Tuesday 13 April 2010

ကျွန်မ နဲ့ သင်္ကြန်

                               သင်္ကြန်လား ... ငယ်ငယ်တုန်းကတော့ ပျော်ခဲ့ဖူးတယ် ထင်တာပဲ ... ဟိုအိမ် ၊ဒီအိမ် မုန့်တွေ လုပ်ကြတော့ မုန့်လာဝေလို့ မုန့်စားရတာတို့ .. အ၀တ်အစားအသစ်တွေ ၀တ်ရတာတို့ .. ရေပက်ရတာတို့ ကို ပျော်ခဲ့ဖူးတယ် ထင်ပါတယ် ... 

                               အဲလိုနဲ့ နဲနဲ အရွယ်ရောက်လာတော့လဲ ရှစ်တန်းနှစ် နွေကျောင်းပိတ်တုန်းက အဲဒီ အချိန် တစ်နိုင်ငံလုံး မန္တလေးသင်္ကြန် အစည်ဆုံး ဆိုလို့ အိမ်က လူကြီးတွေနဲ့ သွားလည်ဖူးတယ် ... တည်းတဲ့အိမ်က ကားနဲ့ သင်္ကြန် ရေပက်ခံ ထွက်လိုက်တာ .. ကျုံးဘေးမှာ မီးသတ်ပိုက်နဲ့ ထိုးပက်လို့ ရေမွန်းပြီး သတိလစ်သွားခဲ့ဖူးတယ် ... မကြိုက်တော့ပြန်ဘူး ... သင်္ကြန်လည်ရတဲ့ အရသာကို ... 

                             တော်တော်ကြာကြာ ဒီတိုင်းပဲ ဖြတ်သန်းလာခဲ့တာ ... အမှတ်မရှိ ရန်ကုန်မှာ ပဲ သင်္ကြန် တအားစည်တဲ့ ကာလကို ကြုံပြန်တော့ သူငယ်ချင်းတွေ စုပြီး ရေပက်ခံထွက်လိုက်ကြတာ .. ကားပေါ်ပါတဲ့ ယောက်ကျားလေးတွေ ဟိုဘက်ကား ဒီဘက်ကားရန်ဖြစ်မယ် တကဲကဲ လုပ်နေကြတာ သူတို့ ဆွဲရတာနဲ့ သင်္ကြန်လည်ရတဲ့ အရသာ ဘာမှန်းမသိဘူး ... 

                               ကိုယ့်အဖွဲ့တင်မဟုတ်.. သူများကားတွေလဲ ဒီလိုပဲ ..ဟိုနား၊ဒီနား ရန်ပွဲနဲ့ပဲ တွေ့နေရတယ် ..  အဲလိုနဲ့ သင်္ကြန်လည်တာကြီးကို မကြိုက်တတ်တော့တာ ၊ပျော်ရမှန်း မသိတော့တာ နှစ်တွေ တော်တော်ကြာသွားပြီ ...  ကိုယ်နဲ့ မဆိုင်သလိုနေလာခဲ့တာ... သင်္ကြန်ဆို စာအုပ်ကလေးဖတ်ပြီး ငြိမ့်ရတဲ့ အရသာ ပိုကြိုက်လာခဲ့တယ် ... 

                              သူများတွေ အော်ကြ ၊ ဟစ်ကြ ၊ ပျော်ကြတာ ကြည့်တော့လဲ ပျော်စရာပါ ... ကိုယ်တိုင်ပဲ မပျော်တတ်တာ ... 

                             ဒီကသူတွေလဲ သင်္ကြန်ကို ပိုပျော်တတ်ကြတယ်ထင်တယ် ... သူများတွေ သင်္ကြန်မကျခင် အစောကြီးထဲက ရေပက်ကြပြီး သူများနှစ်ဆန်းတစ်ရက် ပြီးလို့လဲ မပြီးကြသေးဘူး .. ပက်နေကြတုန်း .. သူတို့တွေက ပေါင်ဒါနဲ့ ရေတွေ ဖျော်ပြီး ပက်ကြတယ် .. အင်္ကျီတွေခြောက်သွားရင် ပေါင်ဒါတွေ ဖွေးကျန်ခဲ့တာ ..သူတို့က သင်္ကြန်အတွက် သင်္ကြန်အင်္ကျီတွေ ထုတ်တယ် ... ၀ယ်ဝတ်ကြပြီး တစ်နှစ်သုံးဆိုတော့ အကောင်းသား .. ကျွန်မတို့ဆီမှာ လိုဆို စပန့်အင်္ကျီတွေ လိုမျိုး ကြောင်ကြောင်ကြားကြားတွေပေါ့ ... 

                            မနှစ်ကတော့ သင်္ကြန်တွင်း အပေါင်းအသင်းတွေ ခေါ်ပြီး မုန့်လုံးရေပေါ် လုံးစားကြတယ် .. လုံးနေရင်းက ရေပဲ ထပက်ချင်တဲ့သူက များနေတာနဲ့ တစ်ယောက်တည်း လုံးရတာပျင်းလာတာနဲ့ အလယ်က ထန်းလျက်တွေ မထည့်တော့ပဲ အလုံးသေးသေးလေးတွေ ရေထဲ ပစ်ချပြီး ဆယ်ထား ၊ ထန်းလျက်ရေတွေကြိုပစ်လိုက်ပြီး ထည့်စားလိုက်တာ ... မုန့်လုံးရေပေါ်ကနေ မုန့်ကြာစိ ဘ၀ပြောင်းသွားခဲ့ဖူးတယ် ... 

                                ဒီနှစ်တော့ ဘာလုပ်ချင်လဲဆို ရန်ကုန်မှာတုန်းက ပူလွန်းလို့ ခဏခဏ မှာသောက်ဖြစ်တဲ့ Orange Juice ကို အဆီ ပုလင်းဝယ် ... သကြားနဲ့ သံပုရာသီး ခပ်ချဉ်ချဉ်လေး ထည့်ပြီး ရေဖျော် ၊ ရေခဲထည့်ပြီး ရှေ့က ဖြတ်သွားတဲ့သူတွေကို သောက်ချင်သူတိုက် .. အဲလိုလုပ်ချင်စိတ်ရှိတယ် ... သူများလဲ ရင်ပူသက်သာ ၊ကိုယ်လဲ သက်သာ စိတ်ကူးထားတာပြောတာ.. စိတ်အား လူအားခဲ့ရင်ပေါ့ ... ဘယ်နေ့လို့ မသိသေးဘူး ...
                         

                               ဒီနေ့တော့ ဟုတ်မဟုတ်မသိဘူး ... ဒီမှာတော့ ဓလေ့လို ဖြစ်နေတော့ လူတိုင်းလဲ လုပ်ကြတော့ ကိုယ်လဲ ဘာရယ်မဟုတ်... သင်္ကြန်ကြိုတယ်တဲ့ ... ငယ်ငယ်တုန်းက အိမ်မှာ လုပ်ကြလား ..မမှတ်မိဘူး ... ထီး၊ ယပ်၊ တံခွန် ၊ကုက္ကား နဲ့ ခုနစ်ရက်သားသမီး ဂြိုလ်ပြေ ၊ နံပြေ ဆိုလားပဲ ... ခုနစ်နေ့ နဲ့ဆိုင်တဲ့ အရွက်တွေရော ... အစုံထည့်ပြီး သကြားမင်းကို ကြိုထားတယ် ... ရေ ၊ ဆီမီး ၊ ဖယောင်းတိုင် ၊ အမွှေးတိုင်လဲ ထွန်းကြတယ် ... ထေရ၀ါဒမှာ အဲဒါတွေ မပါတော့  ဟုတ်၊ မဟုတ်မသိပေမဲ့ နှစ်တိုင်း ဒီရောက် ကတည်းက လုပ်လို့ လုပ်လိုက်တယ် ... ဒါပေမဲ့ ကိုယ်အဲလိုလုပ်လို့ ခုနစ်ရက် သားသမီး ဘေးရန်တွေ ကင်းပြီး စိတ်ချမ်းသာ ပျော်ရွှင်ကြမယ် သေချာရင် နောက်နှစ် တွေလဲ လုပ်ဖြစ်အုံးမလားပဲ ...

6 comments:

Anonymous said...

ချစ်သူငယ်ချင်း
နှစ်သစ်မှာ ကောင်းတာတွေ အားလုံးဖြစ်ပါစေ။ စိတ်ပျော်ရွှင်ချမ်းမြေ့ခြင်း၊ကိုယ်ကျန်းမာခြင်းတွေ အားလုံးနင့်အတွက်ဖြစ်ပါစေ။
K

Anonymous said...

သင်္ကြန်မှာပျော်ရွှင်ပါစေဗျာ ...
မုန့်လုံးရေပေါ်တော့ စားချင်သေးတယ်ဗျ ...
မုန့်ကြာစိတော့ မစားချင်ဘူးနော် ...

ညလင်းအိမ်

မြတ်မွန် said...

ရေလာလောင်းတယ်..အတာရေလေးကို သပြေခက်လေးနဲ့ ညင်ညင်သာသာလေးပဲ လောင်းပါတယ် လင်းရေ..

သူရိန်မင်း said...

နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

လင်းကြယ်ဖြူ said...

နှစ်သစ်နဲ့ အတူအေးမြသာယာရှိပါစေ ဘော်ဒါရေ...

*.*.*

~ဏီလင်းညို~ said...

လင်းရေ...
လောင်းသွားတယ်ဟ.......။ ဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးး
ခင်မင်တဲ့
ဏီလင်းညို