Monday 8 November 2010

HAPPY BIRTHDAY ' K ' ! (သို့) 5 ကျပ်တန် Birthday Wish

ကျွန်မအိမ်ကလေးပေါ်လာပြီး ရင်မဖွင့်ဖြစ်တာ တော်တော်ကြာသွားပြီ … ဘာရယ်ညာရယ် မဟုတ်ပါဘူး … ခရီးထွက်နေရတာရယ် … မပြီးဆုံးနိုင်တဲ့ တာဝန် ၊ ၀တ္တရားတွေကြားမှာရယ် နစ်မြုပ်နေတာနဲ့ စိတ်ပဲ ရောက်ပြီး လူက မရောက်ဖြစ် … 

ဟိုးတစ်လောက ခရီးထွက်သွားတာ မြန်မာပြည်ထဲက မြို့တစ်မြို့ကို ရောက်နေတယ် … အဲဒီရက် တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ သူငယ်ချင်း “ K ” ရဲ့ မွေးနေ့ကို ရောက်လာတော့ မွေးနေ့ ဆုတောင်းလေး ပို့ချင်တာ … ဒါပေမဲ့ အဲဒီမှာ အင်တာနက်သုံးဖို့ကလဲ အဆင်မပြေ ...

ဒီတော့ ဖုန်းနဲ့ လှမ်းပြောမှ  ဖြစ်တော့မယ် … သူက စလုံးမှာ ဆိုတော့ international call သုံးပြီး ခေါ်ရတော့မယ် … တစ်ခါမှလဲ ပြည်တွင်းကနေ မခေါ်ဖူးတာမို့ ရ ၊ မရလဲ မသိ ၊ ရရင်ရော ဘယ်နှုန်းနဲ့ ဘယ်လို ရှင်းရမှန်း မသိနဲ့ ၊ ဒါပေမဲ့ ရအောင် ခေါ်ပြီး ဆုတောင်းကို လှမ်းပြောချင်မိတယ် … အဲဒါနဲ့ မြန်မာဂျီ နဲ့ ခေါ်လိုက်တာ တန်းကနဲ ၀င်သွားပါတယ် … ဟာ … တယ်ဟုတ်ပါလားပေါ့ … လွယ်သားပဲ … မြန်မာပြည်ထဲမှာ ဆက်သွယ်ရေး ခက်လှ ခက်လှ နဲ့ ဘယ်မှာ ခက်လို့လဲပေါ့ စိတ်ထဲကနေ ကြိတ်ပြီး ချီးကျူးနေမိတယ် … 

ဝင်သွားတော့ “ HAPPY BIRTHDAY ! ’’ ဆိုတာနဲ့ သူလဲ အံ့သြောတကြီးနဲ့ “ Oh ! Thank You ” လို့ ပြန်ပြောပြီး “ ဟေး … နင်ဘယ်ရောက်နေလို့လဲ … ဘယ်ကဆက်နေတာလဲ ” ဆိုတော့ ကျွန်မကလဲ ကျွန်မခရီးထွက်လာတာ အဲဒီမြို့ကလေးကို ရောက်နေကြောင်း ပြန်ပြောပြလိုက်တယ် ဆိုရင်ပဲ … ကျေးဇူးရှင်က သိတတ်စွာနဲ့ “ ဟာ… ဒါဆို ပိုက်ဆံတွေ အများကြီး ကုန်လိမ့်မယ် … ဖုန်းချလိုက်တော့ … နင် နေကောင်းတယ်မို့လား …” “ အင်း … နေကောင်းပါတယ် …” ဆိုပြီး ဖုန်းချလိုက်တာ … 

2မိနစ်နဲ့ 38 စက္ကန့်ဆိုတော့ 3 မိနစ်ပေါ့ … အင်း ဘယ်လောက်ကျမယ်မသိပေါ့ … ဖုန်း Bill လဲ ထွက်လာရော အဲဒီ 3မိနစ်ကို FEC 5 ကျပ်ကြီးများတောင် ကျတယ် … ငွေလဲတာ မြန်မာငွေနဲ့ 5500 နီးပါးလောက် ကျသွားတယ် … ကျွန်မ သူ့ဆီကို ထိုင်းဖုန်းနဲ့ ဆက်နေတာ တစ်မိနစ်ကို တစ်ဘတ်တောင်မကျဘူး … 85ပြားပဲ … မြန်မာငွေနဲ့ ကျပ်30 လောက်ပဲ ကျတယ် ...တစ်ခြား ဘယ်နိုင်ငံပဲ ခေါ်ခေါ်လဲ အဲလောက်ပါပဲ … အိုး … ခုတော့ တစ်မိနစ် ကျပ် 1800 မကဘူး … အင်း … ဒါကြောင့် 5 ကျပ်တန် Birthday Wish လို့ ပြောတာပါ … အဲလောက်တောင် ဈေးကြီးရတယ်လို့ပဲ …

ကဲ … သူငယ်ချင်း “ K ” 

နင့် မွေးနေ့ကို ရောက်လာတာ မှတ်မှတ်ရရ ကျွန်မ အိမ်ကလေး ဆောက်ထားတာ တစ်နှစ်ပြည့်တာနဲ့ အတူတူပဲနော … ဘာလို့လဲဆိုတော့ မနှစ်က သူ့မွေးနေ့မှာပဲ သူ့ကို မွေးနေ့ဆုတောင်းပို့ရင်း ကျွန်မ ဘလော့ဂ်လင့်ကလေးကို လှမ်းပို့ဖြစ်တယ် … 

ကျွန်မရဲ့ ချစ်သူငယ်ချင်းလေး ကျွန်မဘလော့ဂ်လေးနဲ့ အတူ အသက်တစ်နှစ်ကြီးလာပြီး ကျန်းမာ ပျော်ရွှင်စွာနဲ့ တိုးတက်ကြီးပွားနေကြောင်း ကြားရလို့ အတိုင်းမသိ ၀မ်းသာမိပါတယ် … 

5 ကျပ်ပေးရတာ မကျေနပ်လို့ Back Date နဲ့ HAPPY BIRTHDAY ! လုပ်လိုက်ပါတယ် " K " ...

3 comments:

ခွန် said...

မလင်း အတော်ကြီးပျောက်နေတယ်....

မလင်းသူငယ်ချင်းလည်း မွေးနေ့မှာပျော်ရွင်ချမ်းမြေ့ပါစေ..... ;)

Anonymous said...

ငါ နင့်ဆီဖုန်းခေါ်ရင် ၈ ကျပ် ပြား၂၀ တန်တစ်ကဒ်ကို မိနစ် ၃၀၀ ကျော်ရတယ်.... ဟီး...

K

မောင်သီဟ said...

ပျောက်နေပါတယ်လို့
နေ့ဘက်အွန်လိုင်းမထိုင်ဖြစ်လို့လွဲနေတာနေမှာ တွက်နေတာ
ခရီးသွားနေတာကိုးဗျာ့
း) သတိရနေပါတယ်ဗျာ