Thursday 20 August 2009

စူးမိတဲ့ဆူးများ

ကျွန်မရင်ထဲမှာ ဆူးတစ်ချောင်း ပြီး တစ်ချောင်းစူးဝင်နေခဲ့တယ်... ဆူး ဆိုတာမျိုးက မစူးခင်က မစူးမိစေတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်... စူးမိပြီးရင် အတိမ်အနက်ပေါ် မူတည်လို့ နာကျင်မှု အနဲအများပဲ ကွာလိမ့်မယ်ထင်တယ်... စူးတုန်းကတော့ အမှတ်တမဲ့ရယ်ပါ... ကျွန်မ ဖတ်ဖူးတဲ့ အမှတ်တမဲ့ဆူးလေး လိုပါပဲ... တချို့လဲ ဖတ်ဖူး သိဖူးပြီးသားပေမဲ့ ကျွန်မအတွက်တော့ စဉ်းစားစရာတွေနဲ့ အလေးအနက် ထားစရာလေးမို့ ပြန်ထည့်ရေးဖြစ်ပါတယ်...ဘာလို့လဲဆို ကျွန်မရင်ထဲမှာတော့အဲလိုအမှတ် တမဲ့ဆူးတွေက ဘယ်နှကြိမ် ဘယ်နှခါမှန်း မသိအောင်လဲ ဆူးဝင်ခံရဖူးတယ်လေ... ဒဏ်ရာ တွေလဲ ပြည့်နေခဲ့ရဲ့နဲ့ အမှတ်မရှိ ဒီဆူးတောထဲမှာပဲ ပျော်နေရတဲ့ ဘ၀ဖြစ်နေခဲ့လေတယ်...
--------------------------------------------------------------------------------------------------
ဖတ်ရဖူးတဲ့ အမှတ်တမဲ့ဆူးလေး အကြောင်းပါ...
တစ်နေ့က ကားကို သစ်ပင်တစ်ပင် အောက်မှာ ရပ်ထားမိတယ် ။သစ်ပင်မှာ တွယ်နေတဲ့ ဆူးနွယ်ခြောက်တွေက ကျိုးကျပြီး ကားပေါ်လာတင်နေတယ် ။ ဆူးတွေကို လက်နဲ့ ယူမပစ်ချင်တော့ ကားထွက်ရင် သူ့အလိုလို လျှောကျသွားမယ်လို့ ထင်ပြီး ဆူးတွေကို မဖယ်မိခဲ့ဘူး ။ ဒီနေ့မှာ ခင်ပွန်းက ကားဘီး ဆူးစူးလို့ ပေါက်သွားတဲ့
အကြောင်း လာပြောတော့ ကျွန်မ အံ့သြ
သွားတယ် ။ ခင်ပွန်းက ဆူးကိုပါ နှုတ်ပြီး ကျွန်မကို လာပြတယ်။
ဆူးက တကယ့်သေးသေးလေး.....
ကားဘီးကို ပေါက်အောင်တော့ စူးဝင်နေတယ် ။
ဝပ်ရှော့ သွားပြတော့ ကားပြင်ဆရာက ပြန်ဖာမရနိုင်တဲ့ အကြောင်း ၊ ပြန်ဖာရင်လဲ ဖိအားဒဏ်ကို မခံနိုင်ဘဲ ဘီးပေါက်နိုင်ကြောင်း ၊ ဘီးတစ်ခုလုံး လဲလိုက်ဖို့ သင့်ကြောင်း အကြံပေးပါတယ် ။ စင်တီမီတာ တစ်ဝက်တောင် မရှိတဲ့ ဆူးတစ်ခုက ထူထည်းတယ်လို့ ထင်ရတဲ့ ကားဘီးတစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ် ။ ခင်ပွန်းက ဆူးကိုတွေ့တော့ အမှတ်တမဲ့ ဆွဲနှုတ်လိုက်တာနဲ့ ကားဘီးထဲက လေထွက်သံကို ကြားလိုက်ရသတဲ့ ။ လေယိုတာ နှေးပေမဲ့ လေတွေ အကုန်ထွက်သွားရင် ကျွန်မတို့ ဒုက္ခရောက်
တော့မယ် ။ ဒါကြောင့် လေမလျှော့ခင် ၀ပ်ရှော့ဆီ အမြန်မောင်းခဲ့ရတယ်။
အဲဒီ ဆူးလေး တစ်ချောင်းကို ကျွန်မ
စိတ်ထဲ မှတ်ထားလိုက်ပြီး ဘယ်လောက်ပဲ ခိုင်မြဲတဲ့ ခင်မင်
မှု၊ ချစ်ခင်မှုပဲ ဖြစ်ပါစေသူငယ်ချင်း၊ အပေါင်းအသင်း မိတ်ဆွေ နဲ့ လင်မယားတွေ ကြားမှာ ဆူးစူးနိုင်တဲ့ ပျော့ညံ့တဲ့ နေရာတစ်နေရာတော့ ရှိနိုင်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးလိုက်မိတယ် ။
ကိုယ်ပြောလိုက်တဲ့ စကားက ဘာမှ မဖြစ်ပါဘူးလို့ ထင်ပြီး ဆူးတစ်ချောင်းလို ပေါ့ပေါ့မထား သင့်ဘူး ။ ဘာမှမဖြစ်
လောက်ဘူးလို့ ထင်ထားတဲ့ ဆူးတစ်ချောင်းက ကားဘီးလို ထူထည်းတဲ့
အရာကိုတောင် ထိုးဖောက် ပျက်ဆီးသွားစေ နိုင်တယ်လေ။လူလူချင်း ဆက်ဆံရာမှာ ကိုယ်က ပျော်တတ်၊ ခင်တတ်လို့ အမှတ်တမဲ့ပဲဖြစ်ဖြစ်၊ တမင်သက်သက်ပဲဖြစ်ဖြစ် နောက်ပြောင်လိုက်တဲ့ စကားတစ်ခွန်းက သူတစ်ပါးရဲ့ ပျော့ညံ့တဲ့နေရာ၊ အလေးထားတဲ့ အရာကို တိုက်ရိုက်သွား ထိခိုက်တာနဲ့တူနေတတ်တယ်။ အဲဒီအချိန်မှာ ချစ်ခင်မှုလေတွေ တဖြေးဖြေး လျှော့သွားပြီးနောက်ဆုံး လုံးဝ မရင်းနှီးတော့တဲ့ သူစိမ်းအသွင် ပြောင်းသွားနိုင်တယ်။ ကားဘီးကို အသစ်တစ်ခုလဲလို့ ရသလို သူငယ်ချင်းကိုလဲ အသစ်လဲ ယူနိုင်ပါတယ်။ ဒါပေမဲ့ အဟောင်းနဲ့အသစ်က ဘယ်လိုမှ တူနိုင်တော့မှာ မဟုတ်ပါဘူး။ အနှစ်နှစ် အလလ တည်ဆောက်ခဲ့တဲ့ ချစ်ခင်မှု၊ ကြင်နာမှု တံတိုင်းကြီးကို သေးငယ်တဲ့ ဆူးကြောင့် ဖြစ်ဖြစ်၊ ကြီးမားတဲ့ ဆူးကြောင့်ဖြစ်ဖြစ် မစူးမိစေတာအကောင်းဆုံးပါ။
----------------------------------------------------------------------------------------------------
အကြိမ်များစွာ ဖတ်ပြီးလဲ အဲဒီ အကြောင်းအရာလေးက ကျွန်မအတွက်တော့ တကယ်တန်ဖိုးရှိတဲ့ စာသားလေး တွေပါ...
အဲဒါလေး ဖတ်မိပြီး ကျွန်မအတွေးထဲမှာ ကျွန်မနဲ့ ပတ်သက်တဲ့ သူတွေကြားမှာ မဖြစ်ရအောင် တတ် နိုင်သမျှ ကြိုးစားခဲ့တယ်...
ကြိုးစားရင်းကလဲ မမျှော်လင့်တဲ့ အကြောင်းအရာနဲ့မမျှော်လင့်တဲ့ အဖြစ်အပျက် တွေက နားလည်မှု လွဲမှားတာတွေ ဖြစ်တတ်ပါသေးတယ်... ဖြစ်ခဲ့ရင်လဲ ကျွန်မမှားရင် အချိန်မနှောင်း တောင်းပန်ဖို့
ဝန်မလေးတတ်ခဲ့ပါဘူး...

ဒါပေမဲ့ကျွန်မနဲ့ ရင်းနှီးပတ်သက်သူ တော်တော်များများ ကတော့ ဆူးစူးစေဖို့ဝန်မလေးတတ်ခဲ့ပေမဲ့ တောင်းပန်ဖို့တော့ ၀န်လေးတတ်သူတွေ ဖြစ်နေကြတယ်...
တကယ်တမ်းတော့ တောင်းပန်တယ်ဆိုတာထက်လဲ မတောင်းပန်ရအောင် အလေးအနက် ထားစဉ်းစားပြီး သူများရင်ကို မထိခိုက်စေတာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်...
ကျွန်မအတွက်တော့ စူးတဲ့ဆူးတွေများလွန်းလို ဆူးနဲ့ ကျွန်မဘ၀ နေသားကျနေပါပြီ...
ဆူးနဲ့ကျွန်မဘ၀ကအမှန်တရား ဖြစ်နေခဲ့တယ်...

0 comments: