာပါတဲ့ …

                       အဲလိုနဲ့ ကျွန်မလဲ အဲဒီ ning site မှာ စာအနဲအကျဉ်း ရေးဖြစ်သွားတယ် … ရေးမိ လာတော့ တဖြည်းဖြည်းနဲ့ ဘလော့ဂ်လေး ရေးချင်စိတ်ပေါ်လာတာနဲ့ မှတ်မှတ်ရရ သူ့မွေးနေ့အမီ ပြင်ဆင်ရင်း Birthday Wish ပို့ရင်းကနေ ကျွန်မလင့်ကလေးကို ပို့လိုက်တော့ အားရ၀မ်းသာနဲ့ အားပေးရှာတယ် … ကျွန်မက စာရေးချင်လို့ ရေးတာကလွဲရင် ဘာမှ မသိခဲ့ဘူး … ဘလော့ဂ်ပေါ်မှာ သူက ကျွန်မ လင့်ကို ချိတ်ပြီိး လည်ပေးနေခဲ့သေးတာ … ကျွန်မ စီဘောက်စ်မှာ ဟိုလူ ဒီလူ ပြန်လာအော်တော့ ကိုယ်က ဘာမသိ ညာမသိ ကြောင်တောင်တောင်နဲ့ … အဲဒီကျမှ စကားတွေ အချိတ်အဆက်မမိတော့ပဲ သူပြောတာ ကိုယ်မသိ ကိုယ်ပြောတာသူမသိတွေ ဖြစ်ကုန်တဲ့ အထိ … (သူ့စေ တွေက ကိုယ့် ဝေတွေ ဖြစ်ကုန်ရော …) အဲဒါကြောင့် ကျွန်မသူငယ်ချင်းလေး “K” က ဒီဘလော့ဂ် ရဲ့ ဇာတ်လိုက်ကျော်ဆိုလဲ မမှားဘူး … ဘာပဲပြောပြော ကျွန်မကို ထွက်ပေါက် ကလေးရှာပေးတဲ့ အတွက်ရော နားခိုစရာ အိမ်လေးတစ်လုံး ရှာပေးတဲ့ အတွက်ရော “K” ကို ကျေးဇူးတင်မိတယ်…

                        ဒီသူငယ်ချင်းလေးက ငယ်ငယ်ကတည်းက သူငယ်ချင်း မဟုတ်ခဲ့ပေမဲ့ သူနဲ့လဲ စိတ်တူ ကိုယ်တူလေးတွေ အများကြီး ရှိခဲ့တယ် … ဆယ်တန်းအောင်ပြီး ယောင်လည်လည်နဲ့ ရောက်လာရတဲ့ ကျောင်းမှာ သူက ဆရာကြီးလုပ်ပြီး သြ၀ါဒခြွေခဲ့တာတွေကိုလဲ အမှတ်ရနေမိတယ် … ကျွန်မပြောခဲ့သလို ယောက်ကျားလေးကျောင်းမှာ ကျောင်းသားနဲ့ ကျောင်းသူကို သူအချိုးချထားတာ ရှိတယ် …7:1 ဆိုပဲ … အဲဒီတော့ Lab အခန်းထဲ ၀င်တဲ့အခါဆို လူခွဲလိုက်ရင် ယောက်ကျားလေး 7ယောက်ကြားမှာ မိန်းကလေး ကိုယ် တစ်ယောက်ပဲ ပါနေခဲ့လေတော့ မျက်စိသူငယ် နားသူငယ်နဲ့ ပေါ့ … အဲဒီ အချိန်တွေတုံးက Lab အခန်းထဲ မှာ ကွန်ပျူတာဆိုတာ မြင်သာမြင် မကြင်ရတဲ့ဘ၀ … ကိုရွှေသကောင့်သားတွေ ကြားလဲ ကိုယ်က မတိုးနိုင်ဘူးကိုး … အဲဒီတော့ “K” က ပြောတယ်… ကျောင်းတက် တဲ့ အချိန်မှာ အကုန်လုံးကို ရိုသေသမှုနဲ့ ကိုတွေ မတွေ တပ်ခေါ်မနေ နဲ့ … ခပ် တည်တည်နဲ့ နင် ၊ငါ နဲ့ သာချ … ဒါမှ ပို ရင်းနှီးပြီး ကိုယ်လဲ သိပ်ပြီး အနေမခက်စေဘူးပေါ့တဲ့ … သူပြောခဲ့တာမှန်တယ် … ကျွန်မတို့ကျောင်းမှာ ဒါလောက် ယောက်ကျားလေး များတာ အားလုံးကလဲ ကိုယ့်ထက် အသက်ကြီးသူက ခပ်များများ … ကျွန်မတို့နှစ်က မိန်းကလေးတွေက ဆယ်တန်းအောင် ပြီးကာစ တကယ့်ကို ဘာမသိညာမသိ လူကောင်သေးသေးတွေ ချည့်မို့ … နောက်ပိုင်း တရင်းတနှီး ရှိလာကြတဲ့ အခါ ကျွန်မတို့ မိန်းကလေးတွေကို ကျောင်းက ယောက်ကျားလေး အများစုကလဲ စ စရာ သတ္တ၀ါလေးတွေလိုပဲ သဘောထားခဲ့တာ … ကိုယ့်ထက်ပုပု သေးသေးဖြစ်နေခဲ့တဲ့ ခု ဒေါက်တာ မမကြီး ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို အဲဒီအချိန်ကဆို မူကြို လာတက်တာလား စခံရတဲ့ အထိ … ကျောင်းတုံးက ဓါတ်ပုံတွေ ပြန်ကြည့်မိတော့လဲ အဟုတ်ကို အထင်ကြီးချင်စရာ ကောင်းမနေခဲ့တာ အမှန် … အဲဒီတုံးက စတိုင်လား … ကိုကိုကြီးတွေကို ကြောက်နေခဲ့တာလား မသိ … ကျွန်မတို့ မိန်းကလေး အားလုံး ရှပ်အင်္ကျီ တဖားဖားနဲ့ လွယ်အိတ်စလွယ်သိုင်း တွေနဲ့ မိတ်ကပ်ဆိုတာ ဝေလာဝေး သနပ်ခါးပါတဲ့ မျက်နှာက ခပ်ရှားရှား … ( အဲဒီတော့ … ကျွန်မရဲ့ “K” ပြောပြောနေခဲ့တဲ့ ရွာနားက ချောကလက် ရွာသား မစားချင်တာလဲ အပြစ်မဟုတ်ပါ …)

                          “K” နဲ့ ကျွန်မ Roll No. ကပ်လျက် မွေးနေ့လဲ နှစ်ရက်ပဲ ကွာတာမို့ ကျောင်းမှာ မွေးနေ့ပေါင်းလုပ်ဖူးတာလဲ သတိရနေမိတယ် … သီချင်း ကြိုက်တာ ကဗျာတွေ စာတွေ ကြိုက် တာလဲ တူနေခဲ့တာမို့ အဆက်အသွယ်ပြန်ရ ကြတော့လဲ ဘယ်တုံးကဘယ်လိုဆိုပြီး ပြောကြရတာ အမော … “K” တို့နဲ့လဲ အဆက်အသွယ်ပြတ်သွားလိုက်တာ ဆယ်စုနှစ်ကျော် … အဆက်အသွယ်မပြတ် ပြန်တွေ့ ကြတာ ပြီးခဲ့တဲ့ လေးလပိုင်းကမို့ တစ်နှစ်တောင် မပြည့်ချင်သေး …

                         ကျောင်းတုံးက ကျွန်မပေါက်ကရရေး ထားမိတဲ့ စာတိုလေးနဲ့ အတူ သူကပြန်ရေး ထားတဲ့ စာတိုလေး တစ်စောင်ကို စာအုပ်တစ်အုပ်ကြားက ပြန်တွေ့တယ် …95 ခုနှစ်ကစာလေးမို့ 14 နှစ်လောက်ကြာပြီ ဖြစ်တဲ့ စာကလေးကို တွေ့တော့ အံ့သြော ၀မ်းသာမိတယ် … ကလေးလက်ရေးလေး တွေနဲ့မို့ ခုတွေ့တော့ scan ဖတ်ပြီး အမှတ်တရ တင်ထားချင်တာ ဒါပေမဲ့ လောလောဆယ် scanner ကလဲ ပျက်နေတာမို့ အဆင်ပြေမှ ပြန်တင်မယ် …(အဟဲ ဖြတ် ၊ ညှပ်၊ ကပ် လုပ်ပြီးမှပါ… မကြောက်ပါနဲ့ သယ်ရင်းရယ် …) ကျွန်မ ပိုက်ပိုက်ကုန်သွားတဲ့ အကြောင်းနဲ့ ဘယ်သယ်ရင်းနဲ့ ဘာဖြစ်တာကို စိတ်ညစ်ပြီး ရေးထားမိမှန်းမသိတဲ့ စာတိုလေး … သူက တွေ့ပြီး ပြန်ရေးထားတာ သူ့ကြောင့်လား ဆိုပြီး သူ့ကြောင့် မဟုတ်ရင်လဲ ဘယ်သယ်ရင်း ကြောင့်လဲ ပေါ့ ... မျှဝေခံစားပေးမှာပေါ့တဲ့ … ပိုက်ပိုက်ပြတ်တာကတော့ စိတ်မပူပါနဲ့တဲ့ … မြန်မာ စကားပုံ တစ်ခု ကြားဖူးတယ်မို့လားတဲ့ “လူတော် နဲ့ ငွေ .. အတူ မနေ ” ဆိုပဲ … အဲလို ကျွန်မကို ရှာကြံပြီး နှစ်သိမ့်အားပေးတတ်တဲ့ သယ်ရင်းလေးပါ …

                        ခုပြန်တွေ့ကြတော့လဲ ကျွန်မရဲ့ စာရေးခြင်း အပေါ်မှာရော ကျွန်မ စိတ်ညစ်တတ် ခြင်းတွေ အပေါ်မှာရော တစ်ချိန်ကုန် အားပေးခဲ့တဲ့ သယ်ရင်းလေးမို့ ကျေးဇူးလဲ တင်မိသလို အမြဲလဲ လွမ်းနေမိပါကြောင်း …. (ကောင်းတာလေးတွေပဲ ရွေးရေးချင်စိတ်ပေါ်ပါစေ .. ဆိုလို့ ဒီတစ်ခါတော့ သနားသဖြင့် ဘာမှ မဖွသေးပါ … နောက်မှ အလျင်းသင့်သလို ပေါ့ …..)

7 comments:

Anonymous said...

ဟူး................
တော်ပါသေးရဲ့၊ :P
ငါ့အကြောင်းဆိုးဝါးတာတွေမရေးလို့၊

K

မောင်သီဟ said...

အစ်မရေ ဖွသာဖွဗျာ ဖတ်ချင်လို့း)
အစ်မသယ်ရင်းကို အနော်ခင်ချင်တယ်လို့ပြောပေးပါ
း) ပျော်ရွှင်ကြပါစေဗျာ

ညလင်းအိမ် said...

အစ်မလင်း သူငယ်ချင်းတွေက တော်တော်ခင်ကြတယ်နော်...

နောက်တယောက်အကြောင်းဖတ်ဖို့ စောင့်နေမယ်...

လင်းကြယ်ဖြူ said...

သူငယ်ချင်း K ဆိုသူရော
မလင်းကြယ်စင် ရော
ပျော်ပါစေခင်ဗျာ..
မိတ်ဆွေဆိုတာထက် ပိုတဲ့
ရင်ဘတ်ချင်းတူ သူငယ်ချင်းများပေါ့
အားကျစရာပါပဲ...

khun said...

မရေ
စိတ်တူကိုယ်တူ ရင်ဘတ်ချင်းတူတဲ့
သူငယ်ချင်းရှိတာကောင်းတယ်နော်....
သူ့ကိုယ်မသိ ကိုယ့်သူမသိနဲ့
ဘယ်သူ့ကိုမှ စိတ်လွတ်ကိုယ်လွတ်
မယုံရဲတဲ့ အဝေးနေရာမှာ
အဲ့လိုသူငယ်ချင်းမျိုးတွေက
အရမ်းတန်ဘိုးရှိတယ် မရယ်......

အမြဲပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

Anonymous said...

အကုန်နီးပါတူတယ်ဆိုတော့ အင်္ဂလိပ်ပြောရရင်တော့ ဂျပ်အုံးလီးဝမ်းစတပ် ပဲလိုတော့တယ်.. ဟိ အချွန်နဲ့ မသွားတယ်။
အဲဒီလိုမှ မဖြစ်ချင်ရင်လဲ ပြော ဒီမှာလဲ အားနေတယ်.. ဟီးဟီး...။

~ဏီလင်းညို~ said...

လင်းရေ..
ုk ကလည်းခင်စရာကောင်းတယ်နော်...။ လင်းတစ်ကယ်ကံကောင်းတယ်...။ သူငယ်ချင်းကောင်းတော်တော်များများနဲ့ တွေ့ခဲ့ရတာ...။ ကျွန်တော်ဆိုရင်ဖြင့်...အဟင့်..(ပြန်တွေးရင်းနိုချင်တွားပျံဘီ...)
ဘာတဲ့ “ရွာနားက ချောကလက် ရွာနွားမစား”...တဲ့ ဟုတ်လား...။ မှတ်သားစရာပဲ...။ (ချောကလက်ဆိုတာ မည်းမည်း သည်းသည်းလေးတွေနော်...၊ လင်းတို့ရော...???..... အဟီး...)
ခင်မင်တဲ့
ဏီလင်းညို